သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရာ တောင်ကြောက အစိုးရ တပ်ရုပ်ဖို့ KIA တောင်းဆို


ကချင်လွတ်မြောက်ရေးတပ် ရှေ့တန်း စစ်စခန်း။
ကချင်လွတ်မြောက်ရေးတပ် ရှေ့တန်း စစ်စခန်း။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့နောက် KIO က သူတို့ ဌာနချုပ် အနီး ခရာဘွမ်တောင်ကြောမှာ ဖြန့်ကျက်ထားတဲ့ အစိုးရရဲ့ လက်နက်ကြီးတွေနဲ့ စစ်စခန်းတွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်ကို လက်မခံဘူး ဆိုရင် လက်ရှိဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ်မှာ ထိခိုက်လာမယ့် အခြေအနေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၉ရက်နေ့ ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းက KIO ဌာနချုပ်အနီးမှာ ခရာတောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ KIO ဗိုလ်သင်တန်းကျောင်း မှာ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် သင်တန်းသား ၂၃ဦးသေဆုံးပြီး လူ၂၀ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ခရာတောင်ကြော မှာ ဖြန့်ကျက် ထားတဲ့ အစိုးရရဲ့ လက်နက်ကြီးတွေနဲ့ စစ်စခန်းတွေကို ရုတ်သိမ်းပေးဖို့ KIOက တောင်းဆိုလိုက်ပါတယ်။

အစိုးရဖက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမှန်တကယ် လိုလားရင် ဒီတောင်းဆိုချက် လိုက်လျောပေးမယ်လို့ ယူဆကြောင်း KIO ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးလနန်က ပြောပါတယ်။

" အခုဒီလိုမျိုး ဒီဖြစ်စဉ် ဖြစ် တာဟာ ဒါ သူတို့ KIA အဖွဲ့ကိုပဲ ထိခိုက်နစ်နာစေတာ မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်းပေါ်အောင် လုပ်ဆောင်နေတဲ့ ကြိုးစားမှု အားလုံးကို လည်း ဂယက် ရိုက်ခတ်တာမျိုး ရှိတယ်။ ဒါကြောင့်မို့ တောင်းဆိုထားတဲ့ အချက်မှာ ကတော့ စစ်ရေး တင်းမာမှုကို ဖြစ်ပွားစေတဲ့ ကချင်ဌာနချုပ် အနီးစခန်းမှာ အင်အား အလုံးအရင်းနဲ့ နေရာယူ ထားတဲ့ တပ်စခန်းတွေကို ဖယ်ပေးဖို့ပေါ့နော်။ နိုင်ငံရေးဆွေးနွေးပွဲကို အမှန်တကယ်ပဲ အစိုးရဘက် ကနေပြီးတော့ သဘောထားဖြူစင်စွာနဲ့ လိုလိုလားလား ဖြစ်ပေါ်စေချင်တယ် ဆိုရင်တော့ တောင်းဆိုထားတဲ့ အချက်ကို အပြုသဘောနဲ့ တုန့်ပြန်ဖို့ လိုမယ်လို့ ထင်တယ်။"

အစိုးရတပ်ဖက်က အခြေစိုက်ထားတဲ့ ခရာတောင်ကုန်းဟာ KIOဌာနချုပ် လိုင်ဇာမြို့ကို စစ်ရေးအရ ခြိမ်းခြောက်ထားတဲ့ အနေအထားရှိနေ တာလည်း ဖြစ်ပါတယ်။ ဒီတောင်ကုန်းကို ၂၀၁၃နှစ်ဆန်းပိုင်း မှာ လေတပ် အင်အားကို အသုံးပြုပြီး သိမ်းယူထားတာလည်း ဖြစ်ပါတယ်။ အစိုးရဖက်က တုံပြန်မှုက အပြုသဘောဆောင်မယ်ဆိုရင် ဆွေးနွေးပွဲတွေ ပြန်လည် အားကောင်းလာနိုင်မယ် လို့လည်း ဦးလနန်က သုံးသပ်ပါတယ်။

"ကျနော်တို့ရဲ့ကြေညာချက်ရော နောက်ပြီးတော့ ဦးအောင်မင်းကို လိပ်မူပြီးတော့ ပေးထားတဲ့ စာပေါ်မှာ သူတို့ ဘယ်လိုတုန့်ပြန်လာမယ် ဆိုတာကိုစောင့်ကြည့်ရမှာပါ။ သူတို့ရဲ့ တုန့်ပြန်ချက်က အပြုသဘောဆန်တဲ့ တုန့်ပြန်မှုတွေ ပြုလာမယ်ဆိုရင် ဒီဆွေးနွေးပွဲက ဆက်ပြီးတော့ အားကောင်းသွားမှာပါ။

ဒီလ ၂၀ရက်နေ့ကိုတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်နဲ့ ကချင်ပြည်သူတွေ အနေနဲ့ ကျောင်းတွေ၊ ရုံးတွေပိတ်ဖို့နဲ့ ကချင်အမျိုးသားအလံကို တိုင်တဝက် လွှင့်ထူဖို့ KIO ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ပထမပတ်မှာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ တွေ့ဆုံဖို့ ရှိနေပြီး ကချင်ပြည်နယ်က ဖြစ်ပေါ်နေတဲ့ အခြေအနေက အဲဒီဆွေးနွေးပွဲအပေါ်မှာ သက်ရောက်မှု တခု ရှိနေနိုင်ပါတယ်။

ကချင် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်ခမ်းကတော့ သင်တန်းသားတွေ အစုအပြုံလိုက်သေဆုံးတဲ့ အပေါ်မှာ ကချင်ပြည်သူအတော်များများ စိတ်မချမ်းမသာ ဖြစ်နေကြောင်း ပြောပါတယ်။

"ဒီဟာနဲ့ပတ်သက်ပြီးမှ ကျနော်တို့ ကချင် ကွန်မြူနတီကလည်း အတော်လေး စိတ်မချမ်းမသာဖြစ်နေတယ်။ လူထုတွေကနေ ဒါကြောင့်မို့ ဒီနေ့ကနေစပြီးတော့မှ ဒီဟာနဲ့ပတ်သက်ပြီးမှ ဆုတောင်းပွဲတွေပေါ့နော် ဆုတောင်းဖို့ အစီအစဉ်တွေ လုပ်ထားတယ်။ မနက်ဖြန် လုပ်ဖို့ရှိတယ်။ ဒီနေ့လည်း ဆုတောင်းပွဲ လုပ်တယ်။"

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ အခုလို တိုက်ခိုက်တာ မသင့်တော်ကြောင်းလည်း ဦးအောင်ခမ်းက ဆက်ပြောပါတယ်။

" ကျနော်တို့ ပါတီအနေနဲ့က ဒီဟာကို လုံးဝ မလိုလားဘူး။ ဒါမျိုးဖြစ်တာ။ ပိုပြီးမှ မလိုလားတာက အခုလက်ရှိ အခြေအနေမှာ စစ်တပ်နဲ့ KIA ရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရော ဆွေးနွေးနေတဲ့ အချိန်မျိုးမှာ ဒီလိုလုပ် တာကတော့ လုံးဝ မသင့်တော်ဘူးပေါ့။ ကျနော်တို့လည်း ဒီဟာကို လုံးဝ မကြိုက်ပါဘူး။"

ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အမည်မဖော်တဲ့ ထိပ်တန်းအရာရှိတဦး ကတော့ ပွင့်လင်းရာသီမှာ လမ်းဖောက်လုပ်ရေးအတွက် လုံခြုံရေးလိုက်ပါတဲ့ တပ်မတော် စစ်ကြောင်းကို KIA က လာရောက် ပစ်ခတ်လို့ အခုလို ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုကြောင်း7day နေ့စဉ်သတင်းစာမှာ ဖော်ပြပါတယ်။

KIA ဖက်ကတော့ ၁၉ရက်နေ့ မနက်အစောမှာ အစိုးရတပ်က KIA တပ်ရင်း ၂၆ရဲ့ တပ်စခန်းတခုကို သိမ်းယူခဲ့သလို KIA တပ်ရင်း ၁၁ က စစ်ကြောင်းကိုလည်း ခြုံခို တိုက်ခိုက်လို့ တပ်ကြပ်ကြီး တဦး ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဗိုလ်သင်တန်းသား ၂၃ဦးကျဆုံးခဲ့တာနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ စစ်ရေးအရ အလစ်အငိုက် ဖိအားပေးတိုက်ခိုက်တာဟာ ငြိမ်းချမ်းရေးကို မြန်မာ့ တပ်မတော်က အမှန်တကယ် လိုလားမှုရှိမရှိ အပေါ် မေးခွန်းထုတ် စရာဖြစ်ပြီး ယုံကြည်မှုတည်ဆောက်တာကို အဟန့်အတားဖြစ်စေကြောင်း သဘောထား ထုတ်ပြန်ပါတယ်။

ဒါအပြင် ၂၀၀၈ ဖွဲ့စည်းပုံကို နောက်ရွေးကောက်ပွဲ အလွန်မှ ပြင်ဆင်မှာဖြစ်ကြောင်း ထုတ်ပြန်တာနဲ့ အခုတိုက်ခိုက်တာဟာ စစ်ရေးနိုင်ငံရေး ပူးပေါင်း ကြံစည်မှုအဖြစ် ယူဆနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG