သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေး စာပေအနုပညာရှင်များ စိတ်မအေး


မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင်စစ်သားများကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင်စစ်သားများကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂)။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာအပေါ် အရပ်သားပြည်သူတွေအတွက် စိုးရိမ်မကင်း ဖြစ်တာကြောင့်၊ ပဋိပက္ခအပေါ်မှာ နှစ်ဘက်လုံးက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ စာပေ အနုပညာရှင်တွေ က တိုက်တွန်းနေကြပါတယ်။ ကချင်ပြည်နယ်ရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ စာပေ အနုပညာရှင်တွေရဲ့ ပြောဆိုချက်တွေကို ကိုသားညွန့်ဦးက စုစည်းတင်ပြ ထားပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေဟာ အခုရက်ပိုင်းမှာ ပို ပြင်းထန်လာပြီးတော့ မြန်မာစစ်တပ်ဘက်က လေကြောင်းကပါ တိုက်ခိုက်လာတာ တွေ့ရပါတယ်။ စာပေ အနုပညာရှင် အတော်များများကတော့ ဒီ အခြေအနေတွေကို သတိပြုမိကြပြီး ကချင်အရပ်သားပြည်သူတွေ အတွက် အထူးပဲ စိုးရိမ်ပူပင်နေကြတာ တွေ့ရပါတယ်။ လူမှုရေးသမားလည်းဖြစ် ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ခဲ့သူ ကိုကျော်သူ ကတော့ ကလေးငယ်တွေအတွက် အနာဂတ်ကိုပါ စိတ်ပူမိတယ်လို့ ပြောပါတယ်။

“ဘယ်သူ မှားမှား မှန်မှန်ပေါ့လေ။ ပြေပြေလည်လည် ညှိဖို့တော့ ကောင်းတယ်။ ကိုယ်တွေ ခေါင်းဆောင်ပိုင်းတွေက တယောက်နဲ့တယောက် ဘာမှမဖြစ်ပေမဲ့ ဓားစားခံဖြစ်နေတဲ့ ပြည်သူထူထုကိုတော့ ငဲ့ဖို့ကောင်းတယ်။ တဘက်နဲ့တဘက် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေကြောင်းကနေ ပစ်တယ်ဆိုရင် တကယ့် သူတို့လိုချင်တဲ့အရာလည်း ရမှာမဟုတ်ဘူး။ ကြားထဲမှာပဲ ပြည်သူလူထုပဲ အသေအပျောက်တွေ များမယ်။ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အနာဂတ်အတွက် အရမ်းကို စိုးရိမ်ရတယ်။ ကလေးတွေ အတွက် အနာဂတ်က သူတို့အတွက်က စိတ်ထဲမှာ ဒီအစွဲကြီးက စွဲသွားမယ်။ ဗမာဆိုရင် အင်မတန် ကြောက်စရာကောင်းတဲ့ အနေအထားမျိုးတွေ၊ ဒါမျိုးတွေ မြင်တွေ့သွားမယ်။ အဲဒီတော့ အဲဒီလောက်ကြီးတွေ လုပ်ကြမယ်၊ ပစ်ကြခတ်ကြမယ် ဆိုရင်တော့ ဒါ ဘယ်သူ့အတွက်မှ မကောင်းဘူး။”

ကဗျာဆရာ မောင်အောင်ပွင့် ကတော့ အခု အခြေအနေကြောင့် မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို သံသယဖြစ်မိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“အဲဒါကတော့ သိပ် လွန်သွားပြီဗျာ။ ပြည်တွင်းစစ်မှာ ဒီလို လေကြောင်းနဲ့ စစ်တိုက်ခိုက်တာတို့၊ တော်တော်ကို ကန့်ကွက်ပါတယ်ဗျာ။ မကောင်းပါဘူး။ စားပွဲဝိုင်းမှာပဲ ရှင်းရမယ့်ဟာတွေ၊ အဲဒါတွေက ပစ်ခတ်တာနဲ့ သေနတ်နဲ့တင် ရှင်းဖို့တော့ မကောင်းဘူးလေ။ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး လုပ်နေတာ တကယ်ကို မလုပ်သေးဘူးလို့ အဲဒီလို ခံစားမိတယ်။ ဟိုက တိုက်ခိုက်နေတာလည်း နေပြည်တော် လာတိုက်တာ မဟုတ်ဘူး။ လိုင်ဇာကို ဒီက သွား တိုက်နေတာ။ အဲဒီတော့ ဘယ်သူစ သေနတ် ပစ်ဖောက်လဲဆိုတဲ့ဟာက အရေးကြီးတာပဲ။”

မန္တလေး လူထုတိုက်က စာရေးဆရာ ညီပုလေး ကတော့ မြန်မာနိုင်ငံ တိုးတက်ဖံ့ွဖြိုးဖို့ ဆိုရင်တော့ ပြည်တွင်းစစ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ အမြန်ဆုံး ရပ်စဲဖို့လိုပြီလို့ ပြောလိုက်ပါတယ်။

“ကျနော်က ပြည်တွင်းစစ်ကို မတိုက်စေချင်တာ။ ရပ်စဲပြီး ငြိမ်းချမ်းစေချင်တာ။ ကျနော်တို့ တိုင်းပြည်က ပြည်တွင်းစစ်ကြောင့်မို့ ဖွတ်ဖွတ်ညက်ညက် ကြေပြီးတော့ လူတွေလည်း သေလှပြီ။ ဘဝတွေလည်း ပျက်လှပြီ။ ဒုက္ခိတ တွေလည်း များလှပြီ။ နှစ်ဘက် အကျအဆုံးတွေနဲ့ ကျနော်တို့ဆီမှာ မုဆိုးမတွေကို အများကြီးပဲ။ ကျနော်တို့ အဖေတို့ အမေတို့ ငြိမ်းချမ်းရေး သိပ်လိုချင်ကြတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ အပါအဝင်။ အဲဒီတော့ ဒီ စစ်ပွဲကြီး ရပ်ဖို့ ကောင်းပြီဗျ။”

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးဖို့ ပျော်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ကချင်ပြည်နယ်က အခြေအနေတွေကို ကြားရတာ စိတ်မကောင်းဖြစ်မိတယ်လို့ တေးရေးဆရာ အဆိုတော် ဆောင်းဦးလှိုင်က ပြောပါတယ်။

“ကျနော်တို့တော့ဗျာ၊ ကိုယ့်ပြည်သူပြည်သား အချင်းချင်း တိုင်းရင်းသားအချင်းချင်း စိတ်မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့က ဒီဘက်မှာ နှစ်သစ်တခုကို ကူးဖို့၊ ရောက်လာမယ့် မင်္ဂလာနှစ်သစ်တခု ဖြစ်ဖို့၊ ကြိုဆိုဖို့ပေါ့ နှစ်သစ်ကူးမယ့်ကာလကို ဖြတ်သန်းဖို့ လုပ်နေကြတဲ့အချိန်။ တကမ္ဘာလုံးကလည်း နှစ်သစ်တခုကို ကြိုဆိုဖို့ အခု သီချင်းတွေ ဆိုကြတော့မယ်။ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတော့မယ် ဆိုတဲ့ အခြေအနေမှာ ကချင်ပြည်နယ်မှာကျတော့ ဒီလို ဖြစ်နေရတယ် ဆိုတော့ အဲဒီ အရပ်ဒေသမှာ နေထိုင်နေကြတဲ့ ကချင်တိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသား လူမျိုးတွေ အားလုံး အတွက် စိတ်မကောင်းဘူးပေါ့ဗျာ။”

ကာတွန်းဆရာ အော်ပီကျယ် ကတော့ သူအမှတ်ရနေတဲ့ နိုင်ငံခြား ကာတွန်းတကွက်ကို ဖော်ညွှန်းပြီး၊ ကြားက အောက်ခြေတိုက်ခိုက်ရေး ရဲဘော်တွေနဲ့ ခံစားရတဲ့ ပြည်သူတွေအတွက် စာနာမိတယ်လို့ ဗွီအိုအေကို ပြောသွားပါတယ်။

“အခုဟာကတော့ တိုက်ပွဲတွေမှာ နှစ်ဘက်က တာဝန်ရှိတဲ့သူတွေက ငြိမ်းချမ်းရေး တကယ် လိုချင်စိတ် ရှိရဲ့လား ဆိုတာလေ အဲဒါကိုတော့ သံသယ ဖြစ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဘက်လုံးမှာ တာဝန်ရှိတာကိုး။ တကယ် ခံရတာကတော့ နှစ်ဘက်က ရဲဘော်တွေနဲ့ ပြည်သူတွေ ပါပဲ။ အမိန့်ပေးတဲ့သူတွေက ခက်တာက အဲဒီလူတွေပဲ ချမ်းသာနေကြတာ။ ကျနော်က နိုင်ငံခြား ကာတွန်းလေးတောင် သတိရတယ်။ နိုင်ငံခြား ကာတွန်းလေးက ခြောက်ကမ်းပါးကြီး နှစ်ဘက်။ ခြောက်ကမ်းပါးကြီးရဲ့ ဟိုဘက်နဲ့ ဒီဘက်မှာ အဲဒီ တပ်နှစ်ခု ချထားတာပေါ့။ ဗိုလ်ချုပ်တွေက ဟိုဘက်က ဗိုလ်ချုပ်တွေနဲ့ ဒီဘက်က ဗိုလ်ချုပ်တွေ တိုက်တိုက် ဆိုပြီးတော့၊ သူတို့ကတော့ ရှေ့ဆုံးက မဟုတ်ဘူး၊ နောက်ဆုံးကနေ လက်ညှိုးကြီး ထိုးပြီး တိုက် ဆိုတော့ အဲဒီမှာ နှစ်ဘက် တိုက်နေကြတဲ့ ရဲဘော်တွေကတော့ ခြောက်ကမ်းပါး အစပ်ပေါ့။ ဟိုဘက်ကနဲ့ ဒီဘက် အစပ်မှာ တယောက်နဲ့တယောက် လှမ်း ပစ်နေတယ်။ အဲဒီမှာ ရဲဘော်တွေရော ပြည်သူတွေရော၊ အောက်ထဲ ပြုတ် ပြုတ် ကျသွားတာလေ။ အဲဒီ ခြောက်ကမ်းပါးထဲ ပြုတ် ပြုတ်ကျသွားတာ။ နောက်ဆုံးကျတော့ အကုန် ပြုတ်ကျသွားပြီးတော့ အကုန် ခြောက်ကမ်းကြီးက ပြည့်သွားတာ။ ခြောက်ကမ်းပါးကြီးက လူတွေ လူတွေအလောင်းတွေနဲ့ ပြည့်သွားတော့မှ အဲဒီ ဗိုလ်ချုပ် နှစ်ယောက် ဟိုဘက်နဲ့ ဒီဘက် ဖြတ်လျှောက်သွားပြီးတော၊ ဖြတ်လို့ ရသွားပြီလေ။ အဲဒီလို ဖြတ်ပြီးတော့မှ လက်ဆွဲ နှုတ်ဆက်လိုက်တဲ့ ကာတွန်း ကျနော် ဖတ်ဖူးတယ်။ အဲဒီလိုဖြစ်မှာ ကျနော် သိပ် စိုးရိမ်တာ။”
XS
SM
MD
LG