သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ကိုးကန့်မှာ တိုက်ပွဲတွေဆက်ဖြစ်


ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကိစ္စတွေကို ညှိနှိုင်းဖို့ကြိုးစားနေတဲ့ကြားကပဲ ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေက ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး၊ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

မြန်မာအစိုးရတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်နေတဲ့အတွက် တိုက်ပွဲတွေ ကြီးထွားလာမှာကိုလည်း စိုးရိမ်နေကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖားကန့်မြို့နယ် ကံဆီးရွာအနီးမှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား ဒီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက ပစ်ခိုက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့တာပါ။ ဒီပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အစိုးရတပ်ဘက်က သူတို့စစ်ကြောင်းကို KIA ဘက်က မိုင်းထောင် တိုက်ခိုက်တာကြောင့်လို့ ပြောဆိုထားသလို၊ KIA ဘက်ကလည်း သူတို့ထိန်းချုပ်နယ်မြေထဲကို အစိုးရစစ်ကြောင်းတွေ တိုးဝင်လာတာကြောင့်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။ လောလောဆယ်မှာတော့ တိုက်ပွဲတွေ ထပ်မံမဖြစ်စေဖို့ အပြန်အလှန် ညှိနှိုင်းနေတယ်လို့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါ တယ်။

“အခု ကျနော်တို့နဲ့တော့ PCG အဖွဲ့ရယ်၊ ပြီးတော့မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ သူတို့ဘက်ကပါတဲ့ မြောက်ပိုင်းတိုင်းအဖွဲ့တွေနဲ့တော့ ဒီအတိုင်းပြောဆိုပြီးတော့မှ အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြီးတော့မှ ထိန်းတော့ထိန်းညှိနေတယ်။”

ဒီကနေ့မှာတော့ ဖားကန့်မြို့နယ် ကံဆီးရွာဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ တနိုင်းမြို့နယ်ဘက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားတယ်လို့လည်း ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။

“နောက်တခုက ကျနော်တို့တပ်ရင်း ၁၄ ဟိုးတနိုင်းဂွင် ဟူးကောင်းဒေသမှာပေါ့ အဲဒီနားမှာပဲ ဒီနေ့နေ့လည်ပဲ ၁၀ နာရီလောက်မှာပဲ ကျနော်တို့စခန်းလေး တခုကို သူတို့ဝင်တိုက်ပါတယ်။ ၁၀ နာရီခွဲကနေပြီးတော့မှ ပစ်လိုက်၊ နားလိုက်နဲ့ ၃ ကြိမ်လောက်တော့ ရှိပြီပေါ့။ အခုနောက်ဆုံးအခြေအနေတော့ မကြားရသေးဘူး။”

ဖားကန့်ဒေသမှာရော၊ တနိုင်းဒေသမှာပါ အစိုးရစစ်ကြောင်းတွေက KIA ထိန်းချုပ်နယ်မြေဘက်ကို တိုးဝင်လာနေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

“အခုလို နှစ်ဘက်က စာတတန်၊ ဖုန်းနဲ့တတန် ဒီလောက် ညှိနှိုင်းနေတဲ့အချိန်မှာ သူတို့အောက်ခြေတပ်တွေက ရှေ့ကို ဆက်တိုးနေတုန်းဆိုရင်တော့ ကျနော်တို့တိုက်ပွဲက ရပ်စရာမမြင်ဘူးလေနော်။ ဖြစ်နေမှာပဲ။”

ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်သွယ်ရာမှာတော့ ဖားကန့်ဒေသ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ တနိုင်းဒေသဘက် တိုက်ပွဲနဲ့ပတ်သက်ပြီး မသိရသေးကြောင်းသာ ပြောဆိုပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးအင်ရှန်ဆန်အောင်ကတော့ နှစ်ဘက်က ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ ဒီလ ၆ ရက်နေ့က ဆွေးနွေးတဲ့အတိုင်း တပ်လှုပ်ရှားတာတွေကို ကြိုတင် အသိပေး အကြောင်းကြား ဆောင်ရွက်ရင် တိုက်ပွဲတွေကို ရှောင်နိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“လွန်ခဲ့တဲ့အပတ်က ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က နှစ်ဘက်က သဘောတူ ဆုံးဖြတ်ထားသလိုပဲ ပဋိပက္ခဖြစ်နိုင်တဲ့အခြေအနေ နေရာဒေသမှာ သွားလာလှုပ်ရှားမယ်ဆိုရင် နှစ်ဘက် ကြိုတင်အသိပေးပြီးမှ၊ ကြိုတင်ကာကွယ်ကြမယ်ဆိုတဲ့အတိုင်း သွားမယ်ဆိုရင် နောက်နောင် ဒီဥစ္စာက ဘယ်တော့မှ မဖြစ်လာနိုင်ဘူး။ ဖြစ်ပြီးရင်တော့ သူဖြစ်၊ ကိုယ်ဖြစ် လုပ်ကိုလုပ်မယ်ဆိုရင်တော့ ပိုမို ကြီးကျယ်လာဖို့ပဲ ရှိပါတယ်။”

အစိုးရနဲ့ KIO ရဲ့ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တွေဟာ နောက်လအတွင်း ထပ်မံတွေ့ဆုံဖို့ သဘောတူထားပေမဲ့ အတိအကျ ရက်သတ်မှတ်ထားတာ မရှိသေးပါဘူး။ ဒီနှစ် ဇန်နဝါရီလအတွင်းက ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖားကန့်ဒေသရောက်ရှိစဉ်မှာ KIA တပ်ဖွဲ့ဝင်တွေက ဟန့်တားစစ်ဆေးပြီး လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးပြီးတဲ့နောက် ကံဆီးဒေသဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ KIA ဘက်က ရှေ့တန်းစခန်း ၃ ခုလောက် ဆုတ်ခွာခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း လုံးခင်း၊ ဖားကန့် စတဲ့မြို့တွေက စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေရပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေဖြစ်ပွားသလို ကိုးကန့်ဒေသမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်နေ့လည်ပိုင်းက မေးကြည့်တော့ မနက်ပိုင်းကတော့ လက်နက်ကြီးနဲ့ ပစ်ပါတယ်တဲ့။ မနေ့တုန်းကတော့ တိုက်ပွဲပြင်းထန်ပါတယ်။ သူတို့က လက်နက်ကြီးအသစ်တွေကိုလည်း သုံးလာတာတွေ့ရတယ်။ ၁၂၂ မမ ပေါ့နော် အဲဒါက ရော့ကက်လောင်ချာလို့ ခေါ်ရမလား၊ ကားပေါ်တင်ထားတဲ့ဟာ၊ အဲဒါက အရေအတွက်က ၄၀၊ တပြိုင်တည်းနဲ့လည်း ပစ်လို့ရပါတယ်။ ခွဲပြီးတော့လည်း ပစ်လို့ရပါတယ်။ များသောအားဖြင့်တော့ တပြိုင်တည်း ပစ်ပါတယ်။ ပြီးတော့ တခြားလက်နက်ကြီးတွေနဲ့လည်း ပစ်ပါတယ် မနေ့တုန်းကကို။ တဘက်ကတော့ ကျနော်ရတဲ့ သတင်းအရတော့ ၂၁ ယောက်သေတယ်ပြောတယ်။ ၆၅ ကနေ ၇၀ လောက်အထိ ဒဏ်ရာရတယ်ပြောတယ်။ ကျနော်တို့ဘက်ကတော့ ၂ ယောက်ကျတယ်။ ၂ ယောက်အနည်းအကျဉ်း ဒဏ်ရာရတာရှိတယ်။”

ထိခိုက်ကျဆုံးတဲ့စာရင်းကိုတော့ သီးခြား အတည်ပြုချက်မရသေးပါဘူး။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လာမယ့်လအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရည်မှန်းထားကြပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ ရခိုင်ပြည်နယ်တွင်းမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG