သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကော်မတီ KIO နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်း


မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင်စစ်သားများကို တွေ့ရစဉ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင်စစ်သားများကို တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့စွဲနဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ က ပေးပို့ခဲ့တဲ့စာကို တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒီစာနဲ့ ပတ်သက်လို့ KIO ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပြီး မကြာခင် အကြောင်းပြန်ကြားသွားမယ်လို့ ဗွီအိုအေကိုပြောပါတယ်။ တချိန်ထဲမှာပဲ အစိုးရအနေနဲ့ ပြောတဲ့အတိုင်း လိုက်နာဖို့လိုတယ် လို့ ပြောတာရှိသလို ကချင်ပြည်ဘက်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ကနေ တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေး အတွက် KIO ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌဆီကို လိပ်မူပြီး ဒီကနေ့ ရက်စွဲနဲ့ ကမ်းလှမ်းလာခဲ့ပါတယ်။ ြ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီရဲ့ ကမ်းလှမ်းချက်ကို KIO အနေနဲ့ မကြာခင် ပြန်ကြားသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က အခုလိုပြောပါတယ်။
“အကြောင်းပြန်ကြားချက်တခုတော့ ပေးဖို့ရှိပါတယ်။ လူကြီးတွေက ဆွေးနွေးတိုင်ပင်တာမျိုးပေါ့နော်၊ အမြင်စုစည်းတာမျိုး လုပ်နေကြတယ်။ မကြာခင် အတောအတွင်းမှာတော့ ကျနော်တို့ ပြန်ကြားစာ တစောင်တော့ ပြန်ကြားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။”

KIO နဲ့ အစိုးရတို့အကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်မယ် လို့ မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ကျနော်တော့ ဒီနေရာမှာ ထောက်ပြချင်တာကတော့ KNU နဲ့ ကျနော်တို့ ပြည်ထောင်စုအစိုးရ အပစ်ခတ် ရပ်တာ တနှစ်ပြည့်ပြီ။ သေနတ်သံတွေ မကြားသလောက် ဖြစ်တယ်။ အဲဒီဟာကို ထိန်းနိုင်တယ်။ ဆက်ပြီးတော့ ကျနော်တို့ နောက်တဆင့်ကို သွားနေတယ်။ အဲဒီတော့ တကယ်တော့ ယုံကြည်မှု မြန်မြန်ရသွားတယ်လို့ ကျနော်တို့ မှတ်ချက်ချ ချင်တယ်။ အခု KIO နဲ့ အစိုးရကြားထဲ ယုံကြည်မှုကတော့ ပြန်တည်ဆောက်နေတယ်။ သိပ်မကြာပါဘူး၊ ယုံကြည်မှုရပြီး စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်မယ်လို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီအနေနဲ့ ဒီဇန်နဝါရီလထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတယ် လို့ ငြိမ်းချမ်းရေး ကော်မတီဝင်တဦးဖြစ်သူ ဦးလှမောင်ရွှေက အခုလို ဆက်ပြောပါတယ်။

“ဝန်ကြီးဦးအောင်မင်းနဲ့ ဒီ Peace Canter။ Peace Canter ဆိုတာ ဦးအောင်မင်း ဦးဆောင်တဲ့ Peace Canter ကို ပြောတာနော်။ သူ့အောက်မှာရှိတဲ့ ကျနော်တို့ပါတဲ့ ကော်မီတီနဲ့ ဇန်နဝါရီလထဲမှာလုပ်ဖို့ ၃ ခုရှိတယ်။ UNFC နဲ့ ကျနော်တို့ တခုရှိတယ်။ နောက် KIO ကို ကမ်းလှမ်းထားတာနဲ့၊ KIO ဘက်က ကျနော်တို့ကို အကြောင်းပြန်လုပ်ဖို့ တခုရှိတယ်။ နောက် PNLO နဲ့ ကျနော်တို့ ဒီဇန်နဝါရီလထဲမှာ ပြည်ထောင်စုအဆင့် ဆွေးနွေးရမှာ ရှိတယ်။ ဒီ ၃ ခု၊ ဇန်နဝါရီလထဲမှာလုပ်ဖို့ ပြင်ဆင်နေတယ်ဗျ။”

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကနေ အစိုးရနဲ့ KIO တို့အကြား ယုံကြည်မှု တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပေမဲ့ လက်တလော အခြေအနေအရ အစိုးရဘက်ကနေ အပစ်ရပ်ဆိုင်းဖို့ ကြေညာထားတဲ့ ကချင်ပြည်နယ် လဂျားယန် ဒေသမှာ ဒီနေ့ နံနက်လည်း တိုက်ပွဲ ဖြစ်ပွားနေဆဲ အခြေအနေမှာ ရှိနေတယ်လို့ KIO ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဂျိမ်း(စ်)လွန်ဒေါင် က အခုလို ပြောပါတယ်။

“ဒီမနက် ၈ နာရီ မိနစ် ၂၀ ကတည်းက ၁၀၅ မမ၊ ၁၂၀ မမ တွေနဲ့ အကြီးအကျယ် မိုးရွာနေသလို ချနေတယ်၊ အဲဒီ လဂျားယန်မှာ။ သူတို့ အပစ်အခတ်ရပ်စဲပါမယ် ဆိုတဲ့နေရာမှာပဲ။ ဒါက ကျနော်တို့ လိုင်ဇာဧရိယာ အနီးအနားမှာပဲ။ ၁၀ ကီလိုထက်ပိုပြီး နီးတဲ့နေရာတွေမှာ။ အဲဒီမှာ တိုက်ပွဲဖြစ်နေတယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီရဲ့ ကမ်းလှမ်းချက်ကို KIO အနေနဲ့ ကြိုဆိုပေမဲ့ အစိုးရဘက်ကနေ ပေးထားတဲ့ဂတိအတိုင်း လုပ်ဆောင်ဖို့လိုတယ်လို့ KIO ဗဟိုကော်မတီဝင် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိမ်း(စ်)လွန်ဒေါင်က ပြောပါတယ်။

“ဒါတွေကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ပေါ့ဗျာ။ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုပါတယ်။ ကဲ… ကျနော်တို့ အပစ်အခတ်ရပ်စဲပါတယ်ဗျာ ဆိုပြီးတော့ လူတကာက ဝိုင်းကြည့်အောင် အဲဒါလုပ်ခြင်း၊ ကြော်ငြာခြင်းဖြစ်တယ်လို့ ကျနော် ယူဆတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် တကယ်လို့ သူတို့ပြောတဲ့အတိုင်း သူတို့လိုက်နာတယ် ဆိုရင်တော့ ဖြစ်ကိုဖြစ်တယ်။ ဒါပေမဲ့ အခုဟာက နာရီပိုင်းအတွင်းမှာပဲ သူတို့ ဒီလို ဆက်ပြီးတော့ သူတို့ပေးတဲ့ဂတိကို သူတို့ပဲ ဖောက်တယ်ဆိုရင် ဒါက ကိုယ်စီကိုယ်ငှ စဉ်းစားကြပေါ့ဗျာ။ အခုက တကမ္ဘာလုံးက သူတို့ကို အဲဒီအပစ်ခတ်ရပ်စဲဖို့ အဲဒါကို အကြံပြုလာကြတာ ဖြစ်ပါမယ်။”

မြန်မာနိုင်ငံအစိုးရဘက်ကတော့ KIO ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် ဆက်လက် လုပ်ဆောင်နေသလို အစိုးရတပ်ဖွဲ့တွေ အနေနဲ့ ကချင်ပြည်နယ် လဂျားယန်ဒေသတင် မကဘဲ၊ ရှမ်းပြည်နယ် အပါအဝင် တခြားတိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအားလုံးမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့လည်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

KIO နဲ့ မြန်မာအစိုးရတို့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေး တင်းမာမှု ဖြစ်ပွားခဲ့ပြီးတော့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် KIO ထိန်းချုပ်ရာဒေသနဲ့ တရုတ်နယ်စပ်တွေမှာ စစ်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည် ၉ သောင်းကျော် ရှိနေတယ်လို့ ကချင်ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ တွေကနေ ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG