သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ထပ်မံထွက်ပြေး


လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
ဒီရက်ပိုင်းတွေအတွင်း နိုင်ငံတော်သမ္မတနဲ့ အစိုးရခေါင်းဆောင်ပိုင်းက ကချင်ပြည်နယ်အတွင်းမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာရှိနေပေမဲ့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး၊ အထူးသဖြင့် ဖားကန့်ဒေသဘက်မှာ ဒုက္ခသည် ဦးရေဟာ တိုးများလာနေပါတယ်။ ဒီလိုအခြေအနေကြောင့် နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာတဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာလည်း ဝေဖန်မှုတွေ ပေါ်ထွက်လာနေပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းက စပြီး စစ်ရေးအရှိန်မြင့်တက်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ အစိုးရဘက်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးက လဂျားယန်မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ အစိုးရဘက်က ကြေညာခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် ကမ်းလှမ်းတာတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ပါတယ်။

စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ ကြေညာခဲ့တဲ့နောက်မှာလည်း အစိုးရတပ်တွေက သူတို့ဌာချုပ်ကို အမြောက်နဲ့ပစ်ခတ်နေဆဲဖြစ်တယ်လို့ KIO ဘက်က ပြောဆိုတာတွေရှိသလို အစိုးရဘက်ကလည်း KIAက ရဲစခန်းကိုတိုက်ခိုက်တာ၊ ခရီးသည်တင်ကားတွေ မိုင်းခွဲတာ၊ အစိုးရတပ်တွေကို ပစ်ခတ်တာတွေ ရှိတယ်လို့ အပြန်အလှန် စွပ်စွဲတာတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ဒီစွပ်စွဲပြောဆိုနေမှုတွေအကြားမှာပဲ မငြိမ်းချမ်းသေးတဲ့ အခြေအနေတွေကြောင့် ဒေသ ခံ ပြည်သူတွေဟာ စစ်ရဲ့ ဒုက္ခတွေကို ဆက်လက် ခံစားနေကြရပါတယ်။

“ကျမ စံပြကျေးရွာမှာရောက်နေပါတယ်။ စစ်သားတွေ ရောက်လာမယ်ဆိုတဲ့သတင်းတွေ ကြားရလို့ ထွက်ပြေးခဲ့ရတာပါ။ ဒီနေ့တော့ စစ်သားတွေ ရောက်လာပြီ။ သေနတ်သံတွေ ကြားရတယ်။ ဘယ်လောက်လောက် များတယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ ဒီနေ့ လောလောဆယ်မှာပဲ တိုက်ပွဲတွေ ဖြစ်နေတာ။”

ဒါကတော့ ဖားကန့်မြို့နယ်က ဒေသခံပြည်သူတယောက် ပြောပြတာဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ရာ ဒေသကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာက သူတွေ့ရှိတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“မနက် လေးနာရီလောက်ကတည်းက စစ်ကားတွေ တော်တော်များများပေါ့။ အဲဒီဘက်ခြမ်းကို သွားနေကြတယ်။ ချောင်းယံဘက်ကမ်းတွေမှာ။ အဲဒီနေရာတွေကျတော့ KIA နေတဲ့ နေရာတွေ။ ခွေးတအား ဟောင်တဲ့အခါကျတော့ ထကြည့်တဲ့အခါ စစ်ကားတွေက သွားနေတယ်။ ဒီမနက်ကျတော့ သေနတ်သံတွေလည်း ကြားတယ်။ ရွာသားတွေကတော့ တချို့က မနေ့ တနေ့ကတည်းက - အခြေအနေမကောင်းဘူး၊ စစ်တပ်ဝင်မယ်ပြောတယ်- ပြောလို့ ထွက်ပြေးကြတယ်။”

အောင်ရာစံပြကျေးရွာကို လော့ဂျာ၊ ဆဆင်နဲ့ ဂျဝမ်းကျေးရွာဖက်တွေက ဒုက္ခသည် အနည်းဆုံး ၄၀၀ လောက် ထွက်ပြေးရောက်ရှိလာနေတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဖားကန့်ဒေသ လုံးခင်းဖက်က အခြေအနေကိုတော့ ် ဒေသခံက အခုလို ပြောပါတယ်။

“၁၃ ရက်နေ့ကနေ တိုက်ပွဲတွေ စဖြစ်တဲ့ဥစ္စာက ဒီနေ့ထိအောင်ပဲ ကြားထဲမှာ တရက်၊ နှစ် ရက်လောက် နားတာပေါ့ဗျာ။ နားပြီးမှ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေက ဒီနေ့အထိ ဖြစ်နေ တုန်းပဲ ခင်ဗျ။ လုံးခင်းမှာ ဒုက္ခသည်စခန်း ၁၁ ခု ဖွင့်ထားပြီးတော့မှ ကျနော်တို့ လက်ခံထားရပါတယ်ခင်ဗျ။ ၂၁ ရက်နေ့ မနေ့ကအထိ ဒုက္ခသည်စခန်းတခုမှာ လူဦးရေ ၃ ထောင် ဝန်းကျင်လောက်ကို လက်ခံပြီးတော့မှ ထားရတယ်ခင်ဗျ။"

ဒီလ ၁၃ ရက်နေ့က စတင်ဖြစ်တဲ့တိုက်ပွဲတွေကြောင့် လုံခင်းအနီး ရွာပေါင်း ၂၁ ရွာက လူ ၂ သောင်း လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတာဖြစ်တယ်၊ လုံးခင်းနဲ့ ဖားကန့်က ဒုက္ခသည် စခန်းတွေမှာ လူ ၄ ထောင်လောက်ပဲ လက်ခံနိုင်ပြီး ကျန်တသောင်းခွဲလောက်ဟာ နီးစပ်ရာ ဆွေးမျိုး နဲ့ မိတ်ဆွေတွေ အိမ်မှာ ခိုလှုံနေကြတယ်လို့ ပြောပါတယ်။ လုံးခင်းက ဒုက္ခသည်တွေ ကိုတော့ ဒေသခံပြည်သူတွေ အပါအဝင် လူမှုရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ထားရတယ်လု့ိ လုံးခင်းဒေသခံက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာဘက်မှာလည်း တိုက်ပွဲတွေဟာ ဒီနေ့အထိ ပြင်းထန်နေဆဲ ဖြစ်တယ် လို့ ကျောင်းသားတပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဌေးက အခုလို ပြောပါတယ်။

“လိုင်ဇာဘက်မှာ လက်နက်ကြီးနဲ့ပစ်တယ်။ ခါယာဘက်မှာတော့ တိုက်ပွဲဖြစ်နေတယ်။ ရပ်တယ်ဆိုတာက - လဂျားယန်ကို သူတို့က အပိုင်သိမ်းလိုက်တာကိုး။ အပိုင်သိမ်းလိုက်တဲ့အချိန်မှာ ကျနော်တို့တွေ အကုန်ဆုတ်တယ်။ ဆုတ်လိုက်တဲ့အချိန်မှာ လဂျားယန်ရွာ ကွက်ကွက်ကလေး မှာတော့ တိုက်ပွဲရပ်သွားတာပေါ့နော်။ ဒါပေမဲ့ နောက်ရက် (အပစ်ရပ်ဖို့) ကြေညာပြီးတဲ့အချိန်မှာပဲ လဝါယန်ဘက်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ ခုနက ပြောတဲ့ ခါယာဘွမ်ကို မရ ရအောင် တက်ထိုးနေတယ်။သူတို့စာထဲမှာက လဂျားယန်ဒေသလို့ပဲ ပါတာလေ။ ကျန်တဲ့ ခါယာတို့၊ လိုင်ဇာတို့ မပါဘူး။ လဂျားယန်ဒေသမှာ အပစ်အခတ်ရပ်စဲတာဖြစ်တယ်လို့ ပြောတာကိုး။ ပြောတော့ ကျန်တဲ့ဒေသတွေမှာ ဆက်ထိုးမယ်ဆိုတဲ့ သဘောကတော့ ရှင်းရှင်းလေးပါပဲ။”

NDF ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာကတော့ အစိုးရဘက်က ကြေညာလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးအပေါ်မှာ အခုလို ဝေဖန်ထားပါတယ်။

“သမ္မတအနေနဲ့ အပစ်အခတ်ရပ်စဲဖို့ ပြောတာလည်း အကြိမ်ကြိမ်ဖြစ်နေပြီ။ တခါမှလည်း မမှန်ကန်ဘူး။ ပြေးစရာလမ်းလည်းမရှိ၊ စားစရာ အစားအသောက်လည်းမရှိ၊ တော်တော်လေး ဒုက္ခရောက်နေတာ။ အဲဒီတော့ အစိုးရစစ်တယ်ဆိုရင် ဒါတွေကို ကိုယ်ချင်းစာပြီးတော့ ရှက်တတ်ဖို့ လိုအပ်တယ်လို့ ပြောချင်တာပေါ့နော်။”

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်စတင်တာကတော့ တစ်နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာတော့ ကချင်ပြည်သူ တသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အရင်နှစ်ကုန်ပိုင်းက စပြီး တိုက်ပွဲတွေပြင်းထန်လာချိန်မှာတော့ KIA ထိန်းချုပ်ရာနယ်စပ်ဒေသက ဒုကသည် ၆ သောင်း လောက်ဟာ တရုတ်ပြည်ကလည်း လက်မခံတာကြောင့် ပြေးစရာမြေမရှိဖြစ်နေကြရပါတယ်ခင်ဗျား။
XS
SM
MD
LG