သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြေး ကချင်ဒုက္ခသည်များ အကူအညီမရ


ကချင်ပြည်နယ်မြောက်ပိုင်း မလိယန်ဒေသက အစိုးရတပ်နဲ့ ကချင် KIA တပ်တွေကြား တိုက်ပွဲကြောင့် ကချင်ဒုက္ခသည် တထောင်လောက် တောတောင်တွေထဲပိတ်မိနေပြီးကယ်ဆယ်ရေးအဖွဲ့တွေလည်း သွားရောက်ကူညီနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါတယ်။ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ အစိုးရထိုးစစ်ကြောင့် မလိယန်တဝိုက် ရွာသုံးရွာက ကချင်ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နား လှုပ်ရှားနေတဲ့ KIA တပ်မဟာ (၇) ကိုမလိယန်အခြေစိုက် မြန်မာအစိုးရတပ်တွေက ထိုးစစ် ဆင်လာတာကြောင့် မလိယန်၊ လောတ်မိုင်ယန်အပါအဝင် ရွာသုံးရွာက ကချင်ဒေသခံ တထောင်လောက်ဟာ တောတောင်တွေထဲ ထွက်ပြေး ပုန်းအောင်းနေရတယ်လို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဗဟိုကော်မတီဝင် ဦးဒွဲဘီဇာက VOA ကို ပြောပါတယ်။

“အခုဒီတိုက်ပွဲဖြစ်တဲ့ မလိယန်ဆိုတာက ဗမာတပ်တွေရဲ့ တပ်စခန်းရှိတာပေါ့ ။ အဲဒီက ရွာသားတွေက အားလုံး (ဧရာဝတီ) အရှေ့ကမ်း ဘက်ကို ထွက်ပြေးတယ်လို့ ပြောကြတယ်။ ဒီရဲ့ဟိုဘက် လေး-ငါး မိုင်လောက်ဝေးတဲ့ တရွာရှိတယ်။ အဲဒီရွာတွေကလည်း ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း ကူးရင်ကူးနိုင်ပါတယ်။ မကူးရင်လည်း သူတို့တောမှာ ပုန်းနေမလားတော့ မသိဘူး။ တိုက်ပွဲဖြစ်တဲ့ ဒီ မလိယန်ရွာရယ်၊ လောတ်မိုင်ယန်ရွာရယ် ဟို ဧရာဝတီမြစ်ကမ်းပေါ်မှာရှိတဲ့ရွာရယ် သုံးရွာလောက် ထွက်ပြေးရမှာပဲ။ တထောင် ပတ်ဝန်းကျင်တော့ ရှိနိုင်တယ်။ အိမ်ခြေ ၅ဝ ပတ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။”

ကချင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပေးပို့နိုင်ရေးလမ်းကြောင်းကို အစိုးတပ်တွေက သွားခွင့်ပေးမှာမဟုတ်တဲ့အတွက် ဒုက္ခသည်တွေ တောထဲမှာပဲပိတ်မိနေဆဲဖြစ်တယ်လို့ ဦးဒွဲဘီဇာက ဆိုပါတယ်။

“အဝေးက အကူအညီလာပေးဖို့တော့ မလွယ်ဘူး။ ပိတ်မိနေတဲ့သဘောရှိတယ်။ ဧရာဝတီမြစ်ကနေ စက်လှေနဲ့သွားလု့ိရပါတယ်။ ဒါပေမယ့် အစိုးရတပ်က အဲလို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဧရာဝတီမြစ်က မိုးတွင်းဆိုတော့ ရေကြီးနေတော့ အခက်အခဲတော့ တော်တော်ရှိမယ် ထင်တယ်။ ကူညီဖို့ဆိုတာကတော့ စားနပ်ရိက္ခာ အဓိကဖြစ်မှာပဲ။ ဒုက္ခသည် လျော့နည်းဖို့က တိုက်ပွဲမဖြစ်ဖို့ပဲ။”

ဂျူလိုင်လ (၁၅) ရက်နေ့က စခဲ့တဲ့ မြန်မာအစိုးရတပ်တွေရဲ့ မလိယန်ဒေသထိုးစစ်ဟာ မနေ့ကအထိ ဆက်ဖြစ်နေဆဲပဲလို့ KIO ဗဟိုကော်မတီ ဝင် ဦးဒွဲဘီဇာက ပြောပါတယ်။

“တိုက်ပွဲတွေက အခုက အကြီးအကျယ်ပြန်ဖြစ်လာတော့ ၁၅ ရက်၊ ၉ နာရီကနေပြန်စတယ်- ဆိုတော့ကာ စစ်ကြောင်းထိုးလာတယ်၊ ထိုးလာတော့ KIA နဲ့ ခုခံစစ် တိုက်ပွဲတခုဖြစ်တယ်ထင်တယ်။ အဲဒီမှာ သူတို့ ပြန်ဆုတ်သွားတယ်။ ၁၅ ရက်ကနေ ဖြစ်တာ။ အခုလည်းပဲ ဒီမနက်လည်းပဲ…တိုက်ပွဲ သုံးနေရာဖြစ်တယ်လို့ သတင်းရပါတယ်။”

ကချင်ပဋိပက္ခအဖြေရှာရေး လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ကချင်ဒေသက လက်ရှိတိုက်ပွဲတွေကြောင့်မလိယန် လောတ်မိုင်ယန်၊ ဂျာရာယန် ၊ အင်ထန်းဇွပ်နဲ့ ဖုန်အိန်ယန်ကျေးရွာတွေက ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေအပါအဝင် ရွာသားစုစုပေါင်း တထောင်လောက် စစ်ပြေးဒုက္ခသည်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG