သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသငြိမ်းချမ်းရေး ကုလအတွင်းရေးမှူးချုပ် မျှော်လင့်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင်း အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့အစည်းအကြား အပစ်အခတ်ရပ်စဲရေး ယူနိုင်ဖို့ သဘောတူခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ် အတွင်းက အရပ်သားဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း အတွင်းရေးမှုးချုပ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ တို့အကြား ပြီးခဲ့တဲ့ ဆွေးနွေးညှိုနှိုင်းမှုတွေကြောင့် အပစ်အခတ်ရပ်စဲရေး သဘာတူလိုက်ပြီလို့ မဆိုနိုင်ပေမယ့်၊ လပေါင်းများစွာ စစ်ရေးတင်းမာမှုတွေကတော့ အတော်လေး လျှော့ကျသွားပါတယ်။ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်ပေးတဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲအတွင်းမှာတော့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြပါတယ်။ ဒီလို အခြေအနေကနေ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအလားအလာကောင်းတွေ ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က မနေ့က ကြေညာချက်ထုတ်ပါတယ်။ ဒီအတွက်လည်း အခု ဆွေးနွေးရလဒ်အပေါ် ကြိုဆိုတယ်လို့ အတွင်းရေးမှုးချုပ်က ပြောတဲ့အကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူက Eri Kaneko က ပြောပါတယ်။

“မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မတီနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့အကြား တည်တံတဲ့ အပစ်အခတ်ရပ်စဲရေးရဖို့ သဘောတူခဲ့ကြတယ်ဆိုတဲ့ ပြီးခဲ့တဲ့ တရုတ်နိုင်ငံ ရွှေလီမြို့က ဆွေးနွေးပွဲရလဒ်ကို အတွင်းရေးမှုးချုပ်အနေနဲ့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံ မှာ လွတ်လပ်ရေးနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံသား အားလုံး ငြိမ်းချမ်းမှုကို ခံစားနိုင်ဖို့၊ အပစ်အခတ်ရပ်စဲရေးနဲ့ မျှတ စစ်မှန်ပြီး ရေရှည်ခံမယ့် အဖြေထုတ်နိုင်အောင် နှစ်ဆ ကြိုးပမ်းဆောင်ရွက်ကြဖို့ ဆိုင်ရာအဖွဲ့အစည်းအားလုံး အတွင်းရေးမှုးချုပ်အနေနဲ့ အားပေးတိုက်တွန်းပါတယ်။”

ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်ဖို့အတွက် ဆက်သွယ်ရေးရုံးတွေ ထားဖို့ သဘောတူညီချက်ဟာ အစပြုချက်ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

“ဆက်သွယ်ရေးရုံးတွေ ထားရှိဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ တိုးတက်မှုတွေကို စောင့်ကြည့်ဖို့ ညှိုနှိုင်းဆောင်ရွက် သွားနိုင်ဖို့ ဖြစ်လာလိမ့်မယ်လို့ အတွင်းရေးမှုးချုပ်က မျှော်လင့်ထားပါတယ်။ ဒီလိုဖြစ်လာအောင် အဖွဲ့အစည်းအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ကြိုဆိုပါတယ်။”

နှစ်နဲ့ချီကြာခဲ့တဲ့ ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် အရပ်သား ဒုက္ခသည် သောင်းဂဏန်းဟာ ကျေးရွာ အိုးအိမ်တွေကို စွန့်ခွာခဲ့ ရပါတယ်။ နိုင်ငံတကာ အကူအညီတွေဟာ အစိုးရထိန်းချုပ် ထားရာဒေသဖက် ကိုပဲ ပေးနိုင်ပြီး၊ ကေအိုင်အို ထိန်းချုပ်ရာဒေသဖက်က ဒုက္ခသည်တွေကိုတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ အကူအညီတွေ မပို့နိုင်ခဲ့ပါဘူး။ အခုတော့ ကချင်ပြည်နယ်အတွင်း နေရာအားလုံးမှာရှိတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေး အဆင်ပြေလာလိမ့်မယ်လို့ အတွင်းရေးမှုးချုပ် က မျှော်လင့်နေတဲ့ အကြောင်းလည်း ပြောခွင့်ရသူက ဆိုပါတယ်။

“အိုးအိမ်စွန့်ခွာတိမ်းရှောင်ပြေးနေရတဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာမှု အကူအညီပေးဖို့ ကိစ္စတွေကို နှစ်ဖက်စလုံးက သဘောတူထားတာကြောင့်၊ ကချင်ပြည်နယ် အတွင်း နေရာ အားလုံးက လိုအပ်ချက်ရှိသူတွေအတွက် အကူအညီတွေ ပို့သွားနိုင်မယ်လို့ အတွင်းရေးမှုးချုပ် အနေနဲ့ မျှော်လင့်ထားပါတယ်။”

ဒါပေမဲ့လည်း ကုလသမဂ္ဂက အကူအညီပေးရေးယဉ်တန်းတွေ ဝင်ရောက်ခဲ့ချိန်မှာ ဒါကို အခွင့်ကောင်းယူပြီး စစ်တပ်ဖက်က နေရာယူအားဖြည့်လာတာမျိုးတွေရှိတယ်လို့လည်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီအချက်ကို ဗွီအိုအေက မေးမြန်းတော့ ဒီသတင်း ထွက်ပေါ်လာတာတွေအပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ Eri Kaneko က ဖြေပါတယ်။

“ကုလသမဂ္ဂ ယဉ်တန်းသွားတာကို အခွင့်အရေးယူပြီး ဒီလို စစ်အင်အားဖြည့်တင်းတယ်ဆိုတာ သတိမထားမိပါဘူး။ ဒါပေမယ့်လည်း အခုလို ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုကို အခွင့်ကောင်းယူ ဆောင်ရွက်တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ အလွန်တရာ စိုးရိမ်ပူပင်မိပါတယ်။ ပြီးခဲ့တဲ့ ဖေဖဝါရီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ကူညီရေးယဉ်တန်းဟာ အစိုးရထိန်းချုပ်ဒေသကိုဖြတ်ပြီး ဖားကန့်ဒေသဖက်ကို အကူအညီတွေ ပို့ပေးခဲ့တာရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းကဆိုရင် ဒါဟာ ပထမဆုံးအကြိမ် အကူအညီတွေ ပြန်ပေးနိုင်ခဲ့တာပါ။ ”

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြန်စခဲ့ပြီး ဒီနှစ် ဆန်းပိုင်းမှာပဲ ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီတွေကို မြန်မာဖက်က စပြီး ခွင့်ပြုခဲ့ ပါတယ်။အရင်တုန်းကတော့ နိုင်ငံတကာအကူအညီတွေနဲ့ နိုင်ငံတကာ လေ့လာသူတွေ ကေအိုင်အို ထိန်းချုပ်ရာဒေသတွေ ကို သွားဖို့ဆိုရင်၊ လုံခြုံရေး အကြောင်းပြချက် နဲ့ မြန်မာအာဏာပိုင်တွေဖက်က ပယ်ချခဲ့ပါတယ်။
XS
SM
MD
LG