သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲ အစိုးရ နဲ့ KIA ပြန်လှန်စွပ်စွဲ


လိုင်ဇာမြို့က ကချင် စစ်ပြေးဒုက္ခသည်စခန်းတခု။ (ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂)။
လိုင်ဇာမြို့က ကချင် စစ်ပြေးဒုက္ခသည်စခန်းတခု။ (ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂)။
ကချင်ပြည်နယ် ဖားကန့်မြို့မှာရှိတဲ့ ရဲစခန်းတခုကို KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ် လဂျားယန်ဘက်ကို မြန်မာစစ်တပ်က ဒီကနေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်နေတုန်းပဲလို့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလို အပြန်အလှန် စွပ်စွဲမှုတွေ ရှိတဲ့အကြောင်း ဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာအစိုးရဘက်က ကချင်ပြည်နယ် လဂျားယန်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ရပ်တန့်မယ်လို့ ကြေညာချက် ထုတ်ပြန်အပြီးမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတဲ့အကြောင်း နှစ်ဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုမှုတွေ ထွက်လာတာပါ။

စနေနေ့ မနက်အစောပိုင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေက ဖားကန့်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းတခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သလို ဗန်းမော်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့်လည်း လူအတော်များများ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့မနက် ၄ နာရီခွဲ ကျော်ကျော်လောက်မှာ ဖားကန့်မြို့နယ်၊ ကာမိုင်း မြို့နယ်ခွဲ ရဲစခန်းကို KIA အင်အား ၁၀၀ လောက် ဆိုက်ပါတယ်။ ၇ နာရီ ၄၅ မှာတော့ ကျနော်တို့ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ဆုတ်ပေးလိုက်ရပါတယ်။ KIA အဖွဲ့တွေကတော့ ၉ နာရီ ၄၅ မှာ စခန်းကို မီးရှို့ပြီးတော့ ပြန်ထွက် သွားပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့က ရဲတပ်သား ၂ ယောက် ကျဆုံးပါတယ်။ ၅ ယောက် ဒဏ်ရာ ရပါတယ်။”

KIA ဘက်ကရော အကျအဆုံး ရှိပါလား။ -

“အဲဒါတော့ ကျနော်တို့ မသိပါဘူးခင်ဗျာ။ ဟိုမှာတော့ မကျန်ခဲ့ဘူး။ ရရင်တော့ သူတို့ဟာသူတို့ သယ်သွားမှာပေါ့။ ရဲစခန်းနဲ့ လူနေအိမ်တချို့ မီးလောင်သွားပါတယ်။ နောက်တခုက ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာပါ။ ဗန်းမော်-လွယ်ဂျယ် ကားလမ်း မိုင်နိုင် (၂၇) မှာ ဗန်းမော်ကနေ လွယ်ဂျယ်ကိုလာတဲ ခရီးသည်တင် ဗန်ကား ၂ စီးနဲ့ ဟိုင်းလက်ကား ၁ စီးကို မိုင်းခွဲ တိုက်ခိုက် ခံရပါတယ်။ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာ ရပါတယ်။ အားလုံး အရပ်သားတွေ ချည်းပါပဲ။”

လုံခြုံရေးအတွက် လိုအပ်တဲ့ ကန့်သတ် ရည်မှန်းချက်တွေကို ရရှိပြီး ဖြစ်တဲ့အတွက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် မနက် ၆ နာရီက စတင်ပြီး လဂျားယန် ဒေသက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေကို ရပ်ဆိုင်းမှာ ဖြစ်တဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် အစိုးရတပ်ဖွဲ့တွေ အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရန်မှအပ စတင် ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့လည်း သမ္မတက ညွန်ကြားချက် ထုတ်ပြန်ထားတယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြ ထားတဲ့အကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့က ပြောသလိုပဲဗျ။ ကျနော်တို့တပ်ကို လာမပစ်သရွေ့၊ ကျနော်တို့ စတင် ပစ်ခတ်တာ လုံး၀ မလုပ်ပါဘူး။ အဲဒီမှာဖြစ်တဲ့ တိုက်ပွဲတွေကလည်း သူတို့က လာပစ်ရင်တော့ ကျနော်တို့က ခုခံပစ်တာတော့ ရှိနိုင်တာပေါ့ဗျာ။ တကယ်ကျတော့ စပြီးတော့ ကျနော်တို့ဘက်က ရပ်ဆိုင်းပြီးနောက်မှာ တိုက်ခိုက်တာ KIA အဖွဲ့က ဖြစ်ပါတယ်။ ဖားကန့်မှာ ရဲစခန်းတခုကို ဝင်စီးသွားပါတယ်။ လွယ်ဂျယ်လမ်းမှာ ကားမိုင်းဗုံးခွဲ တိုက်ခိုက်လို့ အရပ်သား ၂၂ ယောက် ဒဏ်ရာရတာဖြစ်ပါတယ်။ အရှင်းကြီးပါပဲ၊ အစကတည်းက ကျနော်တို့က သမ္မတကြီး ထုတ်ကတည်းကိုက ကချင်ပြည်နယ်နဲ့ဖြစ်တဲ့ ပဋိပက္ခတင် မဟုတ်ပါဘူး။ ရှမ်းပြည်မြောက်ပိုင်း ကွပ်ခိုင် ဒေသတွေမှာပါ အပါအဝင် တပ်မတော်က မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မလုပ်ရန်လို့ နဂိုကတည်းက ပြောထားပြီးသားပါ။ ဒီကြေညာချက်မှာလည်း လဂျားယန်ကို သီးခြား ရည်ညွန်း ပြောတာကတော့ လဂျားယန်မှာ အခုတလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက်ကြောင့်မိုလို့ ကျနော်တို့က လဂျားယန်မှာဖြစ်တဲ့ နယ်မြေရှင်းလင်းမှုဟာကို သီးခြား ရည်ညွန်းပြီးတော့ ပြောတာပါ။”

မြန်မာအစိုးရဘက်က အဲဒီလို ကြေညာချက်၊ အမိန့်တွေ ထုတ်ပြန်ထားပေမဲ့လည်း အပစ်ရပ်မယ်လို့ ပြောထားတဲ့ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေသေးတဲ့ အကြောင်း KIA တပ်ဖွဲ့တွေနဲ့ ပူးတွဲ ပါဝင်တိုက်ခိုက်နေတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြောက်ပိုင်းနယ်မြေက နိုင်ငံရေးတာဝန်ခံ ရဲဘော် ကျော်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“ခုနကပဲ တိုက်ပွဲဖြစ်နေတယ်။ ၁၁ နာရီနဲ့ ၃၅ မိနစ်လောက်က။ အခု မြန်မာ့တပ်မတော်က စပြီး စဖောက်တာပေါ့နော်။ ကြည်းကြောင်းတွေကို စဖောက်နေတယ်။ သူတို့ကတော့ အင်အားကတော့ အလုံးအရင်းနဲ့ သုံးနေတာပဲလေ။ သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်ပြီးတော့ ထုံးစံအတိုင်းပဲပေါ့၊ လက်နက်ငယ်နဲ့ အောက်က ပြန်ပစ်တာပေါ့။ KIA က အခုလောလောဆယ် ရှိတဲ့နေရာမှာပဲ ပြန်ပြီးတော့ ရှေ့တက်မလာအောင် တိုးမလာအောင် ကန့်ထားတာ။ ကန့်ထားတဲ့အနေအထားပေါ့ဗျာ။ လေကြောင်းအကူကတော့ ဒီနေ့ ဘာမှ မကြားရသေးဘူး။”

ဇန်နဝါရီ ၁၈ ရက်၊ သောကြာနေ့ကလည်း ဒီဒေသမှာ တိုက်ပွဲတွေ တနေကုန်နီးပါး ဖြစ်ပွားခဲ့တယ်လို့ ရဲဘော်ကျော်ကျော်က ပြောပါတယ်။ တဘက်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့တွေ တဖြည်းဖြည်းနဲ့ တိုးလာနေတာကို တွေ့ရတဲ့ အတွက် အထက်က အမိန့်ထုတ်ပြန်ထားတာနဲ့ အောက်ခြေ တပ်ဖွဲ့တွေရဲ့ လုပ်ရပ် ကွာခြားနေတယ်လို့လည်း ရဲဘော် ကျော်ကျော်က ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ဖြစ်ပေါ်နိုင်အောင် ဆက်လက် လုပ်ဆောင်နေတယ်လို့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ကတော့ ဒါတွေ မကြေညာခင်ကလည်း ကျနော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဆက်ပြီးတော့ ကမ်းလှမ်းထားပါတယ်။ အခုလည်း ကျနော်တို့ မကြာခင်မှာ ကမ်းလှမ်းမှု ကျနော်တို့ ထပ်ပြီးတော့ လုပ်မှာပါ။ ဒီနေ့လောက်တောင်မှ ကျနော်တို့ လုပ်ဖြစ်မလား မသိသေးဘူး။”

အစိုးရတပ်ဖွဲ့တွေအနေနဲ့ ကချင်ပြည်နယ် လဂျားယန်ဒေသတွေတင် သာမကပဲ ရှမ်းပြည်နယ်အပါအဝင် တခြား တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေအားလုံးမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သလို သောင်းနဲ့ချီတဲ့ အပြစ်မဲ့ ပြည်သူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
XS
SM
MD
LG