သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပိုင်နက်အတွင်း လက်နက်ကြီးကျမှု မြန်မာကို သတိပေး


ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ တရုတ်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ မြန်မာဘက်က တိုက်ပွဲတွေကြောင့် တရုတ်မြေပေါ်ကို လက်နက်ကျည်တွေကျနေတယ်လို့လည်း တရုတ်ဘက်က ပြောပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်မြောက်ရေး တပ် ကေအိုင်အေတို့ကြား အခုလက်ရှိဖြစ်နေတဲ့ စစ်ရေးတင်းမာနေတဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ နှစ်ဘက်ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ် တရုတ်မြေပိုင်နက်ထဲကို လက်နက်ကြီးကျည် သုံးလုံးကျလာတဲ့အတွက် တရုတ်ဘက်က မြန်မာအစိုးရဘက်ကို နောက်ထပ် ဒါမျိုးဖြစ်ရပ်တွေမဖြစ်လာစေဖို့ သံတမန်ရေးသတိပေးပြောဆိုမှုတွေလည်းရှိနေပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေရဲ့ စစ်အခြေစိုက်စခန်းတွေရှိတဲ့နေရာကို မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ တိုက်လေယာဉ်တွေ၊ စစ်သုံးရဟတ်ယာဉ်တွေသုံးပြီးတော့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ကချင်ဒေသခံ အရပ်သားတွေဘက်က ပြောဆိုမှုတွေရှိပါတယ်။

KIA တပ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတာကို လည်း မြန်မာအစိုးရ ပြောခွင့်ရသူဘက်က ဝန်ခံပါတယ်။ မြန်မာတပ်ဘက်က လေကြောင်းက တိုက်တဲ့နေရာမှာ နယ်စပ်ဖြစ်နေတာကြောင့် မြန်မာစစ်တပ်လေယာဉ်တွေဟာ တရုတ်ဘက်က လေပိုင်နက်ကိုပါ ဝင်ရောက်တာမျိုး ရှိတယ်လို့ KIA ဘက်က အစောပိုင်းက ပြောပါတယ်။ ဒီလိုပစ်ခတ်မှုတွေကြောင့် တရုတ်မြေ ပိုင်နက်ထဲ လက်နက်ကြီးကျည်ကျတဲ့ကိစ္စကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး Hua Chunying က တရုတ်ဘာသာစကားနဲ့အခုလိုပြောဆိုပါတယ်။

“တရုတ်ဘက်က မြန်မာအစိုးရတာဝန်ရှိသူတွေဘက်ကို ဒီလက်နက်ကြီးကျည်ကျတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးဖို့ နဲ့ နောက်ထပ် ဒီလိုထိခိုက်မှုမျိုးမဖြစ်စေဖို့ သတိပေးပြောဆိုပါတယ်”

ဒီတရုတ်နယ်စပ်ဘက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေခင်းပိုင်းက လက်နက်ကြီးကျည်ကျခဲ့တာဖြစ်ပြီး တစုံတရာထိခိုက်မှုတော့မရှိဘူးလို့ ပုံမှန်ပြုလုပ်နေကျသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ မစ္စစ် Hua Chunying က ပြောဆိုလိုက်တာပါ။

အခုလို မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ ပဋိပက္ခတွေဖြစ်ပြီး စစ်ရေး တင်းမာမှုတွေဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ကချင်တပ်တွေကြား မစ္စစ်Hua ဘက်က ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာသပ်သပ်သာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရကပြောပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာကို ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတွေ နဲ့ ပြေလည်အောင်ဖြေရှင်းသွားနိုင်မယ်လို့ တရုတ်ဘက်က မျော်လင့်တဲ့အကြောင်း ပြောခဲ့ပါတယ်။

ဒီလိုမျိုး ကချင်ပြည်နယ်တွင်း အစိုးရတပ်နဲ့ ကေအိုင်အေတို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး စကားဝိုင်းတွေဖြစ်ပေါ် လာအောင် မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေကပြောပါတယ်။

“ကေအိုင်အိုအဖွဲ့နဲ့ စက်တင်ဘာလ ၃၀ရက်နေ့က နောက်ဆုံးဆွေးနွေး ခဲ့တယ်၊ ဆွေးနွေးပြီးနောက်ပိုင်း မှာတော့ ကေအိုင်အို အဖွဲ့အစည်းက Political Dialogue လုပ်ဖို့ပြောတယ်။ တဖက်က ဦးအောင်မင်းက သဘောတူခဲ့တယ်။ မူအားဖြင့် နှစ်ဘက် သဘောတူခဲ့တယ်။ အခုအချိန်အထိတော့ တရားဝင်ကမ်းလှမ်းချက်ကို တုန့်ပြန်တာတော့ မရှိသေးဘူးခင်ဗျ။ ဒါပေမဲ့ လက်ရှိ စစ်ပွဲတွေ ရှိတာတော့ရှိတယ်။ ဒါပေမဲ့ စစ်ပွဲတွေဖြစ်နေတဲ့ အထဲကပဲ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်နိုင်ဖို့တော့ မျှော်လင့်နေတယ်။ ဘာကြောင့်လည်းပြောရင်တော့ ဒီတွေ့ဆုံဆွေးနွေးပွဲတွေကမှသာလျင် ငြိမ်းချမ်းရေးရဲ့အဖြေကို တကယ်ညှိနှိုင်းနိုင်မယ်လို့ထင်တယ်။ “

အခုလိုဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စစ်ပြေးဒုက္ခသည်တွေအဖြစ် စစ်ဖြစ်ပွားတဲ့နေရာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတာတွေ၊ အစိုးရတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗုံးခိုကျင်းတွေထဲမှာ ခိုအောင်းနေရတာတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်ပူပင်ကြောင်း သတင်းထုတ်ပြန်မှုတွေရှိပါတယ်။

တချိန်တည်းမှာပဲ မြန်မာအစိုးရဘက်က ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ တ်သက်ပြီး ဇန်နဝါရီလ ၄ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အခုလို တိုက်ပွဲတွေဖြစ်ပွားနေရတာတွေဟာ နယ်မြေအေးချမ်းအောင် လုပ်ဆောင်ရ တာဖြစ်ပြီး ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာဖြစ်တဲ့အကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။
XS
SM
MD
LG