သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် တိုက်ပွဲစဲပေမဲ့ ၂ ဖက် စစ်ကြောင်းတွေ လှုပ်ရှားဆဲ


ကချင်ပြည်နယ် ဗန်းမော်ခရိုင်ဘက်မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင်တပ်ဖွဲ့တွေကြား သီတင်းတပတ်ကျော်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာအစိုးရတပ်ဘက်က အရာရှိအပါအဝင် အနည်းဆုံး ၁၀ ယောက်လောက် ကျဆုံးခဲ့ တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့တော့ တိုက်ပွဲဖြစ်တာမရှိပေမဲ့ - နှစ်ဘက်စစ်ကြောင်းလှုပ်ရှားမှု တွေကတော့ ရှိနေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က ဆက်သွယ်စုံစမ်းထားပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ် ပန်ခမ်းဒေသနဲ့ မိုးမောက်မြို့နယ် ဗန်းမော်၊ စိန်လုံ၊ လွယ်ဂျယ်ဘက်တွေမှာ ဧပြီလ ၁၀ ရက်နေ့ကတည်းက စတင်ပြီး သီတင်း ၁ ပတ်ကျော်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း မြန်မာအစိုးရတပ်ဘက်က ဗိုလ်မှူး ၁ ဦးအပါအဝင် အနည်းဆုံး ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ စနေနေ့က အစိုးရကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် မန်စီမြို့နယ်တွင်းက မန်ဝိန်းကြီးကျေးရွာမှာ ဒုက္ခသည် ၅၀၀၀ လောက် ခိုလှုံနေကြရပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ နှစ်ဘက် တိုက်ပွဲဖြစ်တာမျိုး မရှိပေမဲ့ - စစ်ရေးလှုပ်ရှားမှုတွေကတော့ ရှိနေတဲ့အကြောင်း လက်ရှိ အဲ့ဒီဒေသက အခြေအနေတွေနဲ့ပတ်သက်ပြီး ဒုက္ခသည်တွေကို ကူညီပေးနေသူ ခရစ်ယာန်ဆရာတော်တစ်ဦးက အခုလို ပြောပြပါတယ်။

“အခုလောလောဆယ်တော့ မန်ဝိန်းကြီးတဝိုက်က ရွာသားတွေက အကုန်လုံး မန်ဝိန်းကျေးရွာက ကက်သလစ်ဘုရားကျောင်းနဲ့ နှစ်ခြင်းဘုရားကျောင်းမှာ အားလုံးစုနေပါတယ်။ ဦးရေက အခု နှစ်ခြင်းဘုရားကျောင်းမှာက ၁ ထောင်နဲ့ ၇၀၀ ကျော် ရှိပါတယ်။ ကက်သလစ်မှာတော့ ၂ ထောင်နဲ့ ၈၀၀- ၉၀၀ လောက် ရှိပါတယ်။ အများအားဖြင့်ကတော့ ၁၅ နှစ်အောက် ကလေးတွေက အများဆုံးဖြစ်ပြီးတော့ အမျိုးသမီးတွေက ဒုတိယအများဆုံးပေါ့။

သက်ကြီးရွယ်အိုလည်း တော်တော်များများ ပါပါတယ်။ ပြီးတော့ စစ်ကြောင်းရဲ့လှုပ်ရှားမှုက နှစ်ဘက်စလုံးက လှုပ်တော့ လှုပ်ရှားနေတယ်။ ဒါပေမယ့် ဒီ တစ်ရက်၊ နှစ်ရက် အတောအတွင်းမှာတော့ တိုက်ပွဲတော့ မဖြစ်ဘူးပေါ့။ စစ်ကြောင်းရဲ့လှုပ်ရှားမှုက ကျနော်တို့ မန်ဝိန်းကြီးကျေးရွာနဲ့ တစ်မိုင်ကျော်ကျော်လောက် မန်ဝိန်းကြီးကျေးရွာရဲ့အနောက်ဘက်က ရွာပေါင်း ကချင်ရွာ ဆယ်ရွာလောက်မှာတော့ ရွာသားတွေက လုံးဝမရှိတော့ဘူး။ စစ်သားတွေပဲ ရှိမယ်။”

ဒါ့အပြင် မြန်မာအစိုးရတပ်တွေက မန်ဝိန်ကြီးကျေးရွာအနောက်ဘက်က ရွာတော်တော်များများမှာ နေရာယူတပ်စွဲထားပြီး အဲ့ဒီနေရာကို အရင်က KIA တပ်တွေဘက်က ထိန်းချုပ်ထားတာကြောင့် - KIA ဘက်ကလည်း သူတို့နေရာကို ပြန်လည် ရယူဖို့ ကြိုးပမ်းမှာဖြစ်တဲ့အတွက် နှစ်ဘက် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ချေရှိတယ်လို့လည်း အဲ့ဒီ ခရစ်ယာန် ဆရာတော်က ပြောပါတယ်။ ဒီလိုအခြေအနေမှာ ဒုက္ခသည်တွေအနေနဲ့ အိမ်ပြန်ဖို့ကတော့ မလွယ်သေးဘူးလို့ ဆိုပါတယ်။ KIA ဘက်ကတော့ ရှေ့တန်းမှာရှိနေတဲ့ သူတို့ရဲဘော်တွေကို သီးသန့်ညွှန်ကြားထားတာမျိုး မရှိပေမဲ့ - ကိုယ့်နယ်မြေကို ကျူးကျော်လာတဲ့ တပ်ဖွဲ့တွေကို တိုက်သွားမှာဖြစ်တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။ ဒါ့အပြင် အခုတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စနေနေ့က အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ စွပ်စွဲထားတာနဲ့ ပတ်သက်လို့ သူက အခုလို တုံ့ပြန်ခဲ့ပါတယ်။

“အစိုးရက ခေါင်းစဉ်မျိုးစုံ တပ်လို့ရပါတယ်။ အထူးသဖြင့် သူတို့ရဲ့ မစ်ရှင်က နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေးပေါ့။ ကျန်တဲ့ဟာက တိုက်ပွဲပြင်းထန်ပြီးတဲ့နောက်ပိုင်းမှာ သူတို့ စကခ ၁၆၊ စကာ ၂၁ တွေ အဲဒီမှာ စစ်ရေးလေ့ကျင့်တယ်လို့ အဲဒီခေါင်းစဉ်နဲ့ သူတို့လှုပ်ရှားပါတယ်။ အဲဒီနောက်ပိုင်းမှာ သစ်မှောင်ခိုရှင်းလင်းရေး ခေါင်းစဉ်နဲ့ သူတို့ လှုပ်ရှားပါတယ်။ အဲဒီနောက်ပိုင်းမှာ သန်းကောင်စာရင်းကောက်ယူတဲ့အဖွဲ့တွေအတွက် လုံခြုံရေးဆိုပြီး သူတို့လှုပ်ရှားပါတယ်။ အခုကတော့ ခမရ ၅၊ ၆၊ ၇ - ဒုတပ်ရင်းမှူးကျတော့ မကျေပွဲပုံစံမျိုး စစ်ရေးလှုပ်ရှားမှုကို လုပ်ပါတယ်။ ထိုးစစ်ဆင်တဲ့အပိုင်းပါ။ ဆိုတော့ သူတို့က ခေါင်းစဉ် မျိုးစုံတပ်လို့ရပါတယ်။ ဒါပေမယ့် အဓိက သူတို့ရဲ့ခေါင်းစဉ်က နယ်မြေ စိုးမိုးရေး၊ နယ်မြေရှင်းလင်းရေးပါပဲ။”

ဒီလို နှစ်ဘက်ဖြစ်နေတဲ့ တိုက်ပွဲတွေအကြား ဒုက္ခရောက်ကြရတဲ့ ပြည်သူတွေအနေနဲ့ကတော့ - နှစ်ဘက်ခေါင်းဆောင် တွေအနေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းပြီး - စစ်ပွဲတွေ ပြီးဆုံးတာကို မြင်လိုတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူ ခရစ်ယာန်ဆရာတော်က ပြောပါတယ်။
“နိုင်ငံတစ်နိုင်ငံမှာ တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော် အကြီးအကဲလုပ်တဲ့လူကလည်း တိုင်းရင်းသားတွေ အပေါ်မှာ အားလုံး ညှာညှာတာတာ မျှမျှတတနဲ့ ဦးဆောင်ပြီးတော့ အုပ်ချုပ်မယ်ဆိုရင် ကျနော်တို့၊ ကျမတို့ ပြည်သူပြည်သားတွေက အမြန်ဆုံး ငြိမ်းချမ်းပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးက ဖွံ့ဖြိုးတိုးတက်လာတာ၊ ကျနော်တို့က အဲဒါလိုချင်ပါတယ်။”

မနက်ဖြန် တနင်္လာနေ့မှာတော့ - တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရအောင် အစိုးရနဲ့ ဆွေးနွေးနေတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်ရှင်။
XS
SM
MD
LG