သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ငြိမ်းချမ်းရေးဆွးနွေးပွဲ တိုးတက်မှု ရှိဟု ကုလကိုယ်စားလှယ်ယူဆ


မြစ်ကြီးနားမြို့က ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ။
မြစ်ကြီးနားမြို့က ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ။
မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်း ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးဟာ ကချင်ဒေသအတွက်သာမက မြန်မာတနိုင်ငံလုံးအတွက်ပါ အရေးကြီးတယ်လို့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ထိုက်သင့်တဲ့ တိုးတက်မှု ရလာဒ်အချို့လည်း မြင်တွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သိသာတဲ့ ရလဒ်တွေ ရခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ Vijay Nambiar က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အရေးအကြီးဆုံးကတော့ အကြမ်းဖက်မှုတွေ လျော့ကျ သွားအောင် နှစ်ဖက်စလုံးက ကတိကဝတ်ပြုကြတာဖြစ်တယ်လို့ မစ္စတာနမ်ဗီးယားက ယူဆတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ Faran Haq က မနေ့က ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“မြန်မာအစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့အကြား ကြာသာပတေးနေ့က လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar လေ့လာသူအဖြစ် တတ်ရောက်ခဲ့ပါတယ်။ အဲဒီ့နောက်ဆုံးဆွေးနွေးပွဲကနေ တိမ်းရှောင်နေရတဲ့ ပြည်တွင်း ဒုက္ခသည်တွေကို အကူအညီပေးရေး နဲ့ နေရာပြန်လည်ချထားရေး စတဲ့ ကိစ္စရပ်တွေ အပါအဝင် သိသာထင်ရှားတဲ့ တိုးတက်မှုရလဒ်တွေ ရခဲ့တယ်လို့ Mr.Nambiar က ပြောပါတယ်။ အရေးအကြီးဆုံး ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ အကြမ်းဖက်မှုတွေ လျော့ကျလာရေး အတွက် နှစ်ဖက်စလုံး က ဆောင်ရွက်သွားဖို့ ကတိကဝတ်ပြုခဲ့ကြတယ်လို့ မစ္စတာ Nambiar က ပြောပါတယ်။”

သဘောတူညီကြတဲ့အထဲမှာ နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် ပိတ်ထားရတဲ့ လမ်းတွေကို ပြန်ဖွင့်ဖို့နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာ ဒေသခံလူမှု အသိုင်းအဝိုင်းတွေနဲ့ ညှိုနှိုင်းဆွေးနွေးသွားဖို့ဆိုတာတွေ ပါဝင်တယ်လို့ မစ္စတာနမ်ဗီးယားရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကုလသမဂ္ဂ ကိုယ်စားလှယ်အပြင် အခြားတိုင်းရင်းသားလူနည်းစုအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေလည်း လေ့လာသူအဖြစ် တတ်ရောက်ခဲ့ကြတာပါ။ ကချင်ဒေသ ငြိမ်းချမ်းရေးဟာ တနိုင်ငံလုံးအတွက်ပါ အရေးကြီးတယ်လို့လည်း ကုလသမဂ္ဂက ယူဆပါတယ်။

“ကချင်ပြည်နယ်တွင်းက ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာရေးဟာ ကချင်လူထုအတွက်သာမက မြန်မာတနိုင်ငံလုံးအတွက်ပါ အလွန်တရာ အရေးကြီးတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း မစ္စတာနမ်ဗီယားက ပြောခဲ့ ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး လမ်းအပေါ် လျှောက်လှမ်းနေစဉ်မှာ ကုလသမဂ္ဂအနေနဲ့ မြန်မာလူထုကို ဆက်ပြီး ကူညီထောက်ခံသွားမှာပါ။”

အခု ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက တကယ့်ကို စိတ်ကောင်းစေတနာမှန် နဲ့ ဆွေးနွေးကြတဲ့အတွက် သူ့အနေနဲ့ အင်မတန်အားရကျေနပ်မိတယ်လို့လည်း မစ္စတာနမ်းဗီးယားက ပြောပါတယ်။ မစ္စတာနမ်ဗီးယားဟာ ပြီးခဲ့တဲ့ တခေါက် ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း လေ့လာသူအဖြစ် တက်ရာက်ခဲ့ဖူးပါတယ်။ မြန်မာအစိုးရအနေနဲ့က တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးရဖို့ ကြိုးစားနေရာမှာ၊ အဲ့ဒီတွေ လက်တွေ့ဖြစ်လာဖို့ဆိုရင် အခု ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ညှိုနှိုင်းမှုဟာ အရေးကြီးနေပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရပြီးရင်တော့ နိုင်ငံရေး
ဆွေးနွေးပွဲ လုပ်သွားမယ်လို့ မြန်မာအစိုးရက ကတိ ကဝတ်ပြုပြောထားပါတယ်။
XS
SM
MD
LG