သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေး အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်မှုတွေ့


မိတ္ထီလာ ဘာသာရေးအဓိကရုဏ်းအတွင်းမှာ အကြမ်းဖက်ဖျက်ဆီးမှုမြင်ကွင်းတခု။ (မတ် ၂၁၊ ၂၀၁၃)
မိတ္ထီလာ ဘာသာရေးအဓိကရုဏ်းအတွင်းမှာ အကြမ်းဖက်ဖျက်ဆီးမှုမြင်ကွင်းတခု။ (မတ် ၂၁၊ ၂၀၁၃)

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေထဲမှာ နောက်ကွယ်ကနေ မြှောက်ပေးခဲ့တာတွေရှိတယ်လို့ နိုင်ငံတကာလေ့လာမှုတခုမှာ တွေ့ရှိလိုက်ပါတယ်။ Justice Trust လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ မန္တလေးမှာ မနှစ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ရုန်းရင်းဆန်ခတ်မှုကို လေ့လာသုံးသပ်ပြီးတော့ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် Steve Herman ပေးပို့ထားတဲ့သတင်းလွှာကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

Justice Trust အဖွဲ့အနေနဲ့ မနှစ်က ဂျူလိုင်လမှာဖြစ်ခဲ့တဲ့ မန္တလေးက ဘာသာရေး၊ လူမှုရေးအကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံက ရှေ့နေတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့အတူ သုတေသနပြုခဲ့ရာကနေ အခုလို တွေ့ရှိလိုက်တာပါ။ ဒီအစီရင်ခံစာကို “မြန်မာ ဘာသာရေး၊ လူမှုရေးအကြမ်းဖက်မှု နောက်ကွယ်က လက်များ၊ မန္တလေးရုန်းရင်းဆန်ခတ်မှုကို လေ့လာချက်” လို့ ခေါင်းစဉ်ပေးထားပါတယ်။ Justice Trust အဖွဲ့ရဲ့အကြီးအကဲ ရော်ဂျာနော်မန်က ဖြစ်ပျက်ခဲ့တဲ့ ဘာသာရေး၊ လူမှုရေး အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းလာလို့ ၊ ဖိနှိပ်မှုတွေဖွင့်ပေးလိုက်လို့၊ အောင်းနေတဲ့ ဘာသာရေးတင်းမာမှု တွေကြောင့် ဖြစ်တာလို့ အများက ထင်ထားတယ်၊ ဒါပေမယ့် အဓိက နောက်ကွယ်ကတချက်ကိုတော့ မေ့နေကြတယ်၊ အဲဒါက နောက်ကွယ်က မြှောက်ပေးတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ဒီလိုဂိုဏ်းတွေ၊ သွေးထိုးလှုံ့ဆော်တဲ့သူတွေသာ မရှိခဲ့ရင် ဒီလို ရုန်းရင်းဆန်ခတ်မှုတွေလည်း ရှိခဲ့မှာ မဟုတ်ပါဘူး။ သေချာတာကတော့ ရခိုင်ကနေ မိတ္ထီလာ၊ နောက် လားရှိုး၊ မန္တလေး- စတဲ့ ဖြစ်ခဲ့တဲ့ ပြင်းထန်လွန်းတဲ့အကြမ်းဖက်မှုတွေအဆင့်အထိလည်း ရောက်လာမှာ မဟုတ်ပါဘူး။”

Justice Trust အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ နော်မန်ကပဲ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာသာရေးအခြိမ်းခြောက်ခံနေရတယ်လို့ မြင်လာတာကလည်း သူ့ဟာသူ ဖြစ်လာတာမဟုတ်ဘဲ ၉၆၉ လို့ခေါ်တဲ့ အစွန်းရောက်တဖွဲ့က လှုံ့ဆော်လိုက်တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ဗုဒ္ဓဘာသာဟာ အခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေကြရပါတယ်။ အဓိက ဘာကြောင့်ဖြစ်ရတာလဲဆိုတော့လည်း ၉၆၉ လှုပ်ရှားမှုနဲ့ ဒီအဖွဲ့က သတင်းမီဒီယာမှာ လိုသလို ပုံဖော်နေတဲ့အတွက်ကြောင့်ပါ။ နောက်တခုကတော့ အနောက်နိုင်ငံတွေဘက်မှာ မြင်နေတဲ့ အမြင်ကျပြန်တော့လည်း ဗုဒ္ဓဘာသာ သံဃာတော်တွေဟာ အစွန်းရောက်သူတွေ၊ မွတ်ဆလင်မုန်းတဲ့ဘုန်းကြီးတွေလို ဖြစ်နေပါတယ်။ တကယ်တော့ အခုလို အစွန်းရောက်တဲ့ဘုန်းကြီးတွေက လူနည်းစုဖြစ်ပါတယ်။”

Justice Trust အဖွဲ့ရဲ့လေ့လာမှုထဲမှာပဲ သုတေသနတွေကို သူတို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ထားပြီး မန္တလေးက ဘာသာရေးအဓိကရုဏ်းမှာဆိုရင် ရုတ်တရက် သူ့အလိုလိုထဖြစ်တယ်လို့ အပေါ်ယံ မြင်နိုင်ပေမယ့် လက်နက်တွေပါတဲ့ဂိုဏ်းတခုက မြှောက်ပေးခဲ့တာလို့ သုတေသန တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြှောက်ပေးတဲ့သူတွေဟာ မန္တလေးကလူတွေမဟုတ်ဘဲ အဝေးတနေရာကနေ ရောက်လာတာလို့ ဒီလေ့လာချက်မှာ ဆက်ပြီး ထောက်ပြခဲ့ပါတယ်။ Justice Trust အဖွဲ့ရဲ့ဒါရိုက်တာ နော်မန်က ဒီပြဿနာမှာ တာဝန်ရှိသူတွေက နှိမ်နင်းဖို့ အမိန့်မပေးခဲ့တာက အဓိကပြဿနာပဲလို့ အခုလို ထောက်ပြပါတယ်။

“ရဲတွေအနေနဲ့ကတော့ သူတို့အပြောအရ မတည်မငြိမ်ဖြစ်လာပြီဆိုရင် အမိန့်ရတာနဲ့ နှိမ်နင်းဖို့ ဝန်မလေးတတ်ပါဘူး။ ဒါပေမယ့် ဒီလို အရပ်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးတွေ သူတို့မျက်စေ့ရှေ့မြင်ပေမယ့် သူတို့မနှိမ်နင်းခဲ့တာကတော့ အမိန့်ပေးမထားလို့ဆိုတာ သိသာပါတယ်။ ဒါကြောင့် မေးစရာဖြစ်လာတာကတော့ ဘာကြောင့် အမိန့်မပေးခဲ့သလဲဆိုတာပါပဲ။”

ဒါပေမယ့် Justice Trust အဖွဲ့ရဲ့လေ့လာချက်ထဲမှာပဲ မန္တလေးမှာဖြစ်ခဲ့တာနဲ့ အရင် ရခိုင်၊ မိတ္ထီလာ၊ လားရှိုးတို့မှာဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမှုရေး အကြမ်းဖက်မှုတွေနဲ့ ကွာတာရှိခဲ့တယ်၊ အဲဒါက မန္တလေးမြို့မှာက ဒေသခံပြည်သူတွေက ရုန်းရင်းဆန်ခတ်မှုတွေကို ကန့်ကွက်ခဲ့ကြတယ်။ လှုံ့ဆော်တာကိုလည်း လိုက်မလုပ်ဘဲ နေခဲ့ကြတယ်၊ ဒါ့ကြောင့် မြို့ပြင်ကလာပြီး လှုံ့ဆော်သူတွေဟာ ဘွားဘွားကြီး ပေါ်သွားခဲ့တာပါ-လို့ ထောက်ပြခဲ့ပါတယ်။

XS
SM
MD
LG