သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်နေရ


ကချင်လွတ်မြှောက်ရေးတပ် ရှေ့တန်းစစ်စခန်း တနေရာ။ (ဇန်နဝါရီလ ၂၂ ၊ ၂၀၁၃) ။
ကချင်လွတ်မြှောက်ရေးတပ် ရှေ့တန်းစစ်စခန်း တနေရာ။ (ဇန်နဝါရီလ ၂၂ ၊ ၂၀၁၃) ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက် ကချင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တို့ကြား ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အခုအခါ ငြိမ်သက်နေပေမဲ့ ဒုက္ခသည်တွေကတော့ နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေရတာပါ။ အပြည့်အစုံကိုတော့ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား လအတော်အကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက အစိုးရသစ် တက်လာပြီးတဲ့နောက်ပြီးခဲ့တဲ့အပတ်အတွင်းက ၂ ရက် ဆက်တိုက် တိုက်ခိုက်တာတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကတော့ KIA ဌာနချုပ် လိုင်ဇာအနီး ဗန်းမော်-မြစ်ကြီးနားကားလမ်းဘေးမှာရှိတဲ့ ဘန်ဒေါင်ယန်ရွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ အဲဒီကျေးရွာအနီးမှာ ဥယျာဉ်ခြံလုပ်ကိုင်နေတဲ့ ရွာသားတွေ ရာနဲ့ချီပြီး တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အစိုးရတပ်ကနေပြီးမှ ရာနဲ့ချီတဲ့ စစ်ကြောင်းနဲ့လာတိုက်တော့ သူတို့ ထွက်ပြေးလာတာပေါ့။ ခန့်မှန်းချေလူဦးရေက အကုန်လုံးဆိုရင်တော့ ၁၀၀ ကျော်လောက်ရှိမယ်။”

တိမ်းရှောင်သွားသူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ လိုင်ဇာက စစ်ရှောင်စခန်းတွေမှာ ခိုလှုံပြီး ဘန်ဒေါင်ယန်ကို လာရောက်အလုပ်လုပ်သူတွေပါသလို အရင်တည်းက ဒီဒေသကနေ ဘယ်ကိုမှာ တိမ်းရှောင်မသွားတဲ့ မိသားစု ၂၀ လောက်လည်း ပါဝင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းက ဖြစ်ပွားတဲ့တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ ဒီရက်ပိုင်းတော့ ဘာမှ ထပ်မံမဖြစ်တော့ကြောင်း PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“ဘန်ဒေါင်ယန်ရွာမှာ အဲဒီ ၇ ရက်နေ့၊ ၈ ရက်နေ့ဖြစ်ပြီးနောက် အခုတော့ ဘာမှမဖြစ်တော့ဘူး။”

တိုက်ပွဲဖြစ်ပွားတဲ့ရက်ပိုင်းအတွင်းမှာတော့ လိုင်ဇာမှာ KIO နဲ့ အရပ်သားတွေ ပူးပေါင်းပါဝင်တဲ့ နိုင်ငံရေး အကြံပေးအဖွဲ့က အစိုးရသစ်နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နဲ့ ဖက်ဒရယ် ပြည်ထောင်စုအရေးအပါအဝင် နိုင်ငံရေးဆွေးနွေးဖို့အတွက် အစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။

ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာမှာတော့ NCA လက်မှတ်မရေးထိုးသေးတဲ့ ရှမ်းပြည်တပ်မတော် SSA ဝမ်ဟိုင်းအဖွဲ့ဟာ သတ်မှတ်နယ်မြေကျော်လွန်ဝင်ရောက်လာတာကြောင့် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ကြောင်း ဖော်ပြပါတယ်။ ဒီတိုက်ပွဲတွေကတော့ မူဆယ်မြို့နယ်အတွင်းမှာ မတ်ကုန်ပိုင်းက တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားကြောင်း အလောင်း၃လောင်းနဲ့ ယာယီတဲများကို သိမ်းဆည်းရမိကြောင်း ဖော်ပြထားသလို မတ်လ ၃၀ ကနေ ဧပြီ၅ရက်နေ့ထိ လိုက်လံရှင်းလင်းရာမှာSSA ဝမ်ဟိုင်းတပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ လက်နက်မျိုးစုံ ၄၉လက်၊ လက်နက်ခဲယမ်းတွေအပြင် ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေပါ သိမ်းဆည်းရမိကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနရဲ့ ထုတ်ပြန်ချက်ကို ဖော်ပြထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီခေါ် SSPP/ SSA မြောက်ပိုင်းအဖွဲ့က တာဝန်ရှိသူတဦးကတော့ ဖမ်းဆီးခံရသူ ၈ ယောက်ရှိကြောင်းနဲ့ ဝမ်ဟိုင်းဌာနချုပ်ဖက်မှာတော့ တည်တည်ငြိမ်ငြိမ်ရှိနေကြောင်း ပြောပါတယ်။

“စစ်ကြောင်းလာတာပါပဲ။ တပ်ပြောင်းဆင်းလာတာပါပဲ။ အေးဆေးပါပဲ ဘာမှမဖြစ်ပါဘူး။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကတော့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၈ဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCAကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီခေါ် SSPP/ SSA မြောက်ပိုင်းအဖွဲ့အပါအဝင် လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ပြင်ဆင်ထားကြပါတယ်။

XS
SM
MD
LG