သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA လဂျာယန်ကို မြန်မာစစ်တပ် လေကြောင်းက တိုက်


ကချင်လွတ်မြောက်ရေးတပ်မတော် KIO
ကချင်လွတ်မြောက်ရေးတပ်မတော် KIO
ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေ ထိန်းချုပ်ရာ လဂျာယန်ဒေသမှာ အခုဆိုရင် ထိုးစစ်ဆင်လာတဲ့ အစိုးရစစ်တပ် နဲ့ တိုက်ပွဲပြင်းထန် စွာဖြစ်ပွါးနေတယ်လို့ ကေအိုင်အိုအရာရှိတွေကပြောပါတယ်။ ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကနေ လေယာဉ်တွေလက်နက်ကြီးတွေ အသုံးပြုခဲ့တယ် လို့လဲ ကေအိုင်အေပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးရာ လဂျာယန် ဒေသခံတွေကိုတော့ ဒုက္ခသည်စခန်းတွေမှာ တိမ်းရှောင်သွားသလို အခုဖြစ်တဲ့တိုက်ပွဲမှာ ဒေသခံတွေ ထိခိုက်မှုရှိခဲ့တယ်လို့လဲပြောဆိုမှုတွေရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်း ပေးပို့ထားပါတယ်။

မြန်မာစစ်တပ်ကနေ ကေအိုင်အိုခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ ကို တပ်ဆုတ်ပေးဖို့ ရာဇသံပေးခဲ့ပြီး ကေအိုင်အိုအနေနဲ့ နောက်ဆုတ်ပေးခြင်းမရှိတဲ့အတွက် အခုဆိုရင် ကချင်ပြည်နယ် ကေအိုင်အိုထိန်းချုပ်ရာ လဂျာယန်ဒေသဘက်မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွါးနေပါတယ်။ အခုဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကနေ စစ်လေယာဉ်တွေပါ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ကေအိုင်အိုပြောခွင့်ရဦးလာနန်ကပြောပါတယ်။

ကေအိုင်အေပြောခွင့်ရ ဦးလာနန် ပြောသွားတာကတော့ အစိုးရ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ စစ်တပ်ဖက်ကနေ ဂျက်ဖိုက်တာ (၅)စင်းအသုံးပြုပြီးတော့ MM24 လို့ထင်ရတဲ့ စစ်ရဟတ်ယာဉ်နှစ်စင်း၊ စုစုပေါင်း (၇)စင်းပေါ့ဗျာ။ (၁၀)နာရီဝန်းကျင်လောက်မှာ လေယာဉ်ပစ်တာတွေရပ်လိုက်တယ်။ ဒါပေမဲ့အခုကတော့ လက်နက်ကြီးနဲ့ပြန်ပစ်နေတယ်။ အစိုးရတပ်ဖက်ကနေ တပ်ရင်း သုံးရင်းပါတဲ့ တပ်ဖွဲ့တွေကနေပြီးတော့ လဂျားယန်နားကိုချဉ်းကပ်လာတယ်။ ခြေလျှင်တိုက်ပွဲပြန်ပြီးစဖို့ အလားအလာရှိတယ်။ အခုကျွန်တော်တို့ ဗဟိုဌာနချုပ်ကို ချဉ်းကပ်လာတဲ့ စစ်ကြောင်း တော်တော်များများရှိတယ်။ လိုင်ဇာ ပါတ်ဝန်းကျင်မှာ ဝန်းရံထားတဲ့ တပ်တွေ အားလုံး ပေါင်းလိုက်တဲ့အခါမှာ တပ်ရင်းက (၄၀)ကျော်လောက်ရှိပြီးတော့ စစ်အင်အား(၃၀၀၀)နီးပါးလောက်ရှိတယ်လို့ ကေအိုင်အိုပြောခွင့်ရဦးလာနန်ကပြောသွားတာပါ။

ဒီတိုက်ခိုက်မှုမှာ ကေအိုင်အိုဘက်ကကော မဟာမိတ်ကျောင်းသားတပ်မတော်ဘက်ကပါ ထိခိုက်မှုကိုတော့ အတည် မပြုနိုင်သေးဘူးလို့ ဦးလာနန်ကပြောပါတယ်။ ကေအိုင်အိုအနေနဲ့ကတော့ အစိုးရရဲ့ထိုးစစ်ကိုကြံ့ကြံ့ခံ ခုခံကာကွယ် သွားမယ်လို့လည်း ဆိုပါတယ်။ အခုလိုစစ်တပ်ကနေ ထိုးစစ်ဆင်နေတဲ့ကာလတွေမှာ လဂျာယန်ဒေသခံတွေအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ တိမ်းရှောင်နေကြရတယ်လို့လည်း ဦးလာနန်ကဆက်ပြောပါတယ်။

ဦးလာနန်ပြောသွားတာက ဒီလဂျာယန်မှာ ရွာသားတွေမရှိတော့ဘူး။ သူတို့အားလုံးဟာ ဒုက္ခသည်စခန်းကို ရောက်ကုန်ကြပြီး။ မနေ့ဖြစ်တဲ့တိုက်ပွဲကလဲ အဲဒီဒေသနားမှာ အလုပ်သွားလုပ်တဲ့အရပ်သားတွေထိခိုက်တာမျိုးရှိတယ်လို့လည်း ပြောသွားပါတယ်။
ဒီဇင်ဘာ(၂၇)ရက်နေ့ မနက်ဘက်မှာ အစိုးရတပ်ဘက်ကနေ ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးဒဏ်ကြောင့် လိုင်ဇာဌာနချုပ် အနားက ဒေသခံရွာသားတဦး သေဆုံးခဲ့ပြီး (၃)ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။ အခုလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ကေအိုင်အေ လိုင်ဇာဌာနချုပ် အနီးမှာရှိတဲ့ စစ်ပြေးဒုက္ခသည်စခန်း(၅)ခုအတွက် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ နဲ့ စခန်းအပြင်မထွက်ဖို့ရယ် ကတုတ်ကျင်းတူးထားဖို့ ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မီတိတွေကနေ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၃)ရက်နေ့မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကနေ လဂျာယန်တပ်စခန်းကို အုပ်ချုပ်မှုကိစ္စ တွေ ဆောင်ရွက်ဖို့အတွက် ဒီဇင်ဘာ(၂၅)ရက်နေ့ နောက်ဆုံးထားပြီး လမ်းကြောင်းတလျောက်မှာရှိတဲ့ ကေအိုင်အို တပ်တွေကို ရုပ်သိမ်းပေးဖို့ရာဇသံပေးခဲ့ပါတယ်။ ဒီရာဇသံပေးချက်ကို ကေအိုင်အိုအနေနဲ့လက်မခံသလို အစိုးရ အဖွဲံကိုလဲကန့်ကွက်စာပေးပို့ ခဲ့တယ်လို့ ဦးလာနန်ကအခုလိုပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ကေအိုင်အေကို အမြစ်ပြတ်ချေမှုန်းသွားမယ်ဆိုတဲ့ဟာ စစ်ကျေညာတာဘဲလို့ ကျွန်တော်တို့ မှတ်ယူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ မြန်မာနိုင်ငံအစိုးရတခုလုံးကို ဒီကိစ္စကိုကန့်ကွက်ထားတာရှိတယ်။ ဦးအောင်မင်းကိုကျွန်တော်တို့ လိပ်မူထားတယ်။
မြန်မာအစိုးရကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မီတီနဲ့ကေအိုင်အေတို့အကြား တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့လဲ သဘောတူညီချက်တစုံတရာမရရှိသေးသလို တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွါးနေဆဲအခြေ အနေမှာရှိနေပါတယ်။

ကေအိုင်အိုအနေနဲ့ ကတော့ အပစ်အခတ်ရပ်ဆဲရေးထက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖေါ် ဆောင်ဖို့လိုတယ်လို့ ဦးလာနန်ကပြောပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အပစ်အခတ်ရပ်ဆဲရေးလုပ်ဖို့ အလင်းဝင်လာဖို့။ လက်နက်သိမ်းဖို့ပြောခဲ့တာပါ။ အဲသူတို့စိတ်ထဲဆန္ဒမှာတော့အခုထက်ထိ တိုင်းရင်းသားတွေ လိုလားနေတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ဖေါ်ဆောင်ချင်တဲ့ ဆန္ဒလုံးဝကိုမရှိဘူး။ အဲဒီလိုမရှိသရွှေ့က အပစ်ခတ်ရပ်ဆဲရေး လုပ်ငန်းစဉ်တွေဟာ အာမခံချက်မရှိတဲ့ကိစ္စတွေပါ။ တချိန်ချိန်မှာဒီကိစ္စတွေဟာ ပြန်လည်ပြီးတော့ ပေါက်ကွဲလာမဲ့ကိစ္စဖြစ်ပါတယ်လို့ ဦးလာနန်ပြောခဲ့တာပါ။

ကေအိုင်အိုနဲ့ မြန်မာအစိုးရတို့ဟာ (၁၉၉၄)ခုနှစ်မှာအပစ်အခတ်ရပ်ဆဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် (၂၀၁၁)ခုနှစ်မှာ နိုင်ငံရေးတင်းမာမှု ဖြစ်ပွါးခဲ့ပြီးတော့ တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့ပါတယ်။
ဒီလိုဖြစ်ပါွးတဲ့တိုက်ပွဲတွေကြောင့် ကေအိုင်အိုထိန်းချုပ်ရာဒေသနဲ့ တရုတ်နယ်စပ်တွေမှာ စစ်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည်(၉)သောင်းကျော်ရှိနေတယ်လို့ ကချင်ကယ်ဆယ်ရေးကော်မီတီတွေကနေ ထုတ်ပြန်ထား ပါတယ်။

အခုဖြစ်တဲ့တိုက်ပွဲကြောင့် ကေအိုင်အေတပ်မဟာ(၃)အခြေစိုက်ရာ မိုင်ဂျာယန်ဒေသက ဒုက္ခသည်(၄၀၀၀)ခန့်ဟာ အစာရေစာပြတ်လတ်မှုနဲ့ကြုံတွေနေရတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံးတာဝန်ရှိသူတွေကပြောပါတယ်။
XS
SM
MD
LG