သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဌာနချုပ် အနီးအထိ မြန်မာစစ်တပ် ထိုးစစ်ဆင်


ကချင်လွတ်မြောက်ရေးတပ်မတော် KIO
ကချင်လွတ်မြောက်ရေးတပ်မတော် KIO
လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဌာနချုပ်နဲ့ အနီးဆုံးနေရာအထိကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဌာနချုပ်အနီးနားအထိ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ပါ ပထမဆုံးအကြိမ် အပြင်းထန်ဆုံး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အခုအကြိမ်ကတော့ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်ကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ပြောခွင့်ရ ဦးလာနန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဌာနချုပ်မှာ ရှိနေတဲ့ ဦးလာနန်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

အခုကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကတော့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်ကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်တယ် လို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ပြောခွင့်ရဦးလာနန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ တင် မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ်တွေပေါ်က တရစပ်ပစ်ခတ်မှုဟာ အကြိမ် ၆ကြိမ်နဲ့ မြန်မာစစ်ကြောင်းတွေဘက်က လက်နက်ကြီးတွေနဲ့ ကချင်ဗဟိုဌာနချုပ်ကို ပစ်မှတ်ထား ပစ်ခတ်မှုဟာ အကြိမ် ၁၀၀ကျော်ရှိနေပြီလို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ ပြောခွင့်ရ ဦးလာနန်က ပြောပါတယ်။

“ဒီနေ့မနက်ငါးနာရီကျော်ကျော်ကနေပြီးတော့ ခမရ ၃၈၈ နဲ့ ၃၈၃အဖွဲ့ရယ် နောက်ပြီးတော့ ခလရ ၄၀ ပူးပေါင်းစစ်ကြောင်းတွေကနေပြီးတော့ အင်အားတစ်ရာကျော်ကနေ လိုင်ဇာနဲ့ အနီးဆုံးဖြစ်တဲ့ ဗဟိုဌာနချုပ်ရဲ့ ရှေ့ကာပြင်နဲ့ လဂျားယန် စစ်စခန်းကို ထိုးစစ်လာဆင်တာမျိုး လုပ်တယ်။ အဲ့တာ ဒီနေ့မနက် ငါးနာရီခွဲကနေပြီးတော့ ညနေခြောက်နာရီအထိပါပဲခင်ဗျ။ တစ်နေ့လုံးကို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ အစိုးရစစ်ကြောင်းကနေပြီးတော့ အထိအခိုက်တွေ တော်တော်များများဖြစ် သွားပြီးတော့ ညနေ ငါးနာရီပိုင်းမှာ တချို့ပြန်ဆုတ် သွားတာရှိတယ်။ အဲ့ကိစ္စကတော့ ဒီနေ့ တစ်နေ့လုံးပါပဲ။ အစိုးရစစ်တပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ လက်နက်ကြီးတွေက ၁၀၅ မမနဲ့ ၁၂၀ မမတို့ကို ဖုန်းပြန်ထန်းတောင်စခန်းကနေပြီးတော့ စုစုပေါင်း အကြိမ်တစ်ရာကျော် ပါလိမ့်မယ်။ သူတို့ လဂျား ဘက်ကို ပစ်ခတ်တယ်။ လိုင်ဇာမှာရှိတဲ့ ကျနော်တို့ ဗဟိုဌာနချုပ်ကို ပစ်ခတ်တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက ဗဟိုဒေသရဲ့ အနီးဆုံးနေရာမှာ အပြင်းထန်ဆုံးတိုက်ပွဲလို့ပြောလို့ရသလို ပထမဆုံးအနေနဲ့ ဗဟိုဌာနချုပ်ရဲ့ အနီးဆုံးနေရာကို ရဟတ်ယာဉ်နဲ့ သုံးကြိမ်လာပစ်ခတ်တဲ့ တိုက်ပွဲဖြစ်တယ်ခင်ဗျ။”

အခုလိုမျိုး ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကို အစိုးရစစ်ကြောင်းက ပြင်းပြင်းထန်ထန် ထိုးစစ်တွေ တရကြမ်းဆင်လာခဲ့တဲ့အတွက် ဒီဇင်ဘာလဆန်းပိုင်းမှာတင် မြန်မာစစ်တပ်နဲ့ ကချင်တပ်မတော်ကြားမှာ တိုက်ပွဲ အကြိမ်၈၀အထိဖြစ်သွားပြီဖြစ်ပါတယ်။ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်ကြောင်းတွေဘက်ကနေ လက်နက်ကြီးတွေနဲ့ ကချင်ဗဟိုဌာနချုပ်ဘက်ကို ပစ်မှတ်ထား ပစ်ခတ်နေမှုဟာ အကြိမ် ရာကျော်ရှိနေပြီလို့ အခုလက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဌာနချုပ်မှာ ရှိနေတဲ့ ဦးလာနန်က ပြောပါတယ်။

“ဒီဇင်ဘာလဆန်းကနေပြီးတော့ ကျနော်တို့ ကချင်ဒေသမှာ ထိုးစစ်ဟာ တော်တော် များများဖြစ်ပါတယ်။ ဒီနေ့အထိဆို တိုက်ပွဲပေါင်း ဒီဇင်ဘာလ အတောအတွင်းမှာ တိုက်ပွဲအကြိမ် ၈၀ကျော်သွားပြီခင်ဗျ။ ဒါကိုကြည့်ခြင်းအားဖြင့် ၁၀ရက်အတောအတွင်းမှာ အဲ့လောက်ကြီးပြင်းထန်တယ် ဆိုတော့ ဒီလအတောအတွင်းမှာ ထိုးစစ်က တော်တော်များတယ် လို့ပြောလို့ရတယ်။ ကျနော်တို့ လိုင်ဇာနဲ့အနီးဆုံးဖြစ်တဲ့ လဂျားယန်ဘက်ကို ဒီမနက် ၁၁နာရီမှာ တကြိမ်၊ ရဟတ်ယာဉ်ကနေ ဝေဟင်ကနေ ဒုံးကျည်နဲ့ ပစ်ခတ်တာတွေလုပ်တယ်။ မွန်းလွဲပိုင်းမှာရော နှစ်ခေါက် ထပ်ပြီးလာပြီးမှပဲ လာပြီး ပစ်ခတ်တာမျိုးလုပ်တယ်။ ဒါကြောင့်မို့လို့ ဒီဇင်ဘာလ အတောအတွင်းမှာပဲ ရဟတ်ယာဉ်နဲ့ လေကြောင်းအကူနဲ့ တိုက်ခိုက်တာမျိုး အကြိမ်ခြောက်ကြိမ်၊ ခုနှစ်ကြိမ်လောက် ရှိသွားပြီခင်ဗျ။”

ဒီလိုမျိုး အစိုးရစစ်တပ်နဲ့ ကချင်တပ်မတော်ကြားမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီ့ဒေသအနီးနားကျေးရွာတွေက ဒေသခံပြည်သူတွေကို တိုက်ပွဲတွေလွတ်မြောက်ရာ ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်ထားတယ် လို့ ကေအိုင်အေပြောခွင့်ရဦးလာနန်က ပြောပါတယ်။

“ပွင့်လင်းရာသီရောက်ပြီဆိုတာနဲ့ သူတို့က စစ်ဆင်ရေးလုပ်ဖို့ အစီမံ ချပြီးသားပါ။ ဒါကြောင့်မို့ ဒီနေ့ကတော့ ပန်ဝါဘက်မှာရော၊ ဆေနိုင်ဘက်မှာ သူတို့ထိုးစစ်လုပ်လာတယ်။ နောက်ပြီးတော့ လိုင်ဇာအနီးမှာလည်း ဒီနေ့မနက်ငါးနာရီခွဲကနေပြီးတော့ ထိုးစစ်လုပ်လာတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့စစ်မျက်နှာကို ဖြန့်တဲ့ပုံစံလုပ်တယ်လို့ ပြောလို့ရတယ်ခင်ဗျ။”

ဟုတ်ကဲ့ပါ။ အဲ့ဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ အခြေအနေရော ဘယ်လိုရှိပါလဲရှင့်။

"လဂျာယန်မှာရှိတဲ့ ရွာသားတွေကတော့ မနေ့တုန်းက တိုက်ပွဲတွေဖြစ်နေတော့ အားလုံး ဒုက္ခသည်စခန်းမှာ ရောက်နေကြပြီ။ အဲ့မှာ ကျေးရွာဆိုပေမယ့် ရွာမှာ ဘယ်သူမှ မရှိကြတော့ဘူးခင်ဗျ။ ဒီအတိုင်း စခန်းတွေပဲ နေရာယူထားတယ်ခင်ဗျ။”

အခုဖြစ်ပွားနေတဲ့ ကချင်နဲ့ မြန်မာစစ်တပ်ရဲ့ စစ်ပွဲဟာ ကချင်လွတ်မြောက်ရေးတပ်မတော် လိုင်ဇာမြို့မှာရှိတဲ့ ဗဟိုဌာနချုပ်နားအထိ မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ်တွေကိုပါ သုံးပြီးတော့ တိုက်ခိုက်လာတာဖြစ်ပြီး ဌာနချုပ်ရဲ့ အနီးဆုံးနေရာအထိ ပစ်မှတ်ထားပြီး မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေဆဲဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးစကား တဖက်မှာ ဆိုနေပေမယ့် ထိုးစစ်တွေ အပြင်းထန်ဆုံး မြှင့်တင်လာတဲ့ မြန်မာအစိုးရ နဲ့ ကချင်တပ်တွေကြား အတင်းမာဆုံး အနေအထားကို ရောက်ရှိနေပြီလို့လည်း ကချင်ကေအိုင်အို လွတ်မြောက်ရေး တပ်မတော်ဘက်က ပြောပါတယ်။
XS
SM
MD
LG