သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်မှာ တိုက်ပွဲဆက်ဖြစ်


ကချင်လွတ်မြောက်ရေးတပ်က ကချင်စစ်သားများကို တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးတပ်က ကချင်စစ်သားများကို တွေ့ရစဉ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ဒီကနေ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကနေ ဒီကနေ့ထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ကြောင့် မန်စီမြို့နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည် တထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မန်စီမြို့နယ် နန့်လင်းပါ စခန်းက ဒုက္ခသည် ၁၅၀၀လောက်ဟာ လုံခြုံရေးအရ သွားလာရေး အခက်အခဲကြောင့် ရိက္ခာပြတ်လပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ တပြည်လုံး အပစ်ရပ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းမှာ အောက်တိုဘာလ နောက်ဆုံးပတ် ကတည်းက ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဟာ ဒီကနေ့အထိ ရပ်ဆိုင်းသွားတာ မရှိသေးပါဘူး။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကတော့ KIA တပ်မဟာ ၃လက်အောက်က တပ်ရင်း ၁၂နဲ့ အစိုးရတပ်ဖက်က ဗန်းမော်အခြေစိုက် စကခ-၂၁ လက်အောက် နည်းဗျူဟာ (၂) က တပ်ရင်းတွေ ဖြစ်တယ်လို့ KIA တပ်ရင်း ၁၂က တပ်ရင်းမှုး ဗိုလ်မှူးဂျွန်အောင်က ပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို -
"အခုလည်း ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ ရွာမှာ။ မန်စီမြို့နယ်မှာ ဖြစ်ပါတယ်။ ရှမ်းပြည် နယ်စပ်ဘက် ကျတာပေါ့နော်။ ၃နာရီကစတာ။ အခုလည်း တိုက်နေတုန်းပဲ။"

မနေ့ကလည်း မနက် ၁၀နာရီလောက်က စတင်ပြီး မန်စီမြို့နယ်အတွင်းမှာ အနည်းဆုံးတိုက်ပွဲ ၂နေရာ ဖြစ်ခဲ့ပါတယ်။ မန်စီမြို့နယ်အတွင်းက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၂ရက်လောက်က နေ ပြန်လည် ပြင်းထန်လာတာပါ။

ဒီတိုက်ပွဲတွေကြောင့် မန်စီမြို့နယ်အတွင်းက ထောင်နဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ နေရာ ၄နေရာ လောက်ကို တိမ်းရှောင် ထွက်ပြေးနေရတယ်လို့လည်း ဗန်းမော်မြို့က ဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ရဲ့မန်နေဂျာ ဦးနော်ဒင်းက ပြောပါတယ်။

"လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၂ရက်နေ့ကစပြီး အခုအချိန် အထိပေါ့လေ။ ဖြစ်တဲ့ကိစ္စမှာ IDP လူဦးရေ စုစုပေါင်းကတော့ ကြာသပတေးနေ့က စာရင်းအရဆို ၁၆၀၀ကျော်သွားပြီ။ ၁၆၀၀ကျော်က နေရာအားဖြင့်ဆို ၄နေရာပေါ့။ ၄နေရာကို ပျံ့သွားကြတယ်။ တချို့ မန်စီကို နည်းနည်းရောက်လာတယ်။ မိုင်ခေါင်ကိုရောက်လာတယ်။ ဗန်းမော်ကိုရောက်လာတယ်။ အဲ့ ၄နေရာမှာ ပျံ့သွားတယ်။ မန်စီမြို့နယ်မှာ သုံးနေရာပေါ့။"

မိုင်းခေါင်ဒုက္ခသည်စခန်းကိုရောက်လာသူတွေကို ကရုဏာမြန်မာ လူမှုကူညီရေးအသင်းက တလစာ ရိက္ခာနဲ့ အိုးခွက် ပန်းကန်တွေကို ထောက်ပံ့ထားပြီး မန်စီနဲ့ ဗန်းမော်က ဒုက္ခသည် စခန်းတွေကို ရောက်လာသူတွေကိုတော့ ဒေသခံလူမှုရေးအသင်းအဖွဲ့တွေနဲ့ ကုလသမဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ထားပါတယ်။
မန်စီမြို့နယ်က နန့်လင်းပါ ဒုက္ခသည်စခန်းမှာတော့ လူဟောင်းနဲ့လူသစ် ၁၅၀၀ကျော်လောက်ဟာ ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဦးနော်ဒင်းက ဆက်ပြောပါတယ်။

" အခုခက်နေတာက နန့်လင်းပါ ရောက်နေတဲ့သူတွေပဲ စိုးရိမ်ရတယ်။ နန့်လင်းပါမှာကျတော့ လူဦးရေ အဟောင်းနဲ့အခုပြန်ပြီး အသစ်ရောက်လာတဲ့ လူဦးရေဆိုရင် တစ်ထောင့်ငါးရာ၊ တစ်ထောင့်ခြောက်ရာ ဝန်းကျင်ရှိတယ်။ အဲ့ဒီ့လူတွေက လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၀ကျော်ကတည်းက ရိက္ခာပြတ်လပ်မှုနဲ့ကြုံတွေ့ရတာပေါ့နော်။ နန့်လင်းပါကို သွားနိုင်ဖို့ကတော့ အဓိက လုံခြုံရေးပါပဲ။ ကျနော်တို့ သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ သူတို့က အပေါ်ပိုင်းကတော့ ခွင့်ပြုတယ်။ ဒါပေမဲ့ ကျနော်တို့ သွားလိုက်တဲ့အချိန်မှာ လမ်းမှာ တိုက်ပွဲဖြစ်တော့ ကျနော်တို့ ပြန်ခေါက်ခဲ့ရတယ်။ အခုက ရွာမှာ ရနိုင်သမျပဲ စုဆောင်းစားသောက်နေရတာပေါ့လေ။"

နန့်လင်းပါ ဒုက္ခသည်စခန်းဟာ ၂၀၁၁ခုနှစ် KIA နဲ့အစိုးရတပ်အကြား တိုက်ပွဲတွေ ပြန်လည်စတင်တည်းက စစ်ရှောင်ဒုက္ခသည်စခန်း စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီလို ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားတိုင်း ကြားဝင်စေ့စပ်လေ့ရှိတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ကြားက အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်က ဗွီအိုအေကို အခုလိုပြောဆိုခဲ့ဖူးပါတယ်။

VOA မေး။ ။ "ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်တယ်လို့ ကျနော်တို့ကြားရတယ်။ တိုက်ပွဲတွေ တကယ်ဖြစ်နေတယ်ဆိုတော့ အဲ့တာ ဘာကြောင့်ဖြစ်ရတာလဲ။ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကြားက..."

"အဲ့တာက ခင်ဗျားတို့ဆီက ဘယ်နေရာမှာဖြစ်လဲ။"

ဗန်းမော်ဘက်မှာဖြစ်တယ်လို့ကြားတယ်။

"အဲ့ဗန်းမော်ဘက်မှာ ဖြစ်တယ်ဆိုတာ ဘာကြောင့်ဖြစ်တာတဲ့လဲ။ "

အဲ့တာကြောင့် ကျနော်တို့က မေးနေတာ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ။

" တိုက်ပွဲတွေဖြစ်တယ်လို့တော့ ပြောလို့မရတော့ဘူး။ သွားလှန်ရင်းနဲ့။ ခင်ဗျားတို့လည်းသိတာပဲ။ သတင်းစာထဲမှာလည်း ပါတယ်။ သစ်တွေမိတယ်။ ကားတွေမိတယ်။ ဟုတ်လား။ လမ်းကြောင်းမှာ ပြီးခဲ့တုန်းက ကျနော်တို့က ရှင်းမယ်။ အချက်၇ချက်မှာ လမ်းကြောင်းတွေ အားလုံးဖွင့်မယ်ဆိုပြီးတော့ လက်ရှိလုပ်နေတယ်။ လုပ်တဲ့ဟာမှာ တချို့ဟာလေးတွေ ကျနော်တို့လုပ်တဲ့အပိုင်းတွေမှာ ဒါ ပစ်တယ်၊ ခတ်တယ်ဆိုတဲ့အဖွဲ့တွေက ကေအိုင်အေကလို့ပြောလို့ရတယ်။ ပြောလို့လည်း မရဘူးပေါ့ဗျာ။ ဒီလိုဟာမျိုးတွေမှာ တဖက်နဲ့တဖက် ပစ်ခတ်မှုလေးတွေရှိတယ်။ ရှိတဲ့အခါမှာ ဒီအပေါ်မှာ တပ်မတော်ကနေပြီးတော့မှ ကေအိုင်အေနဲ့ဖြစ်နေပါတယ်လို့ ယတိပြတ်ကြီးပြောလို့မရဘူး။"

ဒါကတော့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက မြစ်ကြီးနားမြို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့တွေ့ဆုံပွဲမှာ ဗွီအိုအေမြန်မာပိုင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။

ဒီလ ၄ရက်နဲ့ ၅ရက်နေ့တွေကတော့ KIOအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ဖွဲ့က ခေါင်းဆောင်တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဟာ တပြည်လုံး အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် မြစ်ကြီးနားမြို့မှာနှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ တိကျတဲ့သဘောတူညီချက်တော့ မရခဲ့ပါဘူး။
XS
SM
MD
LG