သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ဆွေးနွေးဖို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ရွှေလီကို ထွက်ခွာ


KIO နဲ့ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ရွှေလီကို ထွက်ခွာ (အောက်တိုဘာ ၂၈၊ ၂၀၁၂)
KIO နဲ့ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ရွှေလီကို ထွက်ခွာ (အောက်တိုဘာ ၂၈၊ ၂၀၁၂)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ မနက်ဖြန်ကျရင် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဦးအောင်မင်းခေါင်းဆောင် တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကြားမှာ အရင်က အလွတ်သဘော တွေ့ဆုံခဲ့ကြဖူးပေမဲ့ အခုတခါကတော့ တရားဝင် ပထမဦးဆုံး တွေ့ဆုံပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကို သတင်းယူဖို့ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီငြိမ်းကလည်း အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ လိုက်ပါသွားပါတယ်။ အခု ရွှေလီမြို့မှာ ရောက်နေတဲ့ ဦးရော်နီငြိမ်းကို ဘန်ကောက်ရုံး ကနေ မစုမြတ်မွန်ကနေ ဆက်သွယ်မေးမြန်းပြီးတော့ မနက်ဖြန်ဆွေးနွေးကြမယ့် အစီအစဉ်အကြောင်းကို မေးတော့ ဦးရော်နီငြိမ်းက အခုလိုစဖြေပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်တို့ အောက်တိုဘာ၂၉ရက်နေ့မှာ နေပြည်တော် သမ္မတရုံး ဝန်ကြီးဦးအောင်မင်း ဦးဆောင်ပြီးတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီအဖွဲ့ဝင်( ၁၃)ဦးပေါ့နော်။ ဦးအောင်မင်း အပါအဝင် နေပြည်တော်ကနေ လားရှိုးကို လေယာဉ်ပျံနဲ့ ထွက်ခွာလာပြီးတော့ အခု မူဆယ်မှာ ဒီအဖွဲ့ တည်းခိုနေကြပါတယ်။ သူတို့ဟာ မနက်ဖြန်ကျရင် ရွှေလီဘက်ကို ကူးပြီးတော့ ရွှေလီဘက်က Jin Cheng ဆိုတဲ့ ဟိုတယ်မှာ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးကြမှာပါ။ အခုကျနော်တို့ သိရှိထားသမျကတော့ ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့မှာ ဝန်ကြီးတွေအဖြစ်နဲ့ သစ်တောရေးနဲ့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးဝင်းထွန်း ပါဝင်တယ်။ နောက် မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၁)ရဲ့ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငွန်စိုင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နေပြည်တော်ရှေ့နေချုပ်ရုံးက ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ကချင်ပြည်နယ် ပြည်နယ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ ရှမ်းပြည်နယ် ပြည်နယ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ အားလုံးပေါင်း ဒီအဖွဲ့ဟာ စုစုပေါင်း ၁၃ဦး ပါဝင်ပါတယ်ခင်ဗျ။ သူတို့အားလုံးဟာ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ရှိပါတယ်။ ကျနော်တို့နဲ့ တလျောက်လုံး လေယာဉ်ပေါ်မှာရော၊ ကားနဲ့ ထွက်ခွာလာကြတဲ့ အခါမှာ တွေ့ရတာ အားလုံးက မျှော်လင့်ချက်အပြည့်နဲ့ “ဒီတခါတော့ ငြိမ်းချမ်းရေးရပြီကွ” ဆိုတဲ့ သူတို့ရဲ့ စိတ်ခံစားမှုကို လည်း ကျနော်တို့ တွေ့ရပါတယ်။

မနက်ဖြန်ကျရင် တွေ့ဆုံရမယ့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ကိုတော့ အရင်တုန်းက ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဦးဆွမ်လွတ်ဂမ်က ဦးဆောင်မယ်လို့ပြောပါတယ်ခင်ဗျာ။ ဗိုလ်မှူးချုပ်ဂွမ်မော် ပါမပါတော့ ဒီတခေါက်မှာ ကျနော်တို့ မသိရသေးပါဘူး။ သူတို့အားလုံးဟာ မိုင်ကြာယံကနေ ထွက်ခွာလာတယ် ဆိုတာပဲ သိရပါတယ်။ ဒီည ဒီမြို့စံတော်ချိန် ၈နာရီ၊ ၈နာရီခွဲလောက် မှာ ရောက်မယ်လို့ သိရပါတယ်။အဲ့ဒီ့နောက်ပိုင်းမှာမှ ကချင်အဖွဲ့က ဘယ်သူတွေပါမလဲဆိုတာ သိရမယ်လို့ ကျနော်တို့ခန့်မှန်းထားပါတယ်ခင်ဗျာ။

မေး။ ။ ဦးရော်နီ။ တကယ်တော့ ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တွေ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ အရင်တွေ့ခဲ့ဖူးပေမယ့် အခုက ပထမဆုံး တရားဝင်တွေ့တာဖြစ်တဲ့ အခါကျတော့ ဘာအကြောင်းတွေကို အဓိက ဆွေးနွေးဖို့ရှိကြတယ် ဆိုတာကိုရော ဘာသိထားရပါသလဲရှင့်။

ဖြေ။ ။ဟုတ်ပါတယ်ခင်ဗျ။ အရင် ဦးအောင်သောင်းတို့ ဦးသိန်းဇော်တို့ ပါဝင်တဲ့ဆွေးနွေးပွဲ ပျက်ပြားသွားပြီးတဲ့နောက်မှာ ဦးအောင်မင်းဟာ အလွတ်သဘော နှစ်ခေါက်သုံးခေါက်သွားပြီး အခုတခါ တရားဝင်ပေါ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ပြီးလာတယ်။ အဓိက ကတော့ ကျနော်တို့ခန့်မှန်းကြည့်တာတော့ အပစ်အခတ်ရပ်စဲရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ နှစ်ဘက်တပ်တွေ နေရာချထားမှုဟာ 'ထပ်' နေတဲ့နေရာတွေရှိတယ်။ အဲ့ဒီ့နေရာတွေကနေပြီးတော့ ဘယ်လောက်ခွာပေးရမယ်ဆိုတဲ့ ဟိုဘက်ဒီဘက်။ သူ့ဘက်ရော ကိုယ့်ဘက်ရော အဲ့ကိစ္စတွေက အဓိကဖြစ်လိမ့်မယ် လို့ ကျနော်တို့ထင်ပါတယ်။ အဲ့ဒီ့ကိစ္စမပြီးပဲနဲ့ အပစ်အခတ်ရပ်စဲရေးက ဆက်သွားလို့မရဘူး။ အပစ်အခတ်ရပ်စဲရေး ဆက်မသွားပဲနဲ့ ရှေ့ ဆက်ပြီးတော့ ဘာမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့်ဆင့်ကို တက်လို့မရဘူးဆိုတဲ့ အနေအထားမှာ ရှိနေတော့ အခုကျနော်တို့ခန့်မှန်းထားချက်အရ ကြားသိထားရသမျ နှစ်ဘက်တပ်တွေ နေရာချထားမှု 'ထပ်' နေတာတွေကို အဓိကထားပြီးဆွေးနွေးမယ်လို့ ကျနော်တို့ မျှော်မှန်းထားပါတယ်ခင်ဗျ မနက်ဖြန်မှာ။

မေး။ ။အဲ့တော့ ဒီဆွေးနွေးပွဲက ဘယ်နှစ်ရက်ကြာမယ်လို့ မျှော်မှန်းထားပါသလဲရှင့်။

ဖြေ။ ။ သုံးရက်လောက်ကြာမယ်လို့ ကျနော်တို့မျှော်လင့်ထားပါတယ်။ မနက်ကျရင်တော့ ၇ နာရီမှာ ဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့ဟာ သူတို့တည်းခိုနေတဲ့ ရွှေလီရတနာ အစိုးရတည်းခိုရိပ်သာကနေ ကျနော်တို့ထွက်ပြီး မြို့ထဲမှာလည်း ငြိမ်းချမ်းရေးရပါစေကြာင်း တိုင်းရင်းသားတွေက ဆုတောင်းကြတဲ့ အခမ်းအနားလေးတွေနဲ့ နောက် ၈နာရီမှာ ဂိတ်ကို ဖြတ်ပြီးတော့ တရုတ်နိုင်ငံ ရွှေလီမြို့ထဲကို ဝင်လာမယ်ဆိုတဲ့ အစီအစဉ်ကို သိရှိနေရပါတယ်။ ကျနော်တို့သတင်းသမားတွေက ဒီဘက်ကို ကြိုတင်ရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျ။

ကေအိုင်အိုနဲ့အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ မနက်ဖြန်တွေ့ဆုံမဲ့ပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူနေတဲ့ ဦးရော်နီငြိမ်းကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန် မေးမြန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG