သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်း တိုက်ခိုက်မှုကြောင့် ကချင်ဒုက္ခသည်အရေး စိုးရိမ်


ကချင်ပြည်နယ် လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းများ။
ကချင်ပြည်နယ် လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းများ။
မြန်မာအစိုးရဘက်ကနေ ကချင်ပြည်နယ်အတွင်း လေကြောင်းကနေ တိုက်ခိုက်နေတာ ၆ရက်ဝန်းကျင် ရှိနေပါပြီ။ ဒါကြောင့် ကချင်ပြည်နယ်တွင်းက လိုင်ဇာမြို့ကပြည်သူတွေ၊ ဒုက္ခသည်တွေဟာ ကတုတ်ကျင်းတွေထဲ ခိုအောင်းနေထို်င်နေရပြီး ဒုက္ခသည်တချို့ ဟာလည်း လက်နက်များထိမှန်ပြီး သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါဟာဆိုရင် အသက်ရှင်ရပ်တည်ခွင့်ဆိုတဲ့ မွေးရာပါ လူအခွင့်အရေးဆုံးရှုံးမှု တရပ်ဖြစ်တယ်လို့ ထိုင်းနယ်စပ် တရုတ်နယ်စပ်နဲ့ မြန်မာပြည်တွင်းက လူထုအခြေပြုလုပ်ငန်းတွေလုပ်နေတဲ့ အဖဲ့ွ ၁၁ဖွဲ့က ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ခရစ်ယာန်ဘာသာဝင်တွေရဲ ခရစ်စမတ် ကာလကစပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်ကို အသုံးပြုပြီး တိုက်ခိုက်မူတွေ က၆ရက်ခန့်ရှိသွားပြီ ဖြစ်တာကြောင့် ကချင်ဒုက္ခသည် ဒေသခံတွေဟာ စိုးရိမ်ထိပ်လန့်မူတွေဖြစ်နေရကြောင်း လိုင်ဇာမြို့က ကချင်လူထု အခြေပြုအဖွဲ့အစည်းတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ မမေရီတောင်းက ပြောဆိုလိုက်ပါတယ်။

“ခရစ်ယာန်ဘာသာကိုးကွယ်သူတွေ အထွတ်အမြတ်ထားတဲ့ နေ့ရက် ကာလဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ရက်နေ့ကစပြီး လေယာဉ်နဲ့ မြန်မာစစ်တပ်ဘက်က ဗုံးကျဲတိုက်ခိုက်တယ်။ အခုဆိုရင် လိုင်ဇာမှာ စစ်ပြေးဒုက္ခသည်စုစုပေါင်းဟာ တစ်သောင်းနဲ့ နှစ်ထောင်ကျော် ရှိတယ်။ ဒေသခံပြည်သူတွေနဲ့ ပေါင်းမယ်ဆိုရင် စုစုပေါင်း နှစ်သောင်းကျော် ရှိပါတယ်။ နေ့ခင်းမှာကို နှစ်ခါ သုံးခါ လာပစ်ပါတယ်။ ဒီနေ့ကို နေ့ခင်းတစ်နာရီကျော်အထိကို သုံးခါဆက်တိုက်ပစ်ပါတယ်။ နေ့တိုင်းပါပဲ။ ဒီနေ့ဆို စုစုပေါင်း ငါးရက်၊ ခြောက်ရက်ရှိနေပြီ။ ကျမတို့ဆီကို လေယာဉ်က သုံးခါလောက်ကို လာပြီးသွားပါပြီ။ နောက်ပြီး ဗုံးကျဲတယ်။ စစ်ပြေးဒုက္ခသည်တွေအပေါ်မှာ ရှိတဲ့အတွက်ကြောင့်မို့လို့ စစ်ပြေးဒုက္ခသည်အများစုဟာ ဆိုလို့ရှိရင် အရမ်းကြောက်လန့်နေကြတယ်။ ဆောက်တည်ရာမရဖြစ်ပြီး ငိုပြီးထွက်ပြေးနေကြတဲ့သူတွေလည်းရှိတယ်။ အခုဆိုရင် စစ်ပြေးဒုက္ခသည်စခန်းမှာ ကတုတ်ကျင်းတွေ တူးထားပြီးတော့မှ လေယာဉ်အပေါ်က ပစ်ပြီဆိုရင် ကလေးတွေရော အားလုံးဟာ ကတုတ်ကျင်းထဲ ပြေးဝင်နေရတဲ့အခြေအနေမှာဖြစ်နေရပါတယ်။”

ကချင်ပြည်နယ်တွင်းက ကေအိုင်အိုဌာနချုပ်လိုင်ဇာကို ဦးတည် ချီတက်နေပြီး လေကြောင်းကနေ အပြင်းအထန်ထိုးစစ်ဆင်မှုများကြောင့် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင်ဝဲလ်ကြိုင်ဒုက္ခသည်စခန်းမှ ဦးမဂျီးတူး အသက်(၄၁)နှစ်ဟာ လက်နက်ကြီး ကျည်ဆံထိမှန်ကာ သေဆုံးသွားပြီး ဒုက္ခသည်စခန်းရှိ အခြား(၃)ဦးလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကချင်လူထုအခြေပြု အဖွဲစည်း၁၁ဖွဲ့က ပြောဆိုပါတယ်။ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့တဲ့ကလေးသူငယ်၊ အမျိုးသမီးတွေနဲ့ ဒေသခံလူထုတွေ အပေါ် အချိန်မရွေး အန္တရာယ်ကျရောက်စေနိုင်တဲ့အတွက် ကချင်လူထုတွေဟာ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေးပါ ခြိမ်းခြောက်ခံနေရတယ်လို့ မမေရီတောင်းက ဆိုပါတယ်။

“ဝေဟင်ပေါ်ကနေ စစ်တိုက်လေယာဉ်နဲ့ကို ဗုံးကျဲတယ်ဆိုတာဟာ နိုင်ငံတကာရဲ့ စည်းမျဉ်းဥပဒေတွေအရ ပြည်တွင်းစစ်မှာ စစ်လက်နက်ကို အသုံးမပြုသင့်ဘူး။ ဒေသခံအားလုံးကလည်း ကြောက်လန့်နေကြတယ်။ ပြောရမယ်ဆိုရင် ဒေသခံတွေအနေနဲ့ကလည်း ကြောက်လန့်စရာ ကောင်းတယ်။ လူတွေဟာ အခုဆိုရင် ထိတ်လန့်ခြောက်ခြားနေကြတယ်ပေါ့နော်။ ဒီလိုမျိုး ဗုံးကျဲနေတဲ့အခါ ကျတော့ အရမ်းကိုကြောက်ကြတယ်။ ဘယ်အချိန်လာမလဲပေါ့။ အခုဆိုရင် နေ့လည်းမအိပ်၊ ညလည်းမအိပ်၊တချိန်လုံး သူတို့မှာ နိုးနိုးကြားကြားနဲ့ ရှိနေရတယ်။ ဒါဟာ ဘယ်လိုမှ မလုပ်သင့်တဲ့ကိစ္စ၊ နိုင်ငံတကာက ပိတ်ပင်ထားတဲ့အရာကို ဒီလိုဗုံးကျဲတာပေါ့လေ။ အခုဆိုရင် နေ့တိုင်းကြားနေရတယ်။ နေ့တိုင်းလိုဖြစ်နေတဲ့ကိစ္စ၊ ဒေသခံတစ်ယောက်အနေနဲ့ရော၊ လူသားတစ်ယောက်အနေနဲ့ရော လူ့အသက်ရှင်ခွင့်ကို လူသားအသက်ရှင်ခွင့်ကို ခြိမ်းခြောက်နေတဲ့အခြေအနေကို ဖြစ်နေတယ်။”

ဒုက္ခသည်စခန်းလေးခုမှာလည်း ဒုက္ခသည် အရေအတွက် သောင်းနဲ့ချီရှိနေပြီး ဒုက္ခသည်တချို့ လည်း လက်နက်ကြီးတွေ ထိခိုက်ပြီး သေဆုံးမှုတွေရှိနေတာကြောင့် နယ်စပ်တလျောက် ကစင့်ကလျား ပြေးလွားပုန်းခိုနေရတဲ့ အခြေအနေတွေဖြစ်နေကြောင်း တရုတ် ပြည်ဘက်ကလည်း ဒုက္ခတွေကို လက်ခံခြင်း မရှိတဲ့အတွက် တရုတ်နယ်စပ်တလျောက်မှာ ဒုက္ခသည်တွေဟာ အခက်အခဲတွေဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကချင်အမျိုးသမီးနဲ့ ကျောင်းသားတွေ လူထုအခြေပြုအဖွဲ့အစည်းတွေအားလုံး ၁၁ဖွဲ့ ပါဝင်တဲ့ သဘောထားကို ထုတ်ပြန်ရာမှာတော့ မြန်မာအစိုးရအနေနဲ့ ကေအိုင်အို၊ ကေအိုင်အေ၊ အပြစ်မဲ့ဒေသခံ ကချင်တိုင်းရင်းသားများ၊ နယ်စပ်တလျှောက်ရှိစစ်ပြေးဒုက္ခသည်စခန်းများကို အပေါ် ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် လေကြောင်းမှတိုက်ခိုက်နေခြင်းနှင့် လက်နက်ကြီးများဖြင့် ဦးတည် ပစ်ခတ်ခြင်းများကို ချက်ချင်းရပ်တန့်ဖို့ ကေအိုင်အို၊ ကေအိုင်အေ ဌာနချုပ်လိုင်ဇာကိုဦးတည်ပြီး ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေမှုများ စစ်ရေးအရ ဖိအားပေး အကျပ်ကိုင်လာမှုများကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတကာအစိုးရ၊ အိုင်အန်ဂျီအိုနှင့် အန်ဂျီအိုလိုခေါ်တဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့တွေကှိ ဒုက္ခသည်များကို အကူအညီပေးမည့်ကိစ္စများကို မြန်မာအစိုးရမှ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်နှင့် သွားလာခွင့်ပြုဖို့၊ လက်ရှိစစ်ပွဲဖြစ်ပွားနေသောဒေသရှိ စစ်တပ်များကို မိခင်တပ်ရင်းတပ်မသို့ ရွေ့ပြောင်းသွားစေပြီး တပြည်လုံး အတိုင်းအတာဆောင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဆိုတာတွေကို ကချင်အဖွဲအစည်း ၁၁ဖဲ့ွကနေ တောင်းဆိုထားပါတယ်။
XS
SM
MD
LG