သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်


တရုတ်နိုင်ငံ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးစဉ်။
တရုတ်နိုင်ငံ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးစဉ်။
မနက်ဖြန် မေလ ၂၈ ရက်နေ့မှာ စပြီးတော့ ကျင်းပမယ့် အစိုးရရဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်မှု ကော်မတီ”နဲ့ “ကချင်လွတ်မြောက်ရေး အဖွဲ့” KIO တို့ရဲ့ ဆွေးနွေးပွဲဟာ အောင်မြင်မှုတွေ ရရှိဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ကြမယ့် သူတွေက ပြောဆိုပါတယ်။ အခုလို မြန်မာနိုင်ငံထဲမှာ ပထမဆုံးအကြိမ် အစိုးရနဲ့ KIO တို့ရဲ့ ဆွေးနွေးပွဲကို ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားက မနောကွင်းကြီးထဲမှာ ကျင်းပနိုင်တာကိုက ကျေနပ်အားရစရာ ဖြစ်တယ်လို့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ကြမယ့် သူတွေက ရှုမြင်ကြပါတယ်။ မြစ်ကြီးနားမှာ မနက်ဖြန် စတင်ကျင်းပမယ့် ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို အခြေအနေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဦးရော်နီညိမ်း က တင်ပြထားပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ရဲ့ မနက်ဖြန်မှာ စပြီး ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒီပွဲကို စီစဉ်တဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ Peace Talk Creating Group PCG အဖွဲ့ဝင် ဦးဆန်းအောင် က KIO အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူတွေနဲ့ KIO ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနားမြို့ပေါ်ကိုအရောက် ဘယ်လို သွားရောက် ကြိုဆိုခဲ့ကြတယ် ဆိုတာကိုလည်း ဦးဆန်းအောင် က အခုလို ပြောပြပါတယ်။

“KIO အဖွဲ့ထဲက ခေါင်းဆောင်ပြီးမှ ပါလာတာကတော့ ဆရာကြီး ဦးဆွမ်လွတ်ဂမ် ပါ။ တပ်ဘက်ကတော့ ဗိုလ်ချုပ် ဂွန်မော် ပါ ပါတယ်။ လူကြီးပိုင်းကတော့ ၈ ယောက်ပါပါတယ်။ ကျန်တဲ့အားလုံး အဖွဲ့ဝင်တွေအားလုံးပေါင်းရင် ၄၈ ယောက်ပါ။ မစ္စတာ နမ်ဘီးယား ကိုယ်တိုင်က ဒီမနက်ပဲ ရောက်ပါတယ်၊ လေယာဉ်နဲ့။ သူကတော့ KIO ကို သွားကြိုတဲ့အချိန်မှာ မပါပါဘူး။ သွားကြိုတဲ့အချိန်မှာ ကျနော်တို့ PCG နဲ့ UN နဲ့ ကြိုတဲ့အချိန်မှာ ဦးအောင်မင်းတို့လည်း ပါပါတယ်။ နမ့်ဆမ်ယန် ရွာကနေ ကြိုလာတာပါ။ မြစ်ကြီးနားမြို့မရောက်ခင် ဝိုင်းမော်မြို့နယ်ကစပြီးတော့မှ လူထုကတော့ သောင်းချီသိန်းချီပြီးမှ အကြီးအကျယ်ကို ကချင်အလံကိုဝှေ့ယမ်း အလံကြီး အလံသေး မျိုးစုံနဲ့ သီချင်းတွေ ဆိုပြီးမှ ကြိုဆိုကြတာကိုး။ ထူးထူးခြားခြား တွေ့ရတယ်ခင်ဗျ။”

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက ဒီဆွေးနွေးပွဲမှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာကိုလည်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့အဖွဲ့ဝင် ဦးလှမောင်ရွှေ က အခုလို ဆိုပါတယ်။

“အဲ့တော့ ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဘက်က ဒုတိယ ဥက္ကဌ ဦးအောင်မင်း က ဦးဆောင်တယ်။ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဝန်ကြီး ဦးဝင်းထွန်း၊ ဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးပါတယ်။ မြောက်ပိုင်းတိုင်းမှူးနဲ့ အရှေ့မြောက်ပိုင်းတိုင်းမှူး တိုင်းမှူးနှစ်ယောက် ပါပါတယ်။ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ နောက် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ တပ်မတော် အရာရှိကြီးတွေ ပါပါတယ်။ နောက် MPC က အဖွဲ့ဝင်တွေလည်း ပါပါတယ်ခင်ဗျ”

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့ အဖွဲ့ဝင်တွေထဲက ၉ ဖွဲ့ကို ဖိတ်ကြားခဲ့တာမှာ ဘယ်အဖွဲ့တွေ အခုအခါ ရောက်ရှိနေပြီလဲ ဆိုတာကိုလည်း PCG က ဦးဆန်းအောင် က အခုလို ပြောပြပါတယ်။

“KNPP က ရောက်ပြီ။ NDA မိုင်းလားက ရောက်ပါပြီ။ ပြီးရင် ‘ဝ’ အဖွဲ့က ရောက်ပါပြီ။ ပြီးရင် ချင်း CNF က ရောက်ပြီ။ ရှမ်းရောက်ပြီ။ ရှမ်းပြည်တိုးတက်ရေး သူတို့ကတော့ မရောက်သေးဘူး။”

မနက်ဖြန်မှာ စတင်ကျင်းပမယ့် ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ အလားအလာနဲ့ ပတ်သက်ပြီးတော့ ဦးလှမောင်ရွှေ က အခုလို ခန့်မှန်းပြောဆိုပါတယ်။

“ဆွေးနွေးပွဲ ဘယ်လောက်ရလဒ် ရမယ်လို့တော့ အခုအချိန်ထိ ပြောဖို့ ကျနော်တို့ စောတယ်။ ဒါပေမဲ့ အရင်တုန်းက တခြားနေရာတွေမှာ ဆောင်ရွက်ခဲ့ရတာကနေ အခု ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှာရှိတဲ့ မနောကွင်းလို နေရာမျိုးမှာ ဆောင်ရွက်နိုင်တာကိုက အောင်မြင်မှုအတွက် ခြေလှမ်းတလှမ်းလို့ ကျနော်တို့ ယုံကြည်တယ်။ နောက် ဒီကနေ့ ပြည်သူလူထုတွေရဲ့ ကြိုဆိုမှုကလည်း နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ ခွန်အားတွေနဲ့ အားပေးတဲ့ သတ္တိတွေလည်း ရရှိစေတယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲ့တော့ ဆွေးနွေးပွဲကတော့ ပိုကောင်းတဲ့ ရလဒ်တွေ ရမယ်လို့ ကျနော်တို့က မျှော်လင့်ထားပါတယ်။”

ဒီနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ တကြိမ်၊ မတ်လမှာ တကြိမ် ရွှေလီမြို့မှာပဲ ပြုလုပ်ခဲ့တဲ့ နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာတော့ KIO ဘက်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် ကိုယ်တိုင် ပါဝင်တက်ရောက်လာခဲ့တဲ့အတွက် အခုအခါ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံထဲက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်မှာပဲ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ရဲ့ ဆွေးနွေးပွဲကို ပြန်ပြီး ကျင်းပနိုင်တာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG