သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဒေသ တိုက်ပွဲတွေ ပြန်ဖြစ်


ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) ရှေ့တန်း ကင်းစခန်းတနေရာမြင်ကွင်း။ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)
ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) ရှေ့တန်း ကင်းစခန်းတနေရာမြင်ကွင်း။ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးဖို့ လုပ်ဆောင်နေချိန်မှာပဲ ကချင်ပြည်နယ် ဖားကန့်ဒေသမှာတော့ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ စစ်ရေးတင်းမာနေတဲ့ ဖားကန့် ဘက်မှာ စစ်တပ်ဘက်က ဒေသခံပြည်သူတွေကို လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ နှစ်နဲ့ချီ ကြာမြင့် လာပြီဖြစ်တဲ့ ကချင်စစ်ဒဏ်သင့် စစ်ပြေးဒုက္ခသည် စခန်းတွေမှာတော့ စစ်ရှောင်ဒုက္ခသည်တွေ ပိုတိုးလာနေတဲ့အခြေအနေဖြစ်နေလို့ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ မဆုမွန်က စုံစမ်းပြီး အသေးစိတ် တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကကိုယ်စားလှယ်တွေပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ UPWC တို့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က သမ္မတဦးသိန်းစိန် ရှေ့ မှောက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အပြီးသတ် စာချုပ်လက်မှတ် မရေးထိုးကြခင် လာမယ့် မေလ ၁ ရက်နေ့မှာလည်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ်ရှိရာ ပန်ဆန်းမှာ တိုင်းရင်းသားညီလာခံတရပ် ကျင်းပဖို့လည်း ရှိနေတာပါ။

ဒီလိုမျိုး တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြချိန်မှာပဲ ကချင်ပြည်နယ် ဖားကန့်ဒေသဘက်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ တပ်စခန်းချရာ ကေအိုင်အေ တပ်ရင်း (၆) နယ်မြေထဲ မြန်မာအစိုးရတပ် တပ်မ (၄၄) လက်အောက်ခံတပ်ရင်းနဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ဒေသခံတဦးလည်းဖြစ်တဲ့ ကချင်လူမှုကွန်ယက် အဖွဲ့က ကိုစာဂျီက အခုလိုပြောပြပါတယ်။

“ဟုတ်တယ်၊ မနေ့ကစပြီး တိုက်ပွဲပြန်ဖြစ်တယ်။ အရင်တိုက်ပွဲဖြစ်ခဲ့တဲ့ တပ်ရင်း (၆) ပမ်ဂေါင်ပေါ့။ အောင်ဘာလေရွာ အထက်ပေါ့။ အဲဒီမှာ KIO တပ်စခန်းပြန်ချတယ်။ အဲဒီနေရာကို ပြန်ပြီးတော့ ထိုးစစ်ဆင်လာတယ်လို့ ပြောတာပဲ၊ တပ်မတော် ဘက်က။ အဲဒါကြောင့် ဟိုဘက်က ခုခံတဲ့ အနေနဲ့ ဆက်လက်ပြီးတော့ တိုက်ပွဲဖြစ်တယ်။”

စစ်ရေးတင်းမာမှုရှိပြီး ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံမှုမရှိဖြစ်နေတဲ့ ဖားကန့်မှာ မြန်မာအစိုးရတပ်ဘက်က ဒေသခံကချင်ပြည်သူတွေကို လမ်းခရီးဂိတ်တွေမှာ စစ်ဆေးမှုတွေကို လုံခြုံရေး တင်းကျပ်စွာဆောင်ရွက်နေတယ်လို့ ဆက်ပြောပါတယ်။

“ဖားကန့်လမ်းမှာ။ နေရာ ၃ - ၄ ခုမှာ စစ်တပ် check point ပေါ့။ စစ်ဆေးရေး ဂိတ်မှာ မှတ်ပုံတင်စစ်တယ်။ ကားကို မွှေနှောက်ရှာဖွေပြီးတော့မှ အဲဒီ စစ်တဲ့ဟာတွေ ရှိတယ်။ အခု ဒီမနက် ခရီးသွားလာတဲ့ပြည်သူတွေကို မှတ်ပုံတင် စစ်တာတို့၊ ကားကို အစအဆုံးမွှေနှောက်ပြီးတော့ ခုံတွေပါ လှပ်ပြီး စစ်တဲ့ဟာတွေ ရှိတယ်ပေါ့။ လယ်ပြင်ထိပ် ဝင်ခါနီးတဲ့နေရာတွေ..ဖားကန့်မရောက်ခင် လမ်းပေါ်မှာတော့ အဲလို ဒုက္ခပေးတဲ့ဟာတွေ၊ ဒါပေမယ့် လူမတွေ့တဲ့နေရာ ရွာတွေ KIO အုပ်ချုပ်တဲ့နေရာ၊ လူရင်းတွေရှိတဲ့ ရပ်ရွာသားတွေ တွေ့လို့ရှိရင်လည်း သူတို့က ဒုက္ခပေး တတ်တဲ့ဟာတွေ ရှိတာပေါ့နော်။”

ကချင်ပြည်နယ်တွင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းက ကချင်တပ်မဟာတွေ စခန်းချထားတဲ့ စစ်အခြေစိုက်စခန်းတချို့ကို မြန်မာအစိုးရတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့လည်း ကချင်သတင်းစဉ် အယ်ဒီတာချုပ်ကိုနော်ဒင်းက အခုလိုပြောပြပါတယ်။

“ဖားကန့်ကတော့ အဓိက ကတော့ သူ့ရဲ့နောက်ခံကတော့ KIA တပ်ရင်း (၆) အခြေစိုက်စခန်းကို နေရာတောင်မှ အစိုးရတပ်ဘက်က သိမ်းထားတဲ့အပိုင်းတွေရှိတယ်လေ။ KIO ဘက်ကတော့ နောက်ဆုတ်ပေးတယ်။ သူတို့ ထပ်ပြောင်းထားတဲ့ တပ်မဟာ (၆) စခန်းတွေကို အစိုးရတပ်က သူတို့ကို မောင်းထုတ်တယ်။ ပြန်သိမ်းလိုက်တယ်ဆိုတော့ အစိုးရက KIA တပ်တွေကို ဖားကန့်ကနေပြီးမှ လုံးဝ ဖယ်ရှင်းချင်တယ်၊ မောင်းထုတ်ချင်တယ်။ KIO ဘက်ကလည်း သူ့ရဲ့နေရာဆိုတော့ အဲဒါကိုတော့ လက်ခံဖို့တော့ မရှိဘူး။”

တိုက်ပွဲတွေ ဖြစ်နေတာ နှစ်နဲ့ချီကြာမြင့်လာပြီဖြစ်တဲ့ ကချင်ဒေသထဲ ကေအိုင်အိုထိန်းချုပ်နယ်မြေထဲက စစ်ပြေးဒုက္ခသည်စခန်းတွေမှာရော၊ မြန်မာအစိုးရ တပ်ဘက်က ထိန်းချုပ်ထားတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာပါ ဒုက္ခသည်တွေ ပိုတိုးလာနေသလို တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေဆဲ IDP ရွှေ့ပြောင်းစစ်ပြေးဒုက္ခသည်တွေအတွက်ပါ စားနပ်ရိက္ခာအခက်အခဲနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ဒုက္ခသည်တွေရဲ့အနေအထားကတော့ လုံးဝ ပြန်လို့လည်း မရသေးဘူး။ ကချင်ပြည်နယ်အစိုးရဘက်ကတော့ ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ အတွက်တော့ သူတို့လုပ်တယ်။ ဒါပေမယ့် လောလောဆယ်အနေအထားအရကတော့ ဘယ်လိုမှ နိုင်ငံရေးဆွေးနွေးပွဲတွေက ဘာမှလည်း မစသေးဘူး။ ဘာမှ အခြေအနေ သူတို့ ဖြစ်လာမယ်ဆိုတာလည်း မသိသေးဘူး။ KIO အနေနဲ့ကလည်း အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ အဖွဲ့အနေနဲ့ကလည်း မလုပ်သေးဘူးဆိုတော့ ဒုက္ခသည်ပြဿနာတွေကတော့ ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့ အခြေအနေမှာ ရောက်နေတာပေါ့နော်။ ဒီဒုက္ခသည်တွေကတော့ ပိုပြီးတော့ တိုးလာတဲ့အနေအထားမှာ ရှိတယ်။ ဘာကြောင့်လဲဆိုရင် ဖားကန့်ဘက်မှာလည်း တိုးလာတယ်။ တပ်မဟာ (၃)၊ တပ်မဟာ (၄) ပေါ့နော်။ ရှမ်းပြည်မြောက်ပိုင်း။ ဒုက္ခသည်ရဲ့အခြေအနေကတော့ တဖြည်းဖြည်းနဲ့တိုးလာတဲ့အနေအထားမှာတော့ ရှိနေတာပေါ့။”

ကချင်ဒေသတွင်း စစ်မီးငြိမ်းနိုင်ရေးအတွက်လည်း ပြီးခဲ့တဲ့မတ်လက နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော် ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ လဂျာ၊ ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကေအိုင်အိုအဖွဲ့ဟာ သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပြီးလည်းဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံခဲ့ရာမှာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်ပြီး ဆောင်ရွက်ဖို့၊နှစ်ဘက်တပ်ဖွဲ့ အောက်ခြေမှာ ပစ်ခတ် တိုက်ခိုက်မှု လျှော့ချဖို့နဲ့ နှင့် တိုက်ပွဲတွေဆက်လက် မဖြစ်ပွားစေရေး ညှိနှိုင်းဆောင်ရွက်ဖို့အပါအဝင်တပ်နေရာချထားရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြပေမဲ့လည်း အခုချိန်ထိကတော့ ကချင်ဒေသတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG