သုံးရလွယ်ကူစေသည့် Link များ

ဗုံးခိုကျင်းပြို ဒုက္ခသည် ကလေး ၃ ဦးသေ


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းက မိုင်ဂျာယန် ဒုက္ခသည်စခန်းမှာ လုံခြုံရေးအတွက် ဗုံးခိုကျင်း တူးဖော် နေစဉ် တွင်းပြိုကျတာကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရစစ်တပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ဒီလို ဗုံးခိုကျင်းတွေ တူးဖော်နေကြ တာလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အတွင်းမှာ ရထားမိုင်းခွဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ စစ်လေယာဉ် တွေ သုံးတိုက်ခိုက်တာတွေရှိပြီး စစ်ရေးအရှိန်မြင့်လာနေတဲ့တချိန်တည်းမှာတော့ KIO ထိန်းချုပ်ရာ ဒေသမှာ ခိုလှုံရောက်ရှိနေတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ လုံခြုံရေး အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်လာနေကြရပါတယ်။

အထူးသဖြင့်တော့ ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်က KIO ဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူ၃ယောက်သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ် လာပြီးတဲ့နောက်မှာ KIA တပ်မဟာ ၃ နယ်မြေ မိုင်ဂျာယန်ဒေသက ဒုက္ခသည်စခန်းတွေ မှာလည်း လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ တူးဖော် လာကြပါတယ်။ မနေ့ကတော့ ဗုံးခိုကျင်း တူးဖော်နေဆဲမှာ တွင်းပြိုကျခဲ့တာကြောင့် ကလေးငယ် ၃ ယောက်သေဆုံးခဲ့တယ်လို့ မိုင်ဂျာယန်က ဒုက္ခသည်တွေကို ကူညီနေတဲ့ ဝမ်ပေါင်နိမ်းထွဲခေါ် ဘဝအလင်းကူညီရေးအဖွဲ့က မမေလီအောင်က ပြောပါတယ်။

“ဒုက္ခသည်တွေ အခြေအနေက တရုတ်ဖက်ကလည်း အစတည်းက မောင်းထုတ်ထားတာ ရှိတော့ ဟိုဖက်ကမ်း မကူးနိုင်ဘူးလေ။ လက်မခံတဲ့ဟာမျိုးဆိုတော့။ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါးဖြစ်နေလည်း ဒုက္ခသည်တွေက ကိုယ့်စခန်းမှာ ဒီတိုင်းပဲရှိနေတယ်။ တချို့က လေယာဉ်လာတိုက်တယ်ဆိုတော့ ကတုတ်ကျင်းတွေ တူးတာပေါ့။ မိုင်ဂျာယန် ဒီဘက်နားမှာရှိတဲ့ စခန်းတွေမှာလည်း ကတုတ်ကျင်းတူးတယ်။ တူးတော့ မနေ့က ကတုတ်ကျင်း တူးရာကနေ မြေပြိုပြီးတော့ ကလေး ၃ ယောက်သေသွားတယ်။ ဒီနေ့ အသုဘ ချပြီးသွားပြီ။”

သေဆုံးသွားတဲ့ကလေးတွေဟာ အသက် ၁၀ နှစ်နဲ့ ၁၃ နှစ် ကြားအရွယ်တွေ ဖြစ်ကြောင်းနဲ့ ဖြစ်ပျက်ပုံကို သူက အခုလို ဆက်ပြောပါတယ်။

“ကတုတ်ကျင်းက တူးနေရင်းတန်းလန်း၊ သစ်တုံးတွေလည်း ဘာတွေလည်း မခုရသေးဘူးလေ။ အဲလိုလည်း မလုပ်ရသေးတဲ့အချိန်မှာ ကလေး ၄ ယောက်လောက်က သွားဆော့တာ။ တူးဆော့တာ။ လူကြီးတွေ ထမင်းစား နေတုန်း ကလေးတွေက ကျင်းထဲ ဝင်သွားလိုက်တာ။ အဲဒါနဲ့ ပြိုကျပြီးတော့ တယောက်က လွတ်သွားတယ်။ ၃ ယောက်က အဲဒီမှာပဲ ပွဲချင်းပြီး သေသွားတယ်။ မိုင်ဂျာယန်မှာက အစတုန်းက မတူးပါဘူး။ လိုင်ဇာမှာက ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်တုန်းက အရပ်သားတွေ ထိတယ်လေ။ ၃ ယောက်ထိတဲ့ကိစ္စလေ။ အဲဒါဖြစ်ပြီးတော့ မဖြစ်တော့ဘူး ဆိုပြီးတော့ မိုင်ဂျာယန်ဘက်က စခန်းတွေလည်း တူးကြတာ။”

မိုင်ဂျာယန်ဒေသဘက်မှာ မနေ့ညကအထိတိုက် ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အရင် ၃ ရက်လောက်ကတော့ လေယာဉ်သုံးပြီး တိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောပါတယ်။
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဘက်မှာလည်း ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေပြန်လည် ဖြစ်ပွား နေကြောင်းနဲ့ လက်ရှိအခြေအနေကိုတော့ ဖားကန့်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဖားကန့်အခြေအနေကတော့ မှော်ထဲဘက်တွေတော့ လက်နက်ငယ်သံတွေကြားရတယ်။ ဒီနေ့ပါဆိုရင် ပြောမယ်ဆိုရင် ၃ ရက်လို့ ပြောရမှာပေါ့။ ပြောက်ကျားပြောက်ကျားလေးတွေပါ။ နာရီဝက်ခြားလိုက် တနာရီခြားလိုက် အဲလိုတွေပါ။ ဒါပေမဲ့ တဖက်နဲ့ တဖက် အသေအပျောက် သတင်းတော့ မရပါဘူး။ မနေ့တုန်းက ကျောင်းပိတ်တယ်လေ။ မနေ့တုန်းက ပိတ်ရတဲ့ အကြောင်းရင်းက ဗျူဟာကုန်းနဲ့ ဖားကန့် အထက်တန်းကျောင်းနဲ့က နီးတယ်လေ။ ဗျူဟာကုန်းက သေနတ်သံက မကြားတာက ကြာနေပြီလေ။ လေးချက်။ ၅ ချက်လောက် ကြားတဲ့အတွက် ကျောင်းသားတွေနဲ့ နီးလို့ ကျောင်းဆရာ၊ ဆရာမတွေက ပိတ်ပေးတာပါ။ မနေ့က တရက်ပဲ ပိတ်ပါတယ်။ ဒီနေ့ ပုံမှန် အနေအထားပြန်ဖွင့်ပါတယ်။”

ဖားကန့်နဲ့ မိုးကောင်းကားလမ်းကတော့ ပိတ်ထားတာ ၈ ရက်လောက်ရှိနေပြီး အနီးပတ်ဝန်းကျင်က မှော်တွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဖားကန့်နဲ့လုံးခင်းကို တိမ်းရှောင်လာသူ အနည်းဆုံး ၅၀၀ ကျော်လောက် ရှိနေတယ်လို့ ပြောပါတယ်။
KIO ဌာနချုပ် လိုင်ဇာဒေသဘက်က အခြေအနေကိုတော့ ကျောင်းသားတပ်မတော်က ဗိုလ်မှူးမင်းဌေးက အခုလို ပြောပါတယ်။

“လေယာဉ်နဲ့ကိုတောက်လျှောက်ပစ်နေတယ်။ အခု ၄ နာရီကျော်တဲ့အထိ တောက်လျှောက် မရပ်မနား ပစ်နေ တယ်။ တောက်လျှောက်ပဲ လေယာဉ် ၂ စီးလာလိုက် ပစ်လိုက်။ နောက်ထပ် ၂ စီးက ကျည်သွား ပြန်ဖြည့်လိုက် တောက်လျှောက်ပစ်နေတယ်။ ခါရာတောင်။ ခါရာဘွမ်လို့ ခေါ်တယ်။ လေယာဉ်နဲ့ လာပစ်တာနေ့တိုင်းနီးနီးပါပဲ။ အောက်ကနေ မြေပြင်က တက်ပြီဆိုတာနဲ့ လေကြောင်းက အမြဲတမ်းပါပါတယ်။ မနေ့ကလည်း လာတယ်။”
ဒီကနေ့ မနက်အစောပိုင်းကလည်း လိုင်ဇာမြို့ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အသံတွေ ကြားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က လိုင်ဇာမြို့အတွင်းကို အစိုးရတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျခဲ့တာကြောင့် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူက ပြော ဆိုပြီး မြန်မာအစိုးရရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဒါဟာမမှန်ကြောင်း Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကတဆင့် တုံ့ပြန်ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ အစိုးရပိုင်သတင်းစာတွေမှာ KIA က အရပ်သားတွေကို ဖမ်းဆီးတာ၊ ပစ်ခတ်တာအပြင် မြစ်ကြီးနား- မန္တလေး မီးရထားဗုံးခွဲတိုက်ခိုက်တာ၊ လမ်း တံတားတွေ ဖောက် ခွဲဖျက်ဆီးတာနဲ့ မိုင်းထောင်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ရကြောင်း သတင်းတွေကို ဖော်ပြနေပါတယ်။

တရုတ်၊ အမေရိကန်နဲ့ နိုင်ငံကြီးတွေ အပါအဝင် ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှု အရှိန် လျှော့ချဖို့အတွက် တိုက်တွန်းခဲ့ပေမဲ့ ဒီကနေ့ထိတော့ တိုက်ပွဲတွေ ဟာ ပြင်းထန်နေပြီး KIA နဲ့ အစိုးရတပ် အကြား တစ်နှစ်ခွဲကျော် ကြာမြင့်လာတဲ့စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည်ပေါင်းဟာလည်း တသိန်းခွဲလောက်အထိ တိုးမြင့် လာနေပါတယ်။
XS
SM
MD
LG