သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မူးယစ်နှိမ်နင်းရေး လူမှုအဖွဲ့တွေကို စစ်တပ် တားဆီး


ဘိန်းခင်းဖျက်ဆီးဖို့ ချီတက်လာသူပြည်သူများအား စစ်တပ်က တားမြစ်ထားစဉ်။ သတင်းဓာတ်ပုံ- (Photo Credit to Kachin News)
ဘိန်းခင်းဖျက်ဆီးဖို့ ချီတက်လာသူပြည်သူများအား စစ်တပ်က တားမြစ်ထားစဉ်။ သတင်းဓာတ်ပုံ- (Photo Credit to Kachin News)

ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ ချီတက်လာကြတဲ့ လူဦးရေ ၂ ထောင်ကျော်ကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ ၁၂ မိုင်အကွာ လမ်းမပေါ်မှာ မြန်မာ့ တပ်မတော်က ပိတ်ဆို့ တားဆီးထားတာ ဒီကနေ့ ၃ ရက်ရှိသွားပြီ ဖြစ်ပါတယ်။ ဘိန်းစိုက်တောင် သူတွေနဲ့ ဘိန်းခင်း ဖျက်မယ့် ဒေသခံတွေကြား ပဋိပက္ခတွေ ဖြစ်မယ့် အရေးကြောင့် အာဏာပိုင်တွေက တားဆီးထားတာလို့ အကြောင်းပြသလို ဘိန်းခင်း ဖျက်ဖို့ ချီတက်လာတဲ့ ကချင်ရပ်မိရပ်ဖတွေ ဒေသခံတွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ ကချင်ပြည်သူ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကလည်း ခွင့်ပြုချက် ရတဲ့ အထိ စောင့်ဆိုင်းမယ်လို့ ပြောဆိုထားပါတယ်။

ကချင်ပြည်နယ်တွင်း လူငယ်တွေ မူးယစ်ဆေး သုံးစွဲမှု ပြဿနာ ကြီးထွားလာတာနဲ့ ဘိန်းခင်းတွေကို စီးပွားဖြစ် စိုက်ပျိုးလာကြတယ်လို့ ဒေသခံတွေက ယူဆတာကြောင့် ဒီနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် အရပ်သားတွေ စုပေါင်းပြီး ဘိန်းခင်းတွေ ဖျက်ဆီးဖို့ လှုပ်ရှားလာကြတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့ ပြည်နယ်လွှတ်တော် အမတ် ဦးနော်လီ ခေါ် ဇခေါင်ခမ်းရယ် ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်း တာမှာတော့ လက်ရှိ အခြေအနေကို အခုလို စပြီး ပြောဆိုခဲ့ပါတယ်။

ဦးနော်လီ။ ။ တားထားတဲ့ အခြေအနေတော့ ရှိတော့ ရှိသေးတယ်။ ဝါရှောင် အထွက် လမ်းခွဲနားမှာပေါ့နော်။ ကျနော်တို့ သိထားတာကတော့ တဘက်နဲ့ တဘက်၊ တဘက်မှာက ဘိန်းပင်တွေကို စိုက်တဲ့ တောင်သူတွေလို့ ပြောရမလား၊ လုပ်ငန်းရှင်တွေလို့ ပြောရမလား၊ ဒေသခံတွေက အန္တရာယ် ပြုမယ်ဆိုတဲ့ဟာကို ဒီက အစိုးရက ကျတော့ လုံခြုံရေး အနေနဲ့ သူတို့ ဆောင်ရွက် မပေးနိုင်တဲ့ အခြေအနေ ရှိလို့ အဲသလို တားထားတယ်လို့ လောလောဆယ်တော့ အဲလို သဘောပေါက်ထားတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ ဘိန်းခင်းတွေကို ဖျက်နေပြီလား။ ဘယ်နား မှာ ရောက်နေကြပါလဲ။

ဦးနော်လီ။ ။ ပထမ တသုတ် လူ ၁၀၀၀ တက်သွား ခဲ့ပြီး ပြန်လာခဲ့ပြီ။ အခု လူအင်အား မလောက်လို့ ဘိန်းခင်းကလည်း များတဲ့ အခါကျတော့ လူအင်အား ၂၀၀၀ ကျော်ပေါ့နော်။ လူအင်အား ပြန်လာစုပြီးတော့ ဒုတိယ အကြိမ် ပြန်တက်ဖိ့ု လုပ်တဲ့ အချိန်မှာ အခုအချိန်ထိ မထွက်နိုင်သေးဘူးပေါ့။ အဲဒီ အခြေအနေ ရှိနေပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဝိုင်းမော် အထွက်မှာလားရှင်။

ဦးနော်လီ။ ။ ဝိုင်းမော်အထွက်တော့ မဟုတ်ဘူး။ ဝိုင်းမော်ကနေ ၁၂ မိုင်လောက် ရှိမယ် ထင်တယ်။ ဝါရှောင် အထွက်ပေါ့။ ဝိုင်းမော်ကနေ အသွားမှာ ဝါရှောင်ဆည် ဆိုတာ ရှိတယ်။ အဲဒီ ရွာအထွက် ချီဖွေလမ်းခွဲ၊ ချီဖွေကို သွားတဲ့ လမ်းနဲ့ ကန်ပိုက်တီကို သွားတဲ့ လမ်းခွဲ ထိပ်မှာ ဟုတ်တယ်။

မသိင်္ဂ ီထိုက်။ ။ ပိတ်ဆို့ခံထားရတာ စိုးရိမ်စရာများ ရှိပါသလားရှင့်။

ဦးနော်လီ။ ။ အဲလိုမျိုး တိုင်ပင်ညှိနှိုင်းနေတာတော့ ရှိပါတယ်။ ဒါကတော့ စိုးရိမ်စရာ အန္တရာယ် ရှိတာ အဲသလိုတော့ မရှိပါဘူး။ ဒါပေမယ့် ဒေသခံတွေလည်း မသွားခိုင်းရင်လည်း သွားခွင့်ပြုတဲ့ အထိ စောင့်နေမယ်ပေါ့ အဲဒီသဘော။ ဒီက အာဏာပိုင်တွေကလည်း လုံခြုံရေး အခြေအနေ အရပေါ့နော် ဘယ်လို ပြန်ဖြစ် မလာမလဲ ဆိုတာကတော့ မသိသေးဘူးပေါ့နော်။

မသိင်္ဂ ီထိုက်။ ။ အခု တားထားတာက စစ်တပ်က တားထားတာလား၊ ရဲက တား ထားတာလား။ ဘယ်သူတွေက တားထားတာလဲ။

ဦးနော်လီ။ ။ ဂိတ် ကတော့ စစ်တပ် ဂိတ် ဖြစ်ပါတယ်။ ဒါပေမယ့် လာရောက် ညှိနှိုင်းတာကတော့ ရဲ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လာရောက် ညှိနှိုင်း တိုင်ပင်နေတာ တွေ့ရပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဘိန်းခင်း ဖျက်တာကိုတော့ ဒီနှစ်မှ စလုပ်တာလား။ ရပ်မိ ရပ်ဖတွေ ရပ်ရွာက စုပြီး လုပ်ကြတယ်လို့ ကျမတို့ ကြားထားလို့ပါ။ ဒီနှစ်မှ စလုပ်တာလား။ နှစ်စဉ်ဘဲ လုပ်နေကြလားရှင့်။

ဦးနော်လီ။ ။ ခါတိုင်းနှစ်ကတော့ သက်ဆိုင်ရာ ဌာန ဆိုင်ရာကပေါ့နော် လုပ်နေတာ တွေ့ရတယ်။ ဒီနှစ်ကတော့ ပြည်သူလူထု ပါဝင်လာတဲ့ အပိုင်း တွေ့ရတယ်။ ခါတိုင်းနှစ်က ပြည်သူ လူထု အခုလို ပါဝင်တာ မရှိဘူး ဒီနှစ်မှ စတာ ဖြစ်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ပြည်သူလူထုကပါ ဒီမူးယစ်ဆေးကို ဘိန်းခင်းပေါ့နော်။ ဘိန်းခင်းကို ဖျက်မယ်ဆိုပြီး အင်တိုက် အားတိုက် ဖြစ်လာရတဲ့ အကြောင်းရင်းက ကချင်ပြည်နယ်တွင်းက မူးယစ်ဆေးဝါး ပြဿနာက စိုးရိမ်ရတဲ့ အနေအထား ရှိနေလို့လား။ ဘာကြောင့် ပြည်သူလူထုက ထွက်ပြီး ဘိန်းခင်း ဖျက်မယ်ဆိုတဲ့ အဆင့် ဖြစ်လာရတာပါလဲ။

ဦးနော်လီ။ ။ အဲဒါက ကျနော့် အမြင်က ၂ ချက် ရှိပါတယ်။ ၁ ချက်က တကယ့်ကို ဒေသခံ ပြည်သူလူထုက ဆိုးဆိုးရွားရွားကိုပေါ့နော် မူးယစ်ဆေးဝါး သုံးစွဲလာတာကို တွေ့နေရတယ်။ အဲဒါကျတော့ ဒီပြည်သူ လူထုကနေ အသင်းတော်တွေကနေ ခရစ်ယာန် အသင်းတော်တွေကနေ စုပေါင်းပြီးတော့မှ ပြည်သူလူထုတွေ ဒီ မူးယစ်ဆေးဝါးကို ဆိုးဆိုးရွားရွား အထူးသဖြင့် လူငယ်တွေပေါ့နော် ပျက်ဆီးသွားတာတွေက ပိုပြီးမှ ဆိုးရွားလာတာကို တွေ့တဲ့ အခါကျတော့ ဒီ အသင်းတော်က ဦးဆောင်တာ တွေ့ရတယ်။

နောက် ဒုတိယ တချက်ကတော့ ဒီဘိန်းခင်း စိုက်တယ်ဆိုတာ တကယ်တန်းကျတော့ စပါးတို့ ပြောင်းတို့ ဘာတို့ စိုက်လို့ မရတဲ့ ဒေသမှာ နေထိုင်တဲ့ ဒေသခံတွေ အရင်တုန်းကတော့ ရှေးရိုးရာ အလိုက် နည်းနည်းပါးပါး ဆေးဖြစ် ဝါးဖြစ် စိုက်ကြတာ ရှိတယ်။ ဒါပေမယ့် အခု နောက်ပိုင်းကျတော့ တဘက် နိုင်ငံကနေ စီးပွားရေး လုပ်ငန်းရှင်တွေ ပုံစံ လာရောက်လုပ်ကိုင်တဲ့ အခါကျတော့ ကိုယ့်နိုင်ငံ အတွင်းမှာ လာရောက် လုပ်ကိုင်တဲ့ အခါကျတော့ အဲလိုမျိုးတွေပေါ့။ တကယ်တမ်း ကျတော့ ဒေသခံတွေရဲ့ နာမည်ယူပြီးတော့ တဘက် ကိုယ်ကျိုးစီးပွားရှာတဲ့ လူတွေက ပိုပြီးမှ ဖြစ်နေတယ်ပေါ့။ အဲဒီ အမြင် ၂ ဘက်နဲ့ ဒီဟာကို မလုပ်မဖြစ်ဘူး ဆိုပြီး ပြည်သူလူထုက ဝိုင်းဝန်း လုပ်ဆောင် ပါဝင်လာကြတဲ့ သဘောရှိတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးနော်လီ ခေါ် ဇခေါင်ခမ်းရယ်ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG