သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မှာ တိုက်ပွဲတွေ နှစ်သစ်ကူး အထိ ပြန်ဖြစ်


ကချင်တပ်ရှေ့တန်းစစ်စခန်းတနေရာမြင်ကွင်း။
ကချင်တပ်ရှေ့တန်းစစ်စခန်းတနေရာမြင်ကွင်း။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးစားပေး ဆောင်ရွက်ဖို့ NLD အစိုးရက ထပ်မံကတိပြု ပြောကြားနေချိန်မှာပဲ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေပါတယ်။ ဒီကနေ့အထိ ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အတွက်လည်း လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး အစိုးရသစ် အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ မြန်မာ့ရိုးရာ သင်္ကြန်မတိုင်ခင်ကတည်းက စခဲ့တဲ့ တိုက်ပွဲတွေဟာ သင်္ကြန်အပြီး နှစ်သစ်ကူးတဲ့အထိ ဆက်လက် ဖြစ်ပွားနေရာမှာ ကချင်လွတ်မြောက်ရေးတပ် KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးက အခုနောက်ဆုံးတိုက်ပွဲတွေမှာတော့ ကချင်လက်နက်ကိုင်တွေရဲ့ တပ်စခန်းတချို့ကို မြန်မာစစ်တပ်က သိမ်းယူနိုင်ခဲ့တယ်လို့လည်း ဒေသခံ ကချင်သတင်းတွေက ဖော်ပြပါတယ်။ ဒီရက်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ရေး တင်းမာမှု အခြေအနေကိုတော့ ကချင်စစ်ရေး စောင့်ကြည့်နေတဲ့ ကချင်သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက အခုလိုရှင်းပြပါတယ်။

"သင်္ကြန်မတိုင်မှီမှာလည်းပဲ အစိုးရဘက်က လာပြီးမှ သူတို့တိုက်တော့ အခုအချိန် အထိ KIA စခန်းနှစ်ခုကို သင်္ကြန်မရောက်ခင်လေးမှာပဲ KIA စခန်း ၂ခုကို KIA က နောက်ဆုတ်ပေးခဲ့တယ်လေ။ အခုသင်္ကြန်ပြီးပြီးချင်းပဲ ထပ်ပြီးမှ အစိုးရဘက်က တိုက်လာတော့ မနေ့ကဆိုလည်း တနင်္ဂနွေနေ့ပေါ့။ စခန်းနောက်တခုကို သူတို့ KIA ဘက်က ဆုတ်ခွာပေးတယ်လို့ပြောတယ်။ KIA ဘက်ကလည်း သေဆုံးမှုတွေ ရှိနေတယ်။ ထိခိုက်မှုတွေ ရှိနေတယ်လို့ပြောတယ်။"

အခုနောက်ဆုံး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ KIA တာဝန်ရှိသူတွေ ကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့သလို၊ မြန်မာစစ်တပ်ဘက်ကလည်း သတင်းထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။ ကချင်သတင်းစဉ်က ကိုနော်ဒင်း ကတော့ မြန်မာစစ်တပ်ဘ က်က နောက်ထပ် ထိုးစစ်ဆင် တိုက်ခိုက်မယ့် လက္ခဏာတွေကို ပါ တွေ့နေရတယ်လို့ ပြောပါတယ်။

"ဟုတ်ကဲ့၊ အဓိက ကတော့ KIO ဗဟိုဌာနချုပ် တည်ရှိတဲ့နေရာ လိုင်ဇာ၊ ကို အဓိက ဦးတည်ပြီးမှ အစိုးရဘက်က စစ်ဆင်နေတဲ့သဘောကို တွေ့ရတာပေါ့။ အဲ့တာကြောင့် သူ့ရဲ့ လမ်းကြောင်းပေါ့။ သူ့ရဲ့လမ်းကြောင်းပေါ်မှာ ရှိတဲ့ ရွာတွေကို အားလုံးကို ရွှေ့ခိုင်းတာတော့ အခုနောက်ဆုံး ရက်ကို ထပ်ပြီးမှ သတ်မှတ်တယ်။ စစ်တပ်က ပေါ့နော်။ ရွှေ့ပြောင်းခိုင်းတာပေါ့။ KIO ဗဟိုဌာနချုပ် တည်ရှိတဲ့နေရာ အဓိက လိုင်ဇာ နဲ့ အဓိက အမာစခန်းတွေဖြစ်တယ်လေ။ အဲ့ဒီ့ဘက်ကို သူတို့က လက်နက်ကြီးတွေ များများ သူတို့သယ်သွားဖို့အတွက် အခုစပြီးမှ သူတို့ သင်္ကြန်ပြီးတာနဲ့ သူတို့ပြန်ပြီးမှ စစ်ဆင်နေတာဖြစ်တယ်ဆိုပြီးတော့မှ ပြောပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဦးစားပေး ဆောင်ရွက်ဖို့ ကတိပြုထား သလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဗဟိုကော်မတီဝင် လည်းဖြစ် ကချင်အမျိုးသားအစည်းအရုံး ရဲ့ ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကတော့ စစ်ရေးတင်းမာမှု အခြေအနေတွေကို NLD အစိုးရက အမြန်ဆုံးကြားဝင်ဖြေရှင်းဖို့ လိုတယ်လို့ တိုက်တွန်းပါတယ်။

" ကျနော်တို့ ဖြစ်စေချင်တာက အခု NLD အစိုးရ တက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လည်း ခေါင်းဆောင်ဖြစ်လာပြီး တက်လာပြီဆိုရင် တပ်ကိုတော့ မိမိရရ ထိန်းသင့်တယ်။ အဲ့လို တပ်ကို ထိန်းလို့မရဘူးဆိုတဲ့ ပုံစံတော့ မဖြစ်သင့်ဘူး။ ဒါပေမဲ့ တခုရှိတာက အစိုးရက အသစ်ဖြစ်နေတဲ့အခါကျတော့ အခုလောလောဆယ်ဆယ် တပ်ကိုလည်း သူတို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆက်ဆံနေရတဲ့အပိုင်းရှိလို့လား ပေါ့လေ အဲ့လိုတော့ မြင်တယ်ပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အစိုးရဖြစ်လာပြီဆိုရင် တပ်ကိုတော့ အစိုးရရဲ့ အထဲမှာဖြစ်တဲ့အခါကျတော့ သူတို့အနေနဲ့ ထိန်းရမယ်။ "

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် နှစ်နဲ့ချီပြီး ဒုက္ခသည်စခန်းတွေမှာနေရတဲ့ သိန်းချီတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး၊ ကလေးငယ်တွေ ပညာသင်ယူနိုင်ရေး ဒေသခံတွေ အလုပ်အကိုင်ရရှိပြီး ပုံမှန်လူနေမှုဘဝပြန်လည် တည်ဆောက်ရေးတွေအတွက်ကိုလည်း ကချင်ပြည်နယ် အစိုးရသစ်ဘက်ကရော ပြည်ထောင်စုအစိုးရဘက်ကပါ အလေးအနက်ထား ဆောင်ရွက်ပေးသင့်နေပါပြီလို့လည်း ကချင်အမျိုးသားအစည်းအရုံး ရဲ့ ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ဒူဝါဘောမ်ဝမ်လရော်က ပြောပါတယ်။

XS
SM
MD
LG