သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကြီးပြီးမြေပြိုမှုကြောင့် ကချင်ဒုက္ခသည် ၅ ဦးသေဆုံး


(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)

ကချင်ပြည်နယ် လိုင်ဇာအနီးက လူဦးရေ ၈၀၀၀ကျော်နေထိုင်တဲ့ ဂျေယန့်ဒုက္ခသည်စခန်းမှာ ဇူလိုင်လ ၂၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး စခန်းအနီး တောင်တခုကနေ မြေပြိုတာကြောင့် ဒုက္ခသည် ၅ ဦးသေဆုံးခဲ့ရပါတယ်။ ဒီအတွက် အိမ် ၁၀ လုံးခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပေ ၅၀ ခန့်ရှိတဲ့ တောင်တခုအနားက ဂျေယန့်ကချင်ဒုက္ခသည်စခန်းမှာ ဇူလိုင်လ ၂၂ ရက်နေ့က မြေပြိုတဲ့အတွက် ကလေး ၃ ဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရတာပါ။ ကချင်ဒုက္ခသည် ကော်မတီက တာဝန်ရှိသူဖြစ်တဲ့ ဦးဒွဲပီစာကို မြေပြိုပြီး ဒုက္ခသည်တွေ သေဆုံးရတဲ့အခြေအနေကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

“မြေပြိုတဲ့အခြေအနေက ကျနော်တို့ ဒီနေရာမှာဆိုရင် မိုးတွင်း ၂ ခု ကျနော်တို့ ဒီမှာနေခဲ့ပြီလေ။ အခုတလောမှာဆိုရင် ဒီဘက်မှာ မိုးက နည်းနည်းများတယ်။ ၃ ရက်လောက်ဆက်တိုက် မိုးရွာနေတယ်။ ရေကြီးနေတယ်။ ဒီလိုဆိုတော့ ဒါ ကျနော်တို့ မထင်မှတ်ဘဲနဲ့ ပြိုကျပြီးမှ အိမ်ထောင်စုနှစ်ခု ပေါင်းနေတဲ့အိမ်ကို ဖုံးမိသွားတယ်။ ဒီမြေပြိုကျပြီးမှ ပိသွားတာပေ့ါ။”

မေး။ ။ ဆုံးတဲ့လူက ဘယ်နှစ်ယောက်လဲ အန်ကယ်လ်။

ဖြေ။ ။ “ဆုံးတဲ့သူက မူကြိုကျောင်းသား ၄ နှစ် ယောကျာ်းလေးရယ်၊ ၁၃ နှစ် ယောကျာ်းလေးရယ်၊ ၁၅ နှစ် ယောကျာ်းလေးရယ်၊ ၃၆ နှစ်လား မိန်းမရယ်၊ အသက် ၇၀ ကျော်တဲ့ အဖွားကြီးရယ်၊ ၅ ယောက်ရှိပါတယ်။”

မေး။ ။ ဆိုတော့ ကချင်ပြည်နယ်ဘက်က ဒုက္ခသည်စခန်းမှာ အခုလို မြေပြိုတာမျိုးပေါ့ အရင်က ရှိခဲ့ဖူးလား အန်ကယ်လ်။

ဖြေ။ ။ “အခု ကျနော်တို့ တခြားနေရာမှာလည်းပဲ သတိတော့ပေးနေကြတယ်။ တခြားမှာ သတင်းထူးတော့ ဘာမှ မကြားပါဘူး။ မနှစ်တုန်းကဆိုရင် ခေါင်းသာမှာ ပြိုကျတယ်။ ဒါပေမဲ့ အန္တရာယ်တော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ဒီနှစ် စိုးရိမ်ရတဲ့အတွက်ကြောင့် ကျောင်းတွေ ပြောင်းခိုင်းထားတာ ရှိပါတယ်။ အားလုံးတော့ စိုးရိမ်ထိတ်လန့်မှုတော့ ရှိတာပေါ့။ ဒါပေမဲ့ တခြားနေရာမှာဆိုရင် အခု ကျနော်တို့လည်းပဲ မသင်္ကာတဲ့ စိတ်မချတဲ့နေရာကို ဖယ်ခိုင်းတာ။ ဒီညဖယ်ခိုင်းတာရှိပါတယ်။ အဲ့ဒီနေရာကတော့ အိမ်ထောင်စု အများဆုံး ၁၀ အိမ်လောက်ပဲ ရှိမှာပဲ။”

အခုဆိုရင် ဂျေယန့်ဒုက္ခသည်စခန်းမှာ နေထိုင်နေတာဟာ မိုးတွင်း ၂ ခုလောက်ကို ဖြတ်ကျော်ပြီးတာကြောင့် ဒီလို လူသေဆုံးတဲ့အထိ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်မျိုးတွေတော့ မကြုံဖူးပေမဲ့ မြေပြိုမှုတွေကိုတော့ ဒုက္ခသည်တွေ တွေကြုံရတာရှိတယ်လို့လည်း ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေကပဲ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ မြေထိန်းနံရံတွေ ပြိုကြပြီးနောက် ကလေးငယ်တွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်က သူရဲ့ အင်တာနက် စာမျက်နှာတွေမှာ နာဆာဂြိုဟ်တုများရဲ့တိုင်းတာချက်များအရ မြန်မာနိုင်ငံရှိ ဒေသ ၆ ခုတွင် ရေဖုံးလွှမ်းရန် အလားအလာများနေပြီး ဒေသ ၂ ခုမှာ မြေပြိုကျဖို့ အလားအလာ များနေသည့်အတွက် ကြိုတင်ပြင်ဆင်ဖို့ သတိပေးပြောကြားထားပါတယ်။ ဒီအထဲမှာ ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ မြေပြိုကျရန် အလားအလာ များနေတယ်လို့ သတိပေးထားပါတယ်။

XS
SM
MD
LG