သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ငြိမ်းချမ်းရေး ဒုတိယနေ့ တံခါးပိတ် ဆွေးနွေး


မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်တဲ့ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၂၈ မေ ၂၀၁၃)
မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်တဲ့ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၂၈ မေ ၂၀၁၃)
ပြည်တွင်းမှာ ပထမဆုံး ကျင်းပနိုင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲ ဒုတိယနေ့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်း ကို မဆုမွန် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ဒီနေ့ပေါ့နော် ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အခြေအနေလေး ပြောပြပေးပါဦးရှင်။

ဖြေ။ ။ “ဒီကနေ့မှာတော့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးကြတာတွေ ရှိပါတယ်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဘက်က တာဝန်ရှိသူတွေ ဆွေးနွေး ကြတာ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက တံခါးပိတ် ဆွေးနွေးပွဲတွေ ဖြစ်ပြီးတော့ ကျနော်တို့ သတင်းသမားတွေ၊ တခြားလူတွေ ဝင်ခွင့်မရပါဘူး။ ဒီနေရာမှာ ဒီကနေ့ ဆွေးနွေးကြတာမှာ ကျနော်တို့ အဓိက မေးကြည့်လို့ ရသလောက်ပေါ့ ဆွေးနွေးပွဲပြီးတဲ့နောက်မှာ ဆွေးနွေးပွဲခန်းမကနေ ပြန်ထွက်လာတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကို သတင်းထောက်တွေ ဝိုင်းပြီးတော့ မေးကြည့်လို့ ရသလောက်ကတော့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ကိစ္စတွေထဲမှာ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေတဲ့ကိစ္စ ပါသလို၊ ကချင်နဲ့ အစိုးရ နှစ်ဘက်တပ်ဖွဲ့တွေဆိုင်ရာ အရွှေ့အပြောင်းကိစ္စတွေ စသည်အားဖြင့် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပါတယ်လို့ ကျနော်တို့ သိရပါတယ်။ ဆိုတော့ ဒီကနေ့ ဆွေးနွေးပွဲတွေက တံခါးပိတ် ဆွေးနွေးပွဲတွေ ဖြစ်တဲ့အတွက် အဓိကဘာအချက်တွေကို ဆွေးနွေးတယ်ဆိုတာ အသေအချာ မသိရပေမဲ့လည်း သေချာပေါက်ကတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတယ်ဆိုတာတော့ ကျနော်တို့ သိထားရပါတယ်။ အဲ့ဒါကလည်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။”

မေး။ ။ ဟုတ်ကဲ့ပါ ကိုကျော်ကျော်သိန်းရေ။ အခု ဒီဆွေးနွေးပွဲကို လေ့လာသူအဖြစ်နဲ့ တက်ရောက်နေတဲ့ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ နမ်ဘီးယား ကရော မြစ်ကြီးနားမြို့ထဲမှာ ဘာတွေများ လုပ်တာ ရှိပါသေးလဲ။

ဖြေ။ ။ “ကျနော်တို့ သိသလောက်တော့ မစ္စတာ နမ်ဘီးယား က KIA KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား ဆွေးနွေးနေတဲ့ တချိန်တည်းမှာပဲ မနောကွင်းထဲက ကချင်အဆောက်အဦးတစ်ခု အတွင်းမှာ မြစ်ကြီးနားမြို့ပေါ်က မြို့မိမြို့ဖတွေ၊ ကချင်ဒေသခံတွေနဲ့ တွေ့ဆုံ တာရှိပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို ကျနော်တို့ ဝင်ခွင့်မရပါဘူး။ ကျနော်တို့ နားထောင်ရသလောက်၊ ပြန်ကြားရသလောက်ဆိုရင်တော့ မစ္စတာ နမ်ဘီးယား က ကချင်ဒေသ ငြိမ်းချမ်းရေး၊ ကချင်ဒေသ တည်ငြိမ်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ တတ်နိုင်သလောက် လုပ်ဆောင်ပေးသွားမယ် ဆိုတဲ့အကြောင်း ပြောသွားပါတယ်။"

"ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စမှာ ကုလသမဂ္ဂရဲ့ သန္ဓိဌာန် အခိုင်အမာရှိတယ် ဆိုတာကို အဓိက ပြောသွားတာပါ။ မစ္စတာ နမ်ဘီးယားရဲ့ ဒီကနေ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ကျနော် သိသလောက်ကတော့ အဲ့ဒီ မနက်ပိုင်းမှာ မနောကွင်းထဲက အဆောက်အဦး တစ်ခုအတွင်းမှာပဲ မြစ်ကြီးနားမြို့ပေါ်က ကချင် မြို့မိမြို့ဖတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီးတော့ ကချင် ငြိမ်းချမ်းရေး အရေးကိစ္စမှာ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်နဲ့ ကဏ္ဍကို ရှင်းပြပြောဆိုသွားတယ်လို့ ကျနော် အဲ့လို သိထားရပါတယ်။”

မေး။ ။ ဟုတ်ကဲ့ပါရှင့်။ မနက်ဖြန်မှာ ဆက်ပြီးတော့ ကျင်းပဖို့ရှိတဲ့ ကချင်ဆွေးနွေးပွဲရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေများ သိထားပါသလဲရှင်။

ဖြေ။ ။ “KIO KIA ကလည်း ဒီကနေ့မှာ ကချင်လူထုနဲ့ တွေ့ဆုံပြီးတော့ ဗိုလ်ချုပ်ဂွမ်မော်က ကချင်လူထုနဲ့ တွေ့ဆုံတာ၊ မေးခွန်းတွေ မေးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီဟာကတော့ ကချင်ဘာသာနဲ့ ပြောဆိုတဲ့အတွက် ကျနော်တို့ သေသေချာချာ နားလည်ခွင့် မရခဲ့ပါဘူး။ မနက်ဖြန်မှာတော့ ကျနော်တို့ သိထားသလောက် နှစ်ဘက် တရားဝင် တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လုပ်ပါလိမ့်မယ်။ အဲ့ဒါကလည်း ဒီမနောကွင်းထဲက ပထမနေ့ ဆွေးနွေးပွဲ ကျင်းပရာ ခန်းမမှာပဲ တရားဝင် ဆွေးနွေးပွဲတွေ လုပ်မှာပါ။ အဲ့ဒီ ဆွေးနွေးပွဲတွေ ပြီးတဲ့အခါ နေ့လည်ပိုင်း သို့မဟုတ် ညနေပိုင်းမှာတော့ နှစ်ဘက်တရားဝင် ထုတ်ပြန်ချက်တွေ ထွက်လာဖို့ရှိတယ်လို့ ကျနော်တို့ သတင်းထောက်တွေအနေနဲ့ ခန့်မှန်းထားပါတယ်။”

မေး။ ။ ဟုတ်ကဲ့ပါရှင့်။ အခုလက်ရှိ နောက်ဆုံးပေါ့နော် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လုံခြုံရေးအခြေအနေရော ဘယ်လိုများ ရှိပါသလဲ။

ဖြေ။ ။ “လုံခြုံရေးအခြေအနေက ဆွေးနွေးပွဲတွေ စပြီးလုပ်တဲ့ ပထမနေ့လိုပါပဲ သိပ်ပြီး ထူးထူးခြားခြား တင်းတင်းကျပ်ကျပ်ကြီး ချထားတာ မရှိပါဘူး။ မြို့က ပုံမှန်အတိုင်းပဲ ရောင်းဝယ်ဖောက်ကား သွားလာလှုပ်ရှားပြီး စည်းကားလျက်ပါပဲ။ လက်နက်ကိုင်တွေဆိုရင်လည်း တာဝန်ရှိသူတွေ သွားတဲ့လာတဲ့ အချိန်မှာသာ လက်နက်ကိုင်တွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေ လုံခြုံရေးတပ်ဖွဲ့တွေကို တွေ့ရပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ မြို့ပေါ်မှာ ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှား လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ထူးထူးခြားခြား လုံခြုံရေး တင်းကျပ်ထားတဲ့ အခြေအနေမျိုး မတွေ့ရပါဘူး။”

ဒါကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သတင်းရယူဖို့ ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းကို မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG