သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲကြောင့် နယ်စပ် ကုန်သွယ်ရေး ထိခိုက်


ကချင်ပြည်နယ် လိုင်ဇာမြို့ ဈေးမြင်ကွင်း
ကချင်ပြည်နယ် လိုင်ဇာမြို့ ဈေးမြင်ကွင်း
ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေကြားတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်၊ တရုတ် မြန်မာ နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်မှု ထိခိုက်နေပါတယ်။ လိုင်ဇာမြို့မှာ ကုန်အရောင်းအဝယ် လာလုပ်နေကြတဲ့ တချို့တရုတ်လူမျိုးတွေဆိုရင်လည်း တရုတ်ပြည်ကို ပြန်သွားကြတယ်လို့ အဲဒီဒေသဖက်က ကုန်သည်တွေက ပြောပါတယ်။ မြစ်ကြီးနား ဗန်းမော်ကားလမ်းကို ပိတ်ထားတဲ့အတွက် တရုတ် မြန်မာနယ်စပ်မှာ ကုန်သည်တွေ အရောင်းအဝယ် ထိခိုက်နေရတဲ့ အကြောင်းကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နားတဝိုက်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် (KIA) အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတာမှာ ဒီကနေ့အထိ အစိုးရဖက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကို လိုင်ဇာမြို့မှာနေတဲ့ ကုန်သည်တယောက်က ခုလိုပြောပြပါတယ်။

"ကျမဆိုင်ကနေ ထိုင်နေရင်းနဲ့တောင် လေယာဉ် ပျံနေတာမြင်နေရတာ၊ အဲ့ဒါလက်နက်ကြီးနဲ့ အသကုန်ချ၊ ဗုန်းတွေလဲကြဲ တော်တော်လေးကိုဆိုးတယ်။ ဒီနေ့က လေယာဉ်ပျံ ငါးစီးလာတယ် အဖြူရောင်ကနှစ်စီး နောက်ပြီး အနီကသုံးစီး သူတို့က နေ့တိုင်းနေ့တိုင်း လာတိုက်နေတော့ လိုင်ဇာမှာရှိတဲ့ ပြည်သူလူထုတွေကတော့ နဲနဲရိုးသလိုလို ဖြစ်နေတာ။ နားထဲမှာ ယဉ်သလိုဖြစ်နေတာ။ တစ်ချို့ တွေကတော့နော် ကတုတ်ကျင်းထဲမှာ အောင်းနေတဲ့လူလည်း အောင်းကြတာပေါ့။ တစ်ချို့တွေကတော့ ရပ်ကြည့်ပြီးတော့ မှတ်တမ်းယူတဲ့လူလည်း မှတ်တမ်းယူတာပေါ့။ သူတို့တရုတ်ဘက်ကမ်းက လည်း မှတ်တမ်းတွေလာယူတာလေ။ ကင်မရာတွေဘာတွေနဲ့ လာယူကြတယ်"

ကချင်ပြည်နယ်ထဲမှာ အပြန်အလှန် ပြစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် မြစ်ကြီးနား ဗန်းမော်ကားလမ်းတွေကို ပိတ်ထားတာကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ၂ ဖက်ကုန်ပစ္စည်းတွေအရောင်းအဝယ် လုပ်ကြတဲ့ ကုန်သည်တွေ ထိခိုက်နေကြပါတယ်၊

"ထိခိုက်တာပေါ့၊ အရမ်းကြီးကို ထိခိုက်တယ်။ ဘာမှ အဝင်အထွက်မရှိ။ လူအဝင်အထွက်မရှိတဲ့ အခါကြတော့ ဒီမှာက ဈေးရောင်းရတာလည်း အဆင်မပြေဘူး။ အဲလိုမျိုးတွေဖြစ်တာ။ နောက်ပြီးတော့ လူတွေကြောက်ကြတဲ့ အခါ ပြန်တဲ့လူပြန်ပေါ့။ ခြောက်သွားတာပေါ့။ စီးပွါးရေးအခြေအနေလည်း မကောင်းဘူး"

အရင်က ကုန်သည်တွေနဲ့ စည်ကားနေတဲ့ လိုင်ဇာ တရုတ်နယ်စပ် မြစ်ကြီးနား ဗန်းမော်သွားတဲ့ ကားဂိတ်မှာဆိုရင် ဆိုင်တွေ တော်တော်များများ အခု ပိတ်ထားကြပြီး ကုန်သည်တွေဟာ နေရပ်ကို ပြန်ကုန်ကြပါတယ်၊ အဲဒီလို ပြန်ကြတဲ့အထဲမှာ တရုတ်နိုင်ငံဖက်ကနေ စီးပွားရေးလာလုပ်ကြတဲ့ တရုတ်လူမျိုးတွေလဲ ပါတယ်လို့ လိုင်ဇာမြို့ခံက ပြောပြပါတယ်။

"အရင်တုန်းကတော့ ဒီမှာ ကားက အမြဲတမ်းဝင်ထွက်နေတော့ ကားဂိတ်မှာ ကားသမားတွေပေါ့နော် ကုန်သည်တွေပေါ့ အမြဲတမ်းလာပြီး စားသောက်ကြတယ်။ ပြီးကြတော့ ကုန်သည်ဆီမှာ သူတို့ဖောက်သည်ယူကြတာပေါ့။ ကားဂိတ်နားမှာပဲ သူတို့ဖောက်သည်ယူပြီးတော့ ဗမာပြည်သွားကြတာလေ။ အခုက ကားတွေကပိတ်လိုက်တဲ့အခါကြတော့ အဲ့ဒီနားမှာ ဖောက်သည်ယူတဲ့လူလည်း မရှိတော့ဘူး။ စာသောက်နေတဲ့ ကုန်သည် နဲ့ ကားသမားတွေလည်း မရှိတော့ဘူး ဆိုတော့ အဲဒါကြောင့်သူတို့ ပိတ်လိုက်ရတာလေ။ အဲဒီဖက်မှာတော့ လူစုံတယ် ဗမာပြည်ကလူတွေလည်းရောင်းတယ် တရုတ်တွေလည်းရောင်းတယ်။ ဗမာပြည်ကလူတွေလည်း ပိတ်ပြီးပြန်ကြတယ်။ တရုတ်ပြည်က လူတွေလည်း ပိတ်ပြီးပြန်ကြတယ်။ နဲနဲပါးပါးပဲ ဆိုင်ကယ်ဆိုင်တွေပဲရှိတော့တယ်။ ဆိုင်ကယ်ဆိုင်တောင်မှ သူတို့လက်ကျန်တွေ ထိုင်ရောင်းနေတာ"

ပြန်သွားကြတဲ့ တရုတ်လူမျိုးအရေးအတွက် အတိအကျကို သူ့အနေနဲ့ မခန့်မှန်းနိုင်ပေမဲ့ တိုက်ပွဲကြောင့် စိုးရိမ်ကြတဲ့ တရုတ်ကုန်သည် ဆိုင်ရှင်တော်တော်များများဟာ ဆိုင်ပိတ်ပြီး ပြန်သွားကြတယ်လို့ ပြောပါတယ်၊ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်မှုအတွက် အဓိကဖြစ်တဲ့ ဗန်းမော် မြစ်ကြီးနား မော်တော်ကားလမ်းတွေ ပိတ်ထားတဲ့အတွက် တရုတ်ပြည်ဖက်ကို သွင်းတဲ့ စားသောက်ကုန်ဈေးတွေလည်း တက်နေပါတယ်

"ဗမာပြည်က ဝင်လာတဲ့ ပစ္စည်းတွေ အကုန်တက်တယ်။ ဗန်မော်ကနေ လွယ်ချေ လွယ်ချေကနေ တရုတ် ဆိုတော့ ခရီးကဝေးသွားတယ်။ စရိတ်စက ကလည်း အကုန်များတဲ့ အခါကျတော့ ဈေးနှုန်းတွေလည်းတက်သွားတာပေါ့။ စားသောက်ကုန်တွေ အကုန်တက်တယ်။ ဆီတို့ ပဲတို့ ငါးခြောက်တို့ အယ်လိုမျိုးတွေ အကုန်လုံးပေါ့ စားသောက်ကုန်တွေ အကုန်လုံးတက်တယ်"

ကားလမ်းတွေပိတ်ထားလို့ လိုင်ဇာ တရုတ်နယ်စပ်ဖက်မှာ ကုန်သွယ်ရေးထိခိုက်နေသလိုပဲ မူဆယ် တရုတ်နယ်စပ်မှာလဲ လူသုံးကုန်ပစ္စည်း အရောင်းအဝယ်တွေ ထိုင်းပြီး ထိခိုက်နေတာကို မူဆယ်ဖက်က ကုန်သည်က အခုလို ပြောပြပါတယ်၊

"ယူနန်ပြည်ဖက်က ဒီဖက်တရုတ်ဖက်ကို လာဖို့လည်းခက်တယ်။ တရုတ်ဖက်ကနေ မြန်မာပြည်ဖက်ကို ပစ္စည်းတွေ ကုန်ပို့ဖို့လည်းခက်တာပေါ့။ ဒီ လမ်းတွေပိတ်ထားတယ်ဆိုတော့လေ။ အခု လမ်းဖွင့်တာဆိုလို့ မန္တလေးလမ်း တစ်ခုလောက်ပဲဖွင့်တဲ့ အခါကျတော့ မန္တလေးဘက်ကဆို ဟိုး မြစ်ကြီးနားဘက်ကဆို တစ်ပါတ်ကြီးဖြစ်သွားပြီလေ။ အဲဒီတော့ ကုန်တွေက ပို့ရခက်တယ်။ ကယ်ရီနဲ့ ပို့ရတာလည်းခက်တယ်။ အဲဒီတော့ အဝတ်အစားတို့ စောင်တို့ ဘိနပ်တို့ စသဖြင့်ပေါ့နော် အသုံးအဆောင်ပစ္စည်းတွေပေါ့"

အစိုးရတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေတဲ့အတွက် တိုက်ပွဲနဲ့ နီးတဲ့ နေရာတွေဖက်က ကုန်သည်တွေဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ ရွှေ့ပြောင်းထားနေကြတယ်လို့ ပြောပါတယ်။
XS
SM
MD
LG