သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ အပစ်ရပ်ရေး ဒေသခံတွေ သံသယရှိဆဲ


လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ် နယ်မြေအတွင်း ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ် နယ်မြေအတွင်း ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ အကြား ဆွေးနွေးမှုတွေ ညှိုနှိုင်းမှုတွေ ရှိနေပေမယ့်၊ ဒေသခံတွေ ကတော့ ပြေလည်နိုင်မယ့် အခြေအနေရှိပါ့မလား ဆိုတာ သံသယရှိနေကြပါတယ်။ အခုလို သံသယဟာ ဒေသခံ စစ်ပြေး ဒုက္ခသည်ပြည်သူတွေရော၊ ကေအိုင်အေ တပ်ထဲမှာပါ ရှိနေတယ် လို့ ပြောနိုင်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြား အပစ်အခတ် ရပ်စဲနိုင်ဖို့ ဆွေးနွေးမှုတွေဟာ အကြိမ်မနည်းတော့ပါဘူး။ ဒါပေမယ့်လည်း ဒေသတွင်း နေရာ အတော် များများမှာ နှစ်ဖက်တပ်တွေ နေရာယူ ထားတာ ဆုတ်ခွာပေးခြင်းမရှိသလို၊ တပ်တွေအကြား တင်းမာမှုတွေလည်း ရှိနေဆဲပါ။

တကယ်တော့ ကေအိုင်အိုနဲ့ မြန်မာအစိုးရအကြား ဒေသတွင်း ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့ နည်းလမ်းသဘောထား ကွာဟချက်ကြောင့် အပစ်အခတ်ရပ်စဲရေးယူဖို့ ခက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားအခြေစိုက် ကချင်နှစ်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး Samson Hkalam က ဗွီအိုအေကို ပြောပါတယ်။

"မြန်မာအစိုးရက Cease Fire ကို အရင်လုပ်ရမယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲက နောက်ကနေ သွားရမယ်ဆိုတဲ့ ပန်းတိုင်ကိုသွားတယ်။ ကေအိုင်အေကျတော့ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲရေးက သူ့အလိုလိုဖြစ်သွားမယ်ဆိုတဲ့ ပန်းတိုင်ကို သွားတယ်။ ဒီပန်းတိုင်နှစ်ခုက ဆုံဖို့ခက်မယ်လို့ ကျနော်တို့ကမြင်တော့ ကျနော်တို့အနေနဲ့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘယ်လောက်ရှိရှိ သိပ်ပြီးတော့မှ မျှော်လင့်ချက် အားနည်းတာပေါ့ ကျနော်တို့ဘက်ကလဲ။"

အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးနေကြတာ မအောင်မြင်ပဲ ကြာမြင့်လာတာနဲ့အမျှ၊ နှစ်နဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာပြေးနေရတဲ့ အရပ်သားဒုက္ခသည်တွေအဖို့လည်း ရပ်တည်နေထိုင်ရေး ပိုပြီး ခက်ခဲလာတယ်လို့ Samson Hkalam က ပြောပါတယ်။

နှစ်ဖက်တပ်တွေအကြားမှာလည်း တင်းမှုမှုတွေရှိသလို၊ ပစ်ခတ်မှုတွေလည်း ကျို့ကြားကျို့ကြား ရှိနေတာကြောင့် အရပ်သားတွေအတွက်ကတော့ ထိတ်လန့်စိုးရိမ်မှုတွေ မပြတ်ရှိနေတုန်းပဲလို့ လည်း ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ်မှာ ဒေသခံအရပ်သားတွေတင် သံသယရှိကြတာမဟုတ်ပါဘူး။ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်တွင်းမှာပါ ဒီ သံသယတွေ့ရပါတယ်။ ဒီ ဆွေးနွေးပွဲတွေကနေ အပစ်အခတ်ရပ်စဲနိုင်ရေး ရလဒ်ကောင်းတွေ ထွက်နိုင်ပါ့မလားဆိုတာ သံသယရှိတဲ့အကြောင်း ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်က ဗိုလ်မှုးကြီးဇော်ဂေါင်ကလည်း ဗွီအိုအေကို ပြောပါတယ်။

"အစိုးရလုပ်တဲ့ ဆွေးနွေးပွဲက တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဘက်ကို သွားမယ်ဆိုရင်တော့ ကောင်းတယ်ပေါ့။ ကောင်းတယ်လို့ အကောင်းမြင်တယ်။ ဒါပေမဲ့ အတုအယောင်၊ လွန်ခဲ့တဲ့နှစ်ကလို ဆွေးနွေးပွဲဖြစ်ရင်တော့ ကျနော်တို့အတွက်လည်း မကောင်းဘူးလေ။ အဲ့လိုပဲမြင်တယ်။ အစိုးရက ပြောတာတမျိုးပေါ့။ တပ်က တကယ့်လက်တွေ့ ရှေ့တန်းမှာဖြစ်တာက တမျိုးဖြစ်နေတယ်။ ဒါကြောင့်မို့ သိပ်ပြီးတော့မှ စိတ်ထဲမှာတော့ မယုံကြည်ဘူးပေါ့။ သံသယတော့ရှိတာပေါ့။ အဲ့လိုဖြစ်တယ်။"

မြန်မာနိုင်ငံနေရာအတော်များများမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရထားပေမယ့်၊ ကချင် ကေအိုင်အိုနဲ့ကတော့ အခုအချိန်အထိ အဆင်မပြေသေးပါဘူး။

အရင် စစ်အစိုးရလက်ထက်တလျှောက်လုံးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မာအစိုးရနဲ့ အဆင်ပြေခဲ့တဲ့ ကေအိုင်အိုဟာ အခု အစိုးရသစ်လက်ထက်ရောက်လာမှ တင်းမာမှုတွေ စခဲ့တာပါ။ မြန်မာအစိုးရက ရည်မှန်းထားတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ရေးအဆင့်မှာ အခု ကချင်ပြဿနာက စိန်ခေါ်ချက်တရပ်လိုဖြစ်နေပါတယ်။

အခုလို အချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ညီလာခံ တရပ်ကို ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ရှိရာ ဌာနချုပ်လိုင်ဇာမှာ အခု ကျင်းပနေပါတယ်။ ဒါဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ဦးတည်တာဖြစ်သလို၊ တဖက်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေကြား နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။

ကချင်နှစ်ခြင်းအဖွဲ့က Samson Hkalam ကတော့ ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စုပေါ်လာရေးအတွက် ပထမခြေလှမ်းဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

"တိုင်းရင်းသားများအတွက်ကတော့ ဒါအခွင့်အရေး တစ်ခု၊ အောင်မြင်မှု လမ်းစတခုလို့မြင်ပါတယ်။ ဒါပူးပေါင်းဆောင်ရွက်မှုပေါ့။ အဲ့ အဲ့ကတော့ ထွက်လာမယ့်အဖြေကတော့ ဖက်ဒရယ်ပြည်ထောင်စု၊ပီပြင်ရေးတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ နောက်ပြီးမှ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာ အဖြေထွက်လာလိမ့်မယ် လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီလိုင်ဇာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးမှုတွေကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံတော်အတွက် ငြိမ်းချမ်းသော၊ တရားမျတသော ပြည်ထောင်စု ဖက်ဒရယ်ကြီးပေါ်ပေါက်လာဖို့အတွက်တော့ ပထမခြေလှမ်းလို့ ကျနော်တို့ ပြည်သူတွေ၊ ဒုက္ခသည်တွေဘက်က ဒါတွေကိုမြင်ပါတယ်။

အခု လိုင်ဇာ တိုင်းရင်းသား ညီလာခံကနေ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေရဲ့ အဆိုပြုချက်တရပ်ထွက်လာဖို့ ပြင်ဆင်နေကြတာပါ။

တဖက်မှာ အစိုးရဖက်ကလည်း တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် အဆိုပြုချက် ပို့ထားတယ်လို့သိရပါတယ်။ ဒီညီလာခံ ရလဒ်တွေကနေ လက်ရှိမှာ ကြန့်ကြာနေရတဲ့ ကချင်အပစ်အခတ် ရပ်စဲရေးအတွက် လမ်းစဖြစ်လာနိုင်မလားဆိုတာကိုလည်း ကချင် လူမှုအဖွဲ့အစည်းတွေဖက်က မျှော်လင့်နေတာတွေ့ရပါတယ်။
XS
SM
MD
LG