သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ အစိုးရတပ် ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားရေး ဆွေးနွေး


ကချင်ပြည်နယ် မြစ်ကြီးနားရောက်လာတဲ့ ကချင် လွတ်မြောက်ရေးတပ် (KIA) တပ်သားများကို ကချင်ပြည်သူများ ကြိုဆိုနှုတ်ဆက်။ (နိုဝင်ဘာ၊ ၂၀၁၃)
ကချင်ပြည်နယ် မြစ်ကြီးနားရောက်လာတဲ့ ကချင် လွတ်မြောက်ရေးတပ် (KIA) တပ်သားများကို ကချင်ပြည်သူများ ကြိုဆိုနှုတ်ဆက်။ (နိုဝင်ဘာ၊ ၂၀၁၃)

အစိုးရနဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးရာမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ မကြာမီက ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဖားကန့်ကျောက်စိမ်းတွင်း ကိစ္စနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေ ၃နာရီကနေ ၅နာရီအထိ တွေ့ဆုံဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက အချက် ၃ချက်ကို ဆွေးနွေးခဲ့ တယ်လို့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

"ဒီနေ့ အကြောင်းအရာကတော့ သုံးချက်ပါ။ အဓိကကတော့ သွားလာနေတဲ့ အချိန်မှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်သွားနိုင်တဲ့ ဟာမျိုးတွေ မဖြစ်အောင်ပေါ့လေ။ အဲ့သလို သွားလာတဲ့အခါမှ တယောက်နဲ့တယောက် ညှိနှိုင်းပြီးမှ သွားလာဖို့၊ ဒါတွေကို ဆွေးနွေးသွားတာ တချက်ပါပဲ။ အဲ့တာ တချက်။ KIO ဗဟိုကနေပြီးတော့မှ ၂၀၁၄မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ၊ သုံးစွဲနေတဲ့သူတွေ အားလုံးကို အမြစ်ဖြတ်ခြေမှုန်းဖို့အတွက် ဒီမှာ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ဖို့အတွက် သူတို့ကို စီမံချက်လုပ်နေတဲ့အပေါ်မှာ ဘာသာရေးဘက်က အဖွဲ့အစည်းတွေ နောက်ပြီး ပြည်သူလူထုတွေ လည်း ပါဝင်ပြီးတော့မှ လုပ်တဲ့အချိန်မှာ ဥပဒေနဲ့အညီ သူတို့နဲ့ ပူးပေါင်းပြီးတော့မှ ဘယ်လို လုပ်ဆောင်သွားရင်ကောင်းမလဲဆိုတဲ့ အချက်လေးတွေ ဒါတွေ ဆွေးနွေးတဲ့ အတိုင်းအတာပဲ။"

နောက်ဆုံးဆွေးနွေးတဲ့ အချက်ကတော့ အစိုးရက စက်တင်ဘာ ၁ရက်နေ့မှာ ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီတွေကို ဖားကန့်မှာလုပ်ငန်းပြန်လည် လုပ်ခွင့်ပေးလိုက်ချိန်မှာ KIOက အခွန်ကောက်ယူတယ်ဆို သတင်းဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောပါတယ်။

" နောက်ဆုံး အချက်ကတော့ နိုင်ငံတော်အစိုးရကနေပြီးတော့မှ ဖားကန့်မှာ ကျောက်တွင်းတွေ စီမံချက်နဲ့စတင်လုပ်မယ်ဆိုတဲ့ကိစ္စမှာ တချို့တွေကလည်း ဒီမှာ ပြောကြတာပေါ့လေ။ KIA ကို ဆက်ကြေးပေးရမယ်။ သူတို့ KIA နဲ့ ညှိရမယ်။ KIA နဲ့ မညှိရင် မရဘူး။ KIA က လုပ်ခွင့်မပေးဘူး တားမြစ်ပိတ်ပင်တယ်ဆိုတဲ့ ဟာမျိုးတွေ အသံထွက်နေတယ်ဆိုတဲ့ အပေါ်မှာ KIA ကလည်း မပိတ်ပင်ဘူး ဆိုတဲ့အကြောင်း တွေပေါ့လေ။ ပြန်ပြောတာဗျ။"

အစိုးရကိုယ်စားလှယ်အဖွဲ့ဖက်ကနေ ပါဝင်တက်ရောက်ခဲ့သူတဦးကတော့ အဲဒီအချက် ၃ချက်အပြင် လောလောဆည် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဂျပန်ဦးနှောက် အမှေးရောင်ကိစ္စနဲ့ အာဖရိကမှာဖြစ်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ် စတဲ့ ကူးစက်ရောဂါတွေ KIO ထိန်းချုပ်နယ်မြေမှာ ဖြစ်ပွားရင် အစိုးရနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြတယ်လို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲဟာ နှစ်ဖက်ပွင့်ပွင့်လင်းလင်းနဲ့ အပြု သဘောဆောင်ဆွေးနွေးနိုင် ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့KIOအကြားမှာ တိုက်ပွဲတွေလျှော့ချဖို့ နဲ့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ ကိစ္စတွေကို ညှိနှိုင်းဖြေရှင်းဖို့အတွက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ တလတကြိမ်တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီထားတာဖြစ်ပါတယ်။

ဒီကနေ့တွေ့ဆုံတာကတော့ ခြောက်ကြိမ်မြောက်ဖြစ်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့ကို ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က ဦးဆောင်ခဲ့သလို၊ KIO အဖွဲ့ကိုတော့ ဗိုလ်မှူးကြီး ဇော်ဒေါင်က ဦးဆောင်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေး တာကြောင့် နှစ်ဖက်တပ်တွေ အကြား တိုက်ပွဲဖြစ်ပွား တာတွေ လျော့ကျ လာတယ်လို့လည်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

" အဲ့သလိုတွေ့ဆုံခြင်းအားဖြင့် အခုနှစ်ဦး နှစ်ဖက်တပ်တွေ ရှေ့တန်းမှာ တိုက်ပွဲဖြစ်တာတွေက သိသိသာသာ လျော့ကျသွားတဲ့ အပိုင်းတွေ လည်း တွေ့ရတာပေါ့။ ဒီလဆိုရင် လုံးဝ မရှိသလောက် ရှိတယ်ဆိုတာကို ပြောလို့ရတယ်။"

ပြီးခဲ့တဲ့သြဂုတ်လ ၈ရက်နဲ့ ၁၀ရက်နေ့တွေကတော့ ဖားကန့်ဒေသအတွင်းမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား ၂ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာတွေ ရပ်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ဟာ ၁၉၉၄ခုနှစ်ကနေ အပစ်အခတ်ရပ်စဲခဲ့ပြီး ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရတက်လာပြီးနောက် ၂၀၁၁ခုနှစ်မှာ တိုက်ပွဲတွေပြန်လည် စတင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကာလ ၃နှစ်ကျော်အတွင်းမှာ ကချင်ပြည်နယ်က ဒေသခံပြည်သူ တသိန်းခွဲကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

လောလောဆည်မှာတော့ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့လောက်နဲ့ အပစ်အခတ်ရပ်စဲထားပြီး ဒီနှစ်မကုန်ခင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

XS
SM
MD
LG