သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန်


ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရ စစ်တပ်က ဒီကနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော် က ပြောပါတယ်။ အစိုးရစစ်တပ်ဟာ ဒီဒေသမှာ ဗျူဟာအရ အရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို သိမ်းပိုက်နိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ KIO ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ အခုလအစောပိုင်းတုန်းက သမ္မတ ဦးသိန်းစိန်က ပြောဆိုအပြီးမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရက်ဆက်ဆိုသလို ဖြစ်နေတာပါ။ စနေနေ့မှာ လည်း မြန်မာစစ်တပ်ဘက်က တနေကုန် လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ဗိုလ်မှူး မင်းဋ္ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ အသားကုန်ချတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်တာ၊ မိုးရွာသလိုကို ပစ်တာ။ လက်နက်ကြီးတွေနဲ့ အများကြီးပဲ ပစ်တယ်။ အောက်ရောက်မှ ကွဲတာလည်း သုံးတယ်။ လေပေါ်မှာ ကွဲတဲ့ဟာလည်း ရှိတယ်။ အောက်မှာကျတော့ ဘန်ကာ အဖြိုတွေလေ။ အဲဒီ overhead ဖြိုတဲ့ဟာတွေ သုံးတယ်။ အဲဒီကောင်တွေက အောက်အနက်ကို ၄ ပေ၊ ၅ ပေလောက် ဝင်သွားတာ မြေကြီးထဲကို။ ဟော… အခုတောင် ပစ်နေတယ်။ ချနေကြတယ်။”

မြန်မာစစ်တပ်က အဲဒီလို လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ကေအိုင်အို ဌာနချုပ် လဂျားယန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခါယာဘွမ် တောင်ကုန်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အကြောင်းလည်း ကချင်သတင်းဌာနက အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။

“ဒီနေ့က သူတို့ ကေအိုင်အေရဲ့ တောင်ကုန်းတကုန်းကို အစိုးရတပ်တွေ သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပေါ့နော် ဒီနေ့မနက်ပိုင်းမှာ။ အဲဒါကတော့ အခု လဂျားယန်နဲ့ ကပ်လျက်လောက် ရှိတဲ့ ကေအိုင်အေအတွက် အရေးပါတဲ့ ခါယာဘွမ် ပေါ့၊ အဲဒီဟာကို သူတို့ သိမ်းလိုက်ပြီဆိုတဲ့သတင်း အဲဒါ ကျနော်တို့ သိရတာပေါ့။ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်က ဒီတောင်ကုန်းပေါ့။ ကေအိုင်အေ အမာခံစခန်းပဲ။ ကျနော်တို့ကြားတာ သူတို့က ကလက်စတာဗုံးတွေ သူတို့ သုံးတယ်ဆိုတဲ့ဟာ ကြားရတာပေါ့။”

ခါယာဘွမ်တောင်ကုန်းဟာ ဒီဒေသမှာ မဟာဗျူဟာမြောက်တဲ့ တောင်ကုန်းတခု ဖြစ်တယ်လို့လည်း ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။

“တောင်ကုန်းကတော့ သူက ပွိုင့် - ၁၀၁၂ ရှိတယ်လေ။ သူက မြင့်တာကိုး။ မြင့်တော့ ဒီဘက်မှာ စိုးမိုးကုန်းပေါ့။ ဒီဒေသကို စိုးမိုးကုန်း။ ဆိုတော့ သူက အဲဒီကနေပြီးတော့မှ စိုးမိုးကုန်းကို သူတို့ရသွားပြီဆိုရင်တော့ ကျန်တဲ့ကုန်းတွေက အောက်ရောက်သွားပြီကိုး။ ဆိုတော့ ဒေသတဝိုက်မှာတော့ သူ အမြင့်ဆုံး ဖြစ်နေတော့ သူတို့ အဲဒီကုန်းကို မရမချင်း ထိုးစစ်ဆင်တယ်။ အင်အားတွေကလည်း တောင် ပတ် ပတ်လည်မှာ ပတ်ပြီးတော့မှ ထိုးစစ်ဆင်နေတာတော့ ကျနော်တို့ သိရတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်ပြီးတော့ လက်နက်ကြီး ကျည်ကုန်သွားတယ်တဲ့။ ကုန်သွားတော့ ဟိုတလောက သူတို့သိမ်းထားတဲ့ ပွိုင့် - ၇၇၁ ကို ရဟတ်ယာဉ်နဲ့ နှစ်ခါ လာပြန်ချတယ်။ ဟိုက်စကီးနဲ့။ လက်နက်ကြီးကျည်တွေ ချပြီးတော့မှ တခါ ပြန်ပစ်တယ်။ ပစ်တော့ ဒီဘက်ကလည်း ပစ်တယ်လေ။ ဟိုဘက်ပစ်၊ ဒီဘက်ပစ်။ ပစ်ပြီးတဲ့အခါကျတော့ ဆီပြန်ကုန်သွားတဲ့ပုံ ရှိတော့ သူတို့ ပြန်ပြီး ရပ်သွားတယ်။ တောင်ကုန်းကိုတော့ အများကြီးတော့ ပစ်လိုက်တယ်။ ထောင်ချီ ပစ်လိုက်တယ်လို့ ပြောတယ်။”

မြန်မာစစ်တပ်က အေအိုင်အို ကို လေကြောင်းကနေပါ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် နိုင်ငံတကာမှာ ဝေဖန် ပြောဆိုမှုတွေ ထွက်လာပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်မှုတွေ မလုပ်တော့ပေမဲ့လည်း ရဟတ်ယာဉ်တွေတော့ အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးမင်းဌေးက ပြောပါတယ်။

“အခုက လေယာဉ်တွေဘာတွေ မလာတော့ဘူး။ အခု နိုင်ငံတကာလူတွေကလည်း သိသွားတဲ့အခါ ကျတော့ သူက လေယာဉ်တွေက မလာတော့ဘဲနဲ့ သူတို့ တိုက်ပွဲပုံစံက ပြောင်းသွားတယ်။ ရဟတ်ယာဉ်က ပစ္စည်းသယ်တာတွေ၊ ပို့တာတွေေတော့ လုပ်နေတယ်။ လေကြောင်းတွေက တိုက်တာတော့ မလုပ်တော့ဘူး။ ရှိသမျှ လက်နက်ကြီးတွေ အကုန်လုံး၊ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကြီးတွေ အကုန်လုံး ယူလာသလား မသိပါဘူးဗျာ။ အကုန်လုံး ပတ်ပတ်လည်ကနေ ပြီးတော့မှ လက်နက်ကြီးတွေချည်းပဲ ပစ်တာ။ အများကြီး။ တစက္ကန့်ကို အချက်ပေါင်း မြောက်များစွာနဲ့ ပစ်တယ်ဆိုတော့ အလက် ဘယ်လောက်ရှိမလဲ ကျနော်တို့ မသိတော့ဘူး။ ခန့်မှန်းရလည်း ခက်တယ်။ အဲဒီလိုမျိုး ကုန်းတကုန်းကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပစ် ပစ်လိုက်တာလေ။ ရဟတ်ယာဉ်တွေတော့ သွားတာ လာတာ၊ လူချတာ၊ အဲဒါတွေတော့ လုပ်နေကြတယ်။”

ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပြခဲ့တာပါ။

အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ သိရှိနိုင်အောင် ဗွီအိုအေက ကေအိုင်အိုနဲ့ မြန်မာအစိုးရ ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက် ဒဏ်ရာရမှုတွေ ရှိတယ်ဆိုပေမဲ့လည်း စာရင်းအတိအကျတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တဦးကတော့ လက်နက်ကြီးတွေ ထိမှန်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။

တိုက်ပွဲတွေအဆုံးသတ်ပြီး နှစ်ဘက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ လွှတ်တော်နဲ့ နိုင်ငံရေးအင်အားစုတွေကပါ တိုက်တွန်း ပြောဆိုနေကြပေမဲ့ တိုက်ပွဲအရှိန်တွေကတော့ ခုချိန်ထိ လျော့မသွားသေးပါဘူး။
XS
SM
MD
LG