သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ဘိန်းခင်းတိုက်ဖျက်ရေး လွှတ်တော်တင်မည်


ကချင် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဝင်များ ( သတင်းဓါတ်ပုံ-Jade Land Kachin Facebook)
ကချင် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဝင်များ ( သတင်းဓါတ်ပုံ-Jade Land Kachin Facebook)

ကချင်ပြည်နယ်တွင်း ဘိန်းခင်းဖျက်ဆီးတိုက်ဖျက်ရေးမှာ အစိုးရက ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ လွှတ်တော်မှာ အဆို တင်သွင်းဖို့ရှိတယ်လို့ ကချင်နိုင်ငံရေးပါတီတခုက ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ ဘိန်းခင်းဖျက်ဖို့သွားတဲ့ ထောင်နဲ့ချီတဲ့လူတွေ ချီဖွေလမ်းခွဲမှာ သီတင်းတပတ်နီးပါး ကြာအောင် ပိတ်ဆို့တားဆီးခံထားရချိန်မှာပဲ အခုလိုပြောလိုက်တာပါ။ ဒီကနေ့မှာတော့ Pat Jasan ဘိန်းခင်းဖျက်ဆီးရေး ကချင်လူထုအဖွဲ့နဲ့ ကချင်ပြည်နယ်တွင်း မြို့အသီးသီးက ကချင်လူထု ထောင်ချီ ပူးပေါင်းပါဝင်ပြီး အဲဒီတားဆီးခံထားရတဲ့နေရာမှာ ဝတ်ပြုဆုတောင်းပွဲ လုပ်ကြပါတယ်။ ဘိန်းခင်းဖျက်ဆီးရေး ကချင်လူထုရဲ့ ကြိုးပမ်းမှု အဟန့်အတားဖြစ်နေရတဲ့ နောက်ဆုံး အခြေအနေကိုကတော့ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မူးယစ်အန္တရာယ်ကြီးမားနေတဲ့ ကချင်ပြည်နယ်တွင်း ဘိန်းဖျက်လုပ်ငန်းတွေကို ဒေသခံပြည်သူလူထုက ဦးဆောင်ပြီး ဆောင်ရွက်နေတာကို အစိုးရနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကပါ ပြည်သူလူထုနဲ့အတူ လက်တွဲပူးပေါင်းပါဝင်ကြဖို့ အဆိုကို လွှတ်တော်ထဲမှာ ရှေ့သီတင်းပတ်ထဲ တင်သွင်းနိုင်ခြေရှိတယ်လို့ ကချင်နိုင်ငံရေးပါတီ ဖြစ်တဲ့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်ကပြောပါတယ်။

“လွှတ်တော်အသစ်မှာလည်းပဲ အခု မနက်ဖြန်၊ တပတ်ခါလောက်မှာတင်မယ့်အနေအထား ကြားသိရတယ်။ ဆောင်ရွက်တဲ့နေရာမှာပြည်သူလူထုနဲ့ အစိုးရ နဲ့ လက်တွဲပြီးဆောင်ရွက်သင့်တယ်။ အားလုံးရဲ့ အန္တရာယ်ဖြစ်နေတဲ့အတွက်ကြောင့်ဆိုတဲ့ဟာမျိုးကို အဆိုတင်မယ်ဆိုတဲ့ဟာမျိုးကို ကြားသိရတယ်။

အထူးသဖြင့် ကျနော်တို့ပြည်နယ်ဘက်မှာ ခံစားနေရတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ပေါ့လေ။ အဲဒါနဲ့ ပတ်သက်တာကို အစိုးရအနေနဲ့ တက်နိုင်သမျှ ကြိုးစားနေပေမယ့်လို့လဲ၊ တဖက်က ရောင်းတာ၊ဝယ်တာ၊သုံးစွဲတာ ပိုပိုများလာတဲ့အတွက်ကြောင့် ပြည်သူလူထုတွေလည်း ကိုယ်တိုင်ပါဝင်ပြီးတော့ ဒါ မှုးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးကို ဆောင်ရွက်သင့်တယ်။ အစိုးရနဲ့ လက်တွဲပြီးတော့ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးကို ဆောင်ရွက်သင့်တယ် ဆိုတဲ့ အဆိုကို တင်ပြီးတော့ လွှတ်တော်ကတော့ အတည်ပြုပြီးဖြစ်ပါတယ်။ ပြည်သူလူထုလည်း ပါဝင်ပြီးတော့ တိုက်ဖျက်ဖို့ဆိုတဲ့ ဥစ္စာ၊ ကျနော်တို့လွှတ်တော်ပိုင်းမှာ ပါဝင်ခဲ့တဲ့ဟာပေါ့။

ထိုနည်းတူစွာ ပြည်သူ့လွှတ်တော်ဘက်ကလည်း အဲလိုအဆိုတင်သွင်းပြီးတော့ အတည်ပြုထားတဲ့အချက်တွေလည်းရှိခဲ့တယ်။ ဆိုတော့ လွှတ်တော်ပိုင်းကလည်း တက်နိုင်သမျှ တော့ ဆောင်ရွက်ခဲ့တာပေါ့လေ။”

ကချင်ပြည်နယ်တွင်း ဘိန်းခင်းအများဆုံးစိုက်ပျိုးရာ ဒေသတွေဖြစ်တဲ့ ကဒုံးနဲ့ ကန်ပိုင်တီဒေသတွေဆီကို သွားနေကြတဲ့ Pat Jasan လို့ခေါ်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ကို ဘိန်းခင်းပိုင်ရှင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်မှာစိုးတဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကစလို့စစ်တပ်နဲ့ နယ်မြေရဲလုံခြုံရေးတွေဘက်က ပိတ်ပြီး တားဆီးခဲ့တဲ့အတွက် ရောက်ရာနေရာဖြစ်တဲ့ ချီဖွေ-ဆဒုံးလမ်းခွဲ လမ်းမကြီးပေါ်မှာ ခေတ္တ ရပ်ဆိုင်းလိုက်ရပြီးတဲ့နောက် ဘိန်းဖျက်အဖွဲ့တွေဟာ လမ်းမတွေပေါ်မှာပဲ ရွက်ဖျင်တဲတွေ ထိုးပြီး ဖြစ်သလိုနေနေကြဆဲဖြစ်ပါတယ်။

သီတင်းတပတ်ကြာ ပိတ်ဆို့ခံထားရလို့ အခက်အခဲတွေ များစွာနဲ့ ကြုံနေရတဲ့ Pat Jasan မူးယစ်တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ စောင့်ဆိုင်းနေခဲ့ပြီး ဒီကနေ့မှာတော့ တပ်မတော်နဲ့ ရဲဘက်က သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ချိန် မှာတော့ ကချင်အဖွဲ့တွေဘက်က လိုက်ပါသွားတဲ့ လူငယ်တွေ သတင်းမှတ်တမ်းရယူမှုနဲ့ ပတ်သက်ပြီး နှစ်ဘက် အခြေအတင်ဖြစ်ခဲ့တယ်လိ ု့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကိုထွယ်အောင်က ပြောပြပါတယ်။

“သူတို့ဆီက လူကြီးတွေကို ကျနော်တို့ Pat Jasan အဖွဲ့ဘက်က လူကြီးတွေက အစည်းအဝေးလုပ်ဖို့ခေါ်တဲ့အချိန်မှာ သူတို့ မလာဘူး ။ အဲဒါနဲ့ ကျနော်တို့ဆီက လူကြီး ၆ ယောက်လောက်က သူတို့ဆီကို အစည်းအဝေး သွားလုပ်မယ်ဆိုတော့ ဓါတ်ပုံယူဖို့ မီဒီယာသမားလို့ပြောလို့ရမှာပေါ့ Camera ကိုင်တဲ့လူ ကျနော်တို့ဆီက ဓါတ်ပုံဆရာ ၄၊ ၅ ယောက်ကို ခေါ်သွားတယ်။ ခေါ်သွားတော့ သူတို့က တဲအထဲမှာ အစည်းအဝေး လုပ်နေတယ်။ ကျနော်တို့ အဲဒီမှာ ရိုက်ပြီးတော့ အပြင်မှာ ပြန်သွားရိုက်မယ်လေ ဆိုပြီးမှ အပြင်ထွက်ပြီး ဆရာတယောက်နဲ့ စကားပြောရင်းနဲ့ ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ စစ်သား ၂ ပွင့် ဗိုလ်ကလာပြီးတော့ ဓါတ်ပုံမရိုက်ရဘူး၊ ဘာညာပြောပြီးတော့ ကျနော့် camera ကို လုတယ် အဲလိုမျိုးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ထိုးကြတာပေါ့။ အဲ့ခါကျတော့ သေနတ်မောင်းချိန်တာတို့ရှိတာပေါ့၊ ကျနော်တို့အဖွဲ့ကို ဝိုင်းလိုက်တာတို့ ရှိတာပေါ့ ၊ ကုန်းပေါ်က ဟာတွေရော အကုန်လုံး။”

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ကချင်ပြည်နယ်တွင်းက မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် အစရှိတဲ့ မြို့အသီးသီးက ကချင်ဘာသာရေး အဖွဲ့အစည်းပေါင်းစုံနဲ့ ကချင်ရပ်မိရပ်ဖတွေ၊ ကချင်ပြည်သူလူထုနဲ့ ကချင်လူငယ်တွေ ဆိုင်ကယ်တွေ ကားတွေနဲ့ ထောင်ချီရောက်ရှိလာကြပြီး ဘိန်းခင်း သွားဖျက်မယ့် Pat Jasan လို့ခေါ်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရည်ရွယ်ချက် အတိုင်း အောင်မြင်အောင် ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ရေး စုပေါင်း ဆုတောင်းဝတ်ပြုပွဲတခု ကျင်းပခဲ့ပါတယ်။

ကြွေးကြော်သံများ -(ဘိန်းခင်းစိုက်သူ ဒို့ရန်သူ၊ ဘိန်းခင်း ကာကွယ်သူ ဒို့ရန်သူ၊ ဘိန်းခင်းစိုက်ပျိုးရေး အားပေးသူဒို့ရန်သူ၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူ ဒို့ရန်သူ ဘိန်းစိုက်ပျိုးသူ ကာကွယ်သူ ဒို့ရန်သူ)

ကချင်မိသားစုတိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ရှိလာနေလို့ အနာဂတ် ကချင်လူငယ်မျိုးဆက် တွေအတွက် အရမ်းကို အန္တရာယ်များလာနေပြီ ဖြစ်တဲ့အတွက် မူးယစ်တိုက်ဖျက်ရေးမှာ ကချင်လူငယ်တွေပါ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကိုထွယ်အောင်က ပြောပါတယ်။

“ကျနော်တို့ ကချင်လူငယ်တော်တော်များများ ၈၀ ရာခိုင်နှုန်းလောက်က ဘိန်းစားတွေကြီးဘဲ။ ဘိန်းစိုက်တဲ့လူတွေက ကျနော်တို့ကချင်တွေ မဟုတ်ဘူး။ တရုတ်သူဌေးတွေ လာစိုက်တယ်။ အဲဒီမှာမှ ကချင်လူငယ်တွေက ပိုက်ဆံရှာတာပေါ့ အဲလောက် အဆင့်ပဲရှိတယ်။ ကျနော်တို့ ကချင်တွေက စိုက်တာတော့ မရှိဘူးပေါ့ ။ အဲလိုဆိုတော့ ဘိန်းစားက များတယ်ဆိုတော့ ဒီဟာကို တိုက်ဖျက်ရမယ်ဆိုတဲ့ စိတ်တော့ရှိတယ်။ အခု ဒီဟာကို ပါဝင် တက်ကြွလှုပ်ရှားသူတွေထဲမှာ ကချင်လူငယ်တွေ အများကြီးပါဝင်တယ်။”

ကချင်ပြည်နယ်တွင်း လူငယ်တွေနဲ့ပြည်သူတွေကြား အထူးစိုးရိမ်စရာအနေအထားကို ရောက်နေတဲ့ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေး အတွက် ဘာသာရေးအဖွဲ့တွေက ဦးဆောင်တဲ့ ဒေသခံလူထုအင်အား ထောင်ချီ ပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ဘိန်းခင်းတွေကို ဘိန်းခြစ် ရာသီအမီ သွားရောက် ဖျက်ဆီးကြဖို့အရေးကြိုးစားနေကြတာဖြစ်တယ်လို့လည်း ဦးခက်ထိန်နန်ကပြောပါတယ်။

“ မိသားစုသော်လည်းကောင်း၊ ညီအစ်ကိုသော်လည်းကောင်း အကုန်လုံးက မူးယစ်ဆေးဝါးရဲ့သားကောင်တွေဖြစ်ကုန်တော့ မိသားစုတိုင်းက မခံစားနိုင်တော့လွန်းလို့ ဒါကို သူတို့ တိုက်ဖျက်လာတာ။ ဧကသုံးထောင်ကျော်လောက်တော့ ဖျက်ဆီးနိုင်ခဲ့ပြီ။ ပန်ဝါဒေသဘက်မှာက ဧက တစ်သောင်းကျော်လောက် ကျန်သေးတယ်။ အခုက ဘိန်းခြစ်တဲ့ရာသီရောက်လာပြီ တချို့ကလည်း စခြစ်နေပြီဆိုတော့ အချိန်မှီဖျက်ဆီးနိုင်မှ ထိရောက်မှာဖြစ်တဲ့အတွက် မရမက သွားပြီး ဖျက်ဆီးနိုင်မှ မဖြစ်မနေဆိုတဲ့ အနေအထားအရ သူတို့လည်း ကြိုးစားနေတဲ့ အနေအထား တွေ့ရတယ်။”

မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာက ကချင်ပြည်သူလူထုနဲ့ လူငယ်တွေကြားမှာ အတော်လေးကို အန္တရာယ်ကြီးမားနေတာဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်နဲ့ ပတ်ဝန်းကျင် လူမှုစီးပွားတွေအတွက် အထူးစိုးရိမ်စရာအနေအထားဖြစ်လာနေတဲ့အတွက် ကချင်ပြည်နယ်တွင်း မြို့နယ်ပေါင်းစုံ၊ သာသနာရေးက ခရစ်ယာန် အသင်းတော်ဂိုဏ်းပေါင်းစုံနဲ့ လူမှုအဖွဲ့အစည်းတွေ ဒေသခံ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်တဲ့ လူအင်အား ထောင်ချီ ပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ကြီးက ဦးဆောင်ပြီး ကချင်ပြည်နယ်တွင်း ဘိန်းခင်းဧက အများဆုံး စိုက်ပျိုးထားတဲ့ ဒေသတွေက ဘိန်းခင်းတွေကို သွားဖျက်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG