သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဆွေးနွေးပွဲ လုံးဝအပစ်ရပ်ရေး သဘောတူညီချက်မရဘဲ ပြီးဆုံး


သုံးရက်မြောက် ကချင်ဆွေးနွေးပွဲ ( မေ ၃၀၊ ၂၀၁၃)
သုံးရက်မြောက် ကချင်ဆွေးနွေးပွဲ ( မေ ၃၀၊ ၂၀၁၃)
သုံးရက်ကြာ မြန်မာအစိုးရ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲ မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ တိတိကျကျ သဘောတူညီချက်တော့ မရခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဘက်ကြား နိုင်ငံရေးဆွေးနွေးပွဲတရပ်လုပ်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး အတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ အချက် ၇ချက်ပါတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ကေအိုင်အိုနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့အကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးတဲ့နောက် အချက် ၇ချက်ပါ သဘော တူညီချက် ကို မေလ ၃၀ရက် ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးနိုင် လိုက်ကြတာပါ။

“(က) နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီသည်။ (ခ) နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခတ်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်မှု ဗဟိုဌာန MPC က ဦးအောင်နိုင်ဦးက သဘောတူညီချက် ၇ချက်ကို သတင်းစာရှင်းလင်းပွဲအတွင်း ဖတ်ပြသွားတာပါ။ အရင့်အရင်က တခြားလူမျိုးစုတွေနဲ့ ရခဲ့ဖူးတဲ့ သဘောတူညီချက်တွေ မတူဘဲ ထူးခြားတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောတဲ့သဘောတူညီချက်တွေကို အလွယ်တကူ ရခဲ့ကြတာတော့ မဟုတ်ပါဘူး။ တံခါးပိတ်၊ တံခါးဖွင့် ဆွေးနွေးပွဲတွေအတွင်း အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာတွေထဲမှာ အဓိက အကျဆုံးကတော့ ကေအိုင်အိုဘက်က အစဉ်တစိုက်တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲကိစ္စဖြစ်ပါတယ်။

“ ကျနော်တို့ရဲ့ သဘောတူညီချက်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်ဆိုတာ နံပတ်တစ်အနေနဲ့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒီအချက်ကိုလည်း အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။”
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ဥက္ကဌ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းရဲ့ ပြောဆိုချက်ကို ကေအိုင်အို၊ ကေအိုင်အေဘက်က အဓိက ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း အလားတူ အသိအမှတ်ပြုပြောဆိုပါတယ်။

“ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်လို့ပြောဆိုခဲ့ကြပါတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အပိုင်းပေါ့နော်။ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းနဲ့ နိုင်ငံတော်အစိုးရဘက်က လက်တွေ့ အကောင်အထည်ဖော်မယ့် အပိုင်းကို အဓိက ထားဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် ကျနော်တို့ချမှတ်ထားပြီးသား နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်သွားမယ်ဆိုတာကို ပြောချင်ပါတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုးတက်မှုအချို့ရခဲ့တဲ့အတွက် ဝမ်းသာတဲ့အကြောင်း၊ နိုင်ငံတကာလေ့လာသူအဖြစ် နှစ်ဦးပဲ တက်ရောက်ခဲ့တဲ့ အထဲက မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန် မစ္စတာ လူဇီက ဗွီအိုအေကိုပြောပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ရှိခွန်အားကို ထိန်းသိမ်းပြီး အတူတကွ အားဖြည့် ကူညီသွားမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာလူဇီကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တခြားအနောက်နိုင်ငံတွေ အခုဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ကို တရုတ်ဘက်က ကန့်ကွက်လို့ မပါဝင်ခဲ့ရဘူးဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့တော့ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ အတိအကျ မငြင်းသွားပါဘူး။

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မြန်မာ့ပြည်တွင်းရေးဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ တရုတ်အနေနဲ့ဆိုရင် မြန်မာနိုင်ငံဟာ ကျနော်တို့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံပါ။ တိုက်ရိုက်ဆက်စပ်နေတဲ့ အကျိုးစီးပွားတွေအရ နှစ်ဖက်စလုံးရဲ့ ပန်ကြားချက်တွေအရနဲ့ လိုအပ်တဲ့အကူအပံ့တွေ အားလုံးအတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားတဲ့အနေနဲ့ ကျနော်တို့ ပါဝင်လာတာပါလို့ တရုတ်ကောင်စစ်ဝန် မစ္စတာလူဇီက ဗွီအိုအေကိုပြောခဲ့ပါတယ်။

တရုတ်အပြင် ကုလသမဂ္ဂရဲ့ အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယားလည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းကိုးဖွဲ့ နဲ့ မြစ်ကြီးနားမြို့က ကချင်မြို့မိမြို့ဖတွေ တက်ရောက်ကြပါတယ်။

ကေအိုင်အိုနဲ့အစိုးရကြား သဘောတူညီချက်တွေရတယ်ဆိုတာ ဒီတကြိမ်ကတော့ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်စစ်အစိုးရတွေ လက်ထက်တုန်းက ရခဲ့ဖူးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ၁၇နှစ်ကျော်ကြာပြီးကာမှ ပျက်ပြယ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အခုရတဲ့သဘောတူညီချက်တွေကို အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ဖို့ရာ အရေးကြီးတယ်ဆိုတာကို နှစ်ဖက်စလုံးက အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG