သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေး ကန် တာဝန်ရှိသူ ကချင်အဖွဲ့နဲ့ တွေ့


အမေရိကန်ပြည်ထောင်စု အရှေ့အာရှပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel နဲ့ ကချင် မဟာမိတ်အဖွဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံ။ (သတင်းဓာတ်ပုံ-Kachin Alliance)
အမေရိကန်ပြည်ထောင်စု အရှေ့အာရှပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel နဲ့ ကချင် မဟာမိတ်အဖွဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံ။ (သတင်းဓာတ်ပုံ-Kachin Alliance)

ကချင်ဆရာမ(၂)ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတဲ့ အမှုအပါအဝင် ကချင်ပြည်နယ်တွင်းဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း အရေးယူပေးရေး မြန်မာအစိုးရကို အမေရိကန်အစိုးရအနေနဲ့ ဖိအားပေးဖို့ Kachin Alliance ခေါ် ကချင်မဟာမိတ်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ကချင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ ဇန်နဝါရီလ (၂၈)ရက်နေ့က အမေရိကန်ပြည်ထောင်စု အရှေ့အာရှပစိဖိတ်ရေးရာ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel နဲ့ ကချင်မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ကချင်ပြည်နယ်တွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဒုက္ခသည်အရေးကိစ္စအပါအဝင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ စေတနာ့ဝန်ထမ်း ကချင်ဆရာမ (၂)ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ အမေရိကန်ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel နဲ့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San ကဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ အဓိကဆွေးနွေးဖြစ်တာ အခုဖြစ်နေတဲ့ဖြစ်စဉ်ပေါ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဒီ အကြမ်းဖက်မှုကို ကချင်လူမျိုးအနေဖြင့် တိုင်းရင်းသားအနေဖြင့် စိုးရိမ်ကြောင်းကြမှုရှိတဲ့ အကြောင်း ကျနော်တို့ဖွင့်ပြောတာပါ။ ဒီလိုအမျိုးသမီးတွေကို ရက်စက်စွာ သတ်ဖြတ်ပြီးမှ အဓမ္မပြုကျင့်ခဲ့တဲ့ဟာကို ကျနော်တို့ လက်မခံတော့ဘူးပေါ့နော်။ ဒီ ၂၀၁၀ကနေ ငြိမ်းချမ်းရေးယူထားတဲ့ နေရာဖြစ်ဖြစ် မယူသေးတဲ့နေရာဖြစ်ဖြစ် ဖြစ်ခဲ့တဲ့ဖြစ်စဉ်က မုဒိမ်းမှု ၁၁၈ မှုရှိခဲ့တယ်။ အဲ့ဒါက ရပ်တန်းကနေ ရပ်သင့်ပြီလို့ ကျနော်တို့ တောင်းဆိုတာပါ"

မအင်ကြင်းနိုင်။ ။။ အဲဒီတော့ လက်ရှိဖြစ်နေတဲ့ ဒီဆရာမလေး ၂ ယောက်ကို အတင်းအဓမ္မပြုကျင့်ပြီးတော့ အသတ်ခံရတဲ့ ကိစ္စမှာ ဟို စုံစမ်းစစ်ဆေးနေဆဲပေါ့လေ။ ဆိုတော့ ဒီအပေါ်မှာ အမေရိကန် အစိုးရဘက်ကရော သူတို့ဘာတွေသိထားသလဲ သူတို့ဘယ်လို တုန့်ပြန်သလဲရှင့်။

"သူတို့ကပြောတာတော့ ဒီဟာကတော့ လက်သည် မပေါ်သေးတဲ့ အကြောင်း ပြောတာပေါ့။ နောက်တစ်ခုက သံအရာရှိနဲ့တွေ့တဲ့အချိန်မှာ ဒီအကြောင်းကို သူတို့စိုးရိမ်တဲ့အကြောင်းပြောပါတယ်လို့ ကျနော်တို့ကို ပြန်ရှင်းပြပါတယ်။ ဘယ်အထိဆွေးနွေးတာကတော့ အတိအကျ ကျနော်တို့မသိပါဘူး။ နောက်တစ်ခုကတော့ ဒီတစ်ပါတ်ကုန်လာပြီဆိုရင် ဗမာပြည် သူသွားဖို့ အစီအစဉ်ရှိပါတယ်တဲ့။ ရှိတဲ့အချိန်မှာတော့ အစိုးရကို ဒီဟာနဲ့ပါတ်သက်ပြီးမှ တိုက်တွန်းမယ်ပေါ့နော်။ ဒီ စုံစမ်းတဲ့ အစီအစဉ်မှာရော လူတွေအားလုံး လက်ခံနိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းမှုဖြစ်ခဲ့စေချင်တဲ့ အကြောင်း သူတို့ပြောတယ်"

ဇန်နဝါရီလ (၁၉)ရက်နေ့ည အမှုဖြစ်ခဲ့တဲ့ နေရာနားမှာ အခင်းဖြစ်ချိန်တုန်းက အစိုးရတပ်ဖွဲ့တဖွဲ့ စခန်းချခဲ့တာကြောင့် အဲဒီစစ်တပ်က စစ်သားတွေကိုလည်း စုံစမ်းစစ်ဆေးနေတာတွေရှိပါတယ်။ Gum San အပါအဝင် လူအတော်များများ အနေနဲ့လည်း သူတို့ သိထားတဲ့ သတင်းအချက်အလက်တွေအရ စစ်တပ်အပေါ် သံသယဝင်ကြတဲ့ပုံရှိပါတယ်။

"အထက်ကနေပြီးတော့ စုံစမ်းစစ်ဆေးမယ်။ နောက်တစ်ခုက စစ်တပ်ကနေပြီးတော့ ပိုက်ဆံလာပေးတာဟာ ကျနော်တို့ကြားပါတယ်။ သိန်း (၅၀) ပေါ့နော်။ အဲလိုပုံစံနဲ့လုပ်တယ်။ မရဘူး။ မရတော့ ပြန်ခြိမ်းခြောက်မှုနဲ့ ပြန်တုန့်ပြန်တာပေါ့။ စစ်တပ်ကနေပြီးတော့ ပထမဆုံး ဓါတ်ပုံရိုက်တဲ့ ကိစ္စတွေမှာ စစ်ကြောင်းမှူးကနေပြီးတော့ ဓါတ်ပုံဖျက်ခိုင်းတာတို့ ဖြစ်ခဲ့တာပေါ့နော်။ ဓါတ်ပုံရိုက်တဲ့ ရွာသားတွေရှိတယ်။ တစ်ခြားရွာကနေပေါ့။ ရိုက်ပြီးမှ ပြန်လာတဲ့အချိန်မှာ ဒီလမ်းထိပ်မှာ သူတို့ရွာဝမှာ စောင့်ပြီးမှ ဓါတ်ပုံဖျက်ခိုင်းတဲ့ဟာတွေ ဖြစ်ခဲ့ပါတယ်"

စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးအသတ်ခံရတဲ့ အမှုနဲ့ပါတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးစုံစမ်းစစ်ဆေးဖို့နဲ့ တရားမျှတမှုရှိအောင်ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းတွေ အတွင်းကလည်း တောင်းဆိုခဲ့တာပါ။ အခုလို အမေရိကန်ထိပ်တန်း တာဝန်ရှိသူတဦးအနေနဲ့ ဒီအမှုနဲ့ပါတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်အဖွဲ့အစည်းနဲ့ တွေ့ဆုံခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

XS
SM
MD
LG