သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီး သေနတ် ဒဏ်ရာနဲ့ သေဆုံးကြောင်း ဆရာဝန် အတည်ပြု


အလွတ် သတင်းထောက် ကိုပါကြီး အလောင်း ပြန်လည် တူးဖော်စဉ်။ (သတင်းဓာတ်ပုံ- Credit to ကိုကိုအောင်)
အလွတ် သတင်းထောက် ကိုပါကြီး အလောင်း ပြန်လည် တူးဖော်စဉ်။ (သတင်းဓာတ်ပုံ- Credit to ကိုကိုအောင်)

စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ သတင်း ထုတ်ပြန်ထားတဲ့ သတင်းထောက် ကိုပါကြီး အလောင်းမှာ သေနတ်ဒဏ်ရာ ၅ချက်တွေရှိတယ်လို့ အလောင်းကို ခွဲစိတ် စစ်ဆေးတဲ့ ပြည်နယ်ဆရာဝန်ကြီးက အတည်ပြုကြောင်း မိသားစုက ဆိုပါတယ်။ ဒီအဖြေကိုတော့ မိသားစုကကျေနပ်လောက်စရာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အလောင်းကို ရန်ကုန်ကို သယ်ဆောင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ကျောင်းအမည် ဘွဲ့အမည် မပြောတဲ့ သင်္ကန်း ဝတ်ဆင်ထားသူ သံဃာတော်တချို့က အလောင်းကို မသယ်ဆောင်ဖို့ လာရောက် တားဆီးခြိမ်းခြောက်မူတွေ လုပ်ခဲ့ကြောင်း ကိုလည်း မိသားစုကဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားရကြောင်း သတင်း ထုတ်ပြန်ထားတဲ့ အလွတ် သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင်ရဲ့အလောင်း ကို မော်လမြိုင်ဆေးရုံမှာ ဒီနေ့ မနက်ပိုင်းကစပြီး ရင်ခွဲစမ်းသပ်မူတွေ လုပ်ခဲ့ရာ မှာ သေနတ်ဒဏ်ရာ ၅ချက်တွေ့ရတယ်လို့ ပြည်နယ်ဆရာဝန်ကြီးက အတည်ပြုခဲ့ကြောင်း မိသားစုက ဆိုပါတယ်။

"ပြည်နယ် ဆရာဝန်ကြီးက သေနတ်ဒဏ်ရာ ငါးချက်တွေ့တယ်လို့ပြောတယ်။ တခုကတော့ မေးစေ့ကနေ ကပ်ပစ်တဲ့ ဒဏ်ရာ၊ အဝေးကနေ ပစ်တဲ့ သေနတ် ဒဏ်ရာမဟုတ်ဘူးပေါ့။ မေးစေ့ကနေ ကပ်ပစ်တဲ့ သေနတ် ဒဏ်ရာလို့ပြောတယ်။ ဒါကြောင့် မျက်နှာ တခြမ်းနိမ့်သွားတယ်လို့ပြောတယ်။ နောက်တခါ ရင်ဘတ်မှာ နှစ်ချက်၊ ပေါင်မှာ တချက်၊ ခြေထောက်မှာ တချက် လို့ပြောတယ်။ ခြေဆစ်မှာ တချက်လို့ပြောတယ်။ မနေ့က မနက်က ကျမတို့ ကြည့်တုန်းက ကျောကုန်းမှာ ဘာဒဏ်ရာမှ မတွေ့ဘူး။ ကျောကုန်းမှာ ဘာဒဏ်ရာမှ မတွေ့ဘူးလို့ပြောတော့ သူဘာမှ မပြောဘူး။ ကျမတို့လည်း အကုန်အသံဖမ်းထားတယ်။ နောက်တခါ မေးစေ့ကွဲသွားတဲ့ ကိစ္စက မေးစေ့က နေ အနီးကပ် ပစ်လို့ မျက်နှာတခြမ်းစုတ်သွားတာလို့ပြောတယ်။ မနေ့က ကျမတို့ ကြည့်တုန်းက မနက်ကအထိ သွားကြည့်တုန်းက ဒီအရေပြားတွေပေါ့နော်။ ခေါင်းခွံတွေ နိမ့်ဆင်းနေတာ အခုဘာဖြစ်လို့ ဒီလိုဖြစ်သလဲဆိုတော့ ကြည့်ကောင်းအောင် ချုပ်ထားတာလို့ပြောတယ်။ ကျမတို့ စာရွက်နဲ့ တရားဝင် မပေးဘူး။ သူတို့ က ပါးစပ်နဲ့ပြောတာကို ကျမတို့ အကုန်လုံးသူတွေက ဗွီဒီယိုတွေ အသံတွေ ဖမ်းထားတယ်။ ကျန်တာ တိတိကျကျကို သူတို့ တရားရုံးမှာ ထွက်မယ်လို့ပြောပါတယ်။ တခြားဒဏ်ရာတွေကိုတော့။"

နိုဝင်ဘာလ ၅ရက်နေ့က အလောင်းကို တူးဖော်ရာမှာ နှိပ်စက် ညှင်းပမ်းတဲ့ လက္ခဏာများ တွေ့ရတယ်လို့ သံသယဖြစ်တဲ့ သုံးသပ်မူတွေ ထွက်ပေါ် အပြီးမှာ သေနတ် ဒဏ်ရာ ၅ချက်ကြောင့် သေဆုံးရခြင်းဖြစ်တယ်ဆိုတဲ့ လတ်တလော အတည်ပြုချက်ကိုတော့ မိသားစုအနေနဲ့ ကျေနပ်လောက်စရာ မရှိသေးဘူး လို့ ဇနီးဖြစ်သူမသန္တာက ဆိုပါတယ်။

"ကျမကတော့ ကျေနပ်လောက်စရာတော့ မဖြစ်ဘူး။ ကျေနပ်လောက်စရာမရှိဘူး ဆိုတာက ကျမရဲ့ မျက်စိအမြင် အရလောက်တောင်မှ ခေါင်းဆိုရင် ဦးခေါင်းခွံက ပွင့်ထွက်သွားတာမဟုတ်ပဲ ကြေ နေတာပေါ့နော်။ ကျောကုန်းမှာ အပေါက်မရှိဘူး။ ဒါပေမဲ့ ဒါက သေနတ်ဒဏ်ရာလို့ပြောတယ် ဆိုတာမျိုးပေါ့နော်။ အဲ့တာမျိုးက ကျမအတွက်က ကျောကုန်းက ဒဏ်ရာကို မနက်က ကိုးနာရီခွဲအထိ ကျမကြည့်တယ်။ ကျောကုန်းမှာ ဒဏ်ရာ ဘာအပေါက်မှ မရှိဘူး။ အဲ့တာ ရင်ဘတ်မှာ အပေါက်နှစ်ပေါက်ရှိတယ်။ ဒါကို သူက ကျည်ဆန်ဒဏ်ရာလို့ပြောတယ်။ ဒီအပေါ်မှာ ကျမက မကျေနပ်ဘူး။ ကျေနပ်လောက်စရာ မရှိဘူး။"

အလောင်းကို တူးဖော်လာပြိးတဲ့နောက် မော်လြမိုင်ဆေးရုံက ဆရာဝန်တွေနဲ့ ရဲတွေကတော့ အလောင်းကို ရန်ကုန်ကို မသယ်ဆောင်ဖို့ ပြောဆိုခဲ့ပေမဲ့ ဇနီးဖြစ်သူ ကတော့ အလောင်းကို ရန်ကုန်သယ်ဆောင်ဖို့အတွက် အမူဖွင့်ကတည်း ကတောင်းဆို ထားတာဖြစ်တယ်လို့ဆိုပါတယ်။

နိုဝင်ဘာလ ၅ရက်နေ့ ညပိုင်းမှာတော့ အလောင်းသယ်ဖို့ ခွင့်မပြုနိုင်ကြောင်း ကျောင်းအမည် ဘွဲ့အမည် မပြောတဲ့ သံဃာ ၈ပါးရဲ့ ခြိမ်းခြောက်မူကိုကြုံရတယ်လို့ ဆိုပါတယ်။

" ညကျတော့မှ သံဃာတော် ၈ပါးလောက်က လာတယ်။ ဓလေ့ထုံးတမ်းတွေအရ ရွာ နာမယ်။ လုံးဝ ပေးမသယ်ဘူး။ ဒီမှာပဲ သဂြိုလ်ရမယ်။ ထူးခြားတာ တခုက ဘာပြောလဲဆိုတော့ ဒီမှာ ရခိုင်လို အရေးအခင်းမျိုး နင်တို့ဖြစ်သွားချင်သလား လို့ ပြောတယ်။ အန်တီနော် (ဒေါ်နော်အုန်းလှ) က ပြောလိုက်တယ်။ ရခိုင်လိုအရေးအခင်းမျိုးဖြစ်သွားချင်သလားဆိုတာ တပည့်တော်တို့ကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောလိုက်တယ်။ ကိုပါကြီးကလည်း ဗုဒ္ဓဘာသာ၊ သူ့ဇနီးကလည်း ဗုဒ္ဓဘာသာ ဘာမှ ရခိုင်လို အရေးအခင်းဖြဖစ်စရာ မရှိဘူးလို့ပြောလိုက်တယ်။ ပြီးလည်း ပြီးရော အစ္စလာမ်ဘာသာဝင်တွေ ဝိုင်းလာတယ်။ ဝိုင်းလာတော့ ကျမတို့ ကားဘေးနားမှာ အများကြီး ကျမတို့ကို ကြည့်နေတဲ့အခါကျတော့ ကျမတို့ ထွက် ထွက် ထွက်ဆိုပြီး လုံခြုံရေး အားလုံးပေါ့နော်။ ကူညီကြတဲ့သူတွေ အားလုံး ၈၈က မမီးမီးတို့ မနီလာသိန်းတို့ ကျမတို့ မွန်အမျိုးသားပါတီရုံးကို လာပို့ထားတယ်။"

မိသားစုအနေနဲ့အလောင်းကိုပြန်သယ်ဆောင်မယ့် ကိစ္စနဲ့ပတ်သက်လို့ ရဲကို တာဝန်ယူပေးဖို့ တောင်းဆိုထားပေမဲ့ အထက်ကို တင်ပြပေးမယ်လို့သာ အကြာင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ညက လာရောက်ခြိမ်းခြောက်ခဲ့တဲ့ သံဃာတွေဟာ မွန် ဘာသာ စကားမတတ်တဲ့ သံဃာတွေဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဒီလို ဘာသာရေး ထုံးထမ်းဓလေ့အရ ရွာနာတယ်။ အလောင်းသယ်ဆောင်ခွင့် မပြုဘူးဆိုတဲ့ ခြိမ်းခြောက်မူတွေနဲ့ ပတ်သက်လို့ မွန်အမျိုးသားပါတီ ကခေါင်းဆောင်တွေ နဲ့ နော်အုန်းလှတို့ဟာ မော်လမြိုင်မြိုမှာ အမူဖွင့်တိုင်ကြားဖို့ ရဲစခန်းကိုသွားရောက်နေတယ်လို့ဆိုပါတယ်။

မိသားစုကတော့ ကိုပါကြီးရဲ့ အလောင်းကို ရင်ခွဲ စစ်ဆေးပြီး ဖြစ်တာကြောင့် မနက်ဖန်မှာ ရန်ကုန်ကို သယ်ဆောင်တော့မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG