သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာဘက်သွားမည့် ကယ်ဆယ်ရေးယာဉ်တန်း ဗန်းမော်ရောက်


ကချင်ဒုက္ခသည်စခန်းတခုပုံ (ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၁၂)။
ကချင်ဒုက္ခသည်စခန်းတခုပုံ (ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၁၂)။
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ သွားနေကြတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ယာဉ်တန်းတွေ အခုဆိုရင် ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အရင်တုန်းက လုံခြုံရေးအကြောင်းပြချက်နဲ့ သွားခွင့်မပေးဘဲ တားမြစ်ထားတဲ့ ကချင်ပြည်နယ်အတွင်းက ကချင်လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ရာနယ်မြေတွေဆီကို အစိုးရက ပထမဆုံးအကြိမ် သွားခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်တွင်းက လက်နက်ကိုင်ထိန်းချုပ်ရာနယ်မြေတွေက စစ်ပြေးဒုက္ခသည်စခန်းတွေ ဆီကို အစိုးရကနေ ပထမဆုံးအကြိမ် သွားရောက်ခွင့်ပြုလိုက်ပြီးတဲ့နောက်ပိုင်း ကုလသမဂ္ဂဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းတွေဟာ ကေအိုင်အေ၊ ကေအိုင်အို ထိန်းချုပ်နယ်မြေရှိရာ လိုင်ဇာမြို့အနီး ဗန်းမော်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေဆီအထိ အကူအညီတွေ ပေးဖို့နိုင်ဖို့ အစိုးရနဲ့ ကချင်လက်နက်ကိုင်အပါအဝင် လွှတ်တော်ထဲက တိုင်းရင်းသားရေးရာ ကော်မတီအပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဘက်ကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကချင်စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီက ဒေါ်ဒွဲဘူကပြောပါတယ်။

“လိုင်ဇာကိုသွားဖို့ ဗန်းမော်မှာကားတွေ စောင့်နေတယ်။ ဖားကန့်ဘက်ကိုလည်း သွားနေပြီလို့ ပြောပါတယ်။ ဗန်းမော်နဲ့ လိုင်ဇာနဲ့ သိပ်မဝေးဘူးရှင့်။ ဒီ လိုင်ဇာနားက တံတားချိုးလိုက်တော့ အဲဒီတံတားမှာပဲ ဘယ်လိုလဲမသိဘူး လမ်းခရီးကတော့။ သွားမယ်ဆိုရင်တော့ သိပ်တော့မဝေးဘူး။ ဒါပေမဲ့ သူတို့ဘယ်လမ်းသွားမလဲတော့ မသိဘူး။ တရုတ်ဘက်လမ်းလား၊ ဒီဘက်လမ်းလား။ အဲဒီတော့ ဟိုဘက် KIA ဘက်ကလည်း ညှိနှိုင်းဖို့ လိုတာပေါ့နော်။ သူတို့ဘက်က မြန်မြန်လေး လာဖို့လိုတာပေါ့။”

ကုလယာဉ်တန်းတွေဟာ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အထိ အရောက် သွားရောက်ကြမှာဖြစ်ပြီးတော့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေကိုတော့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေ၊ ကေအိုင်အိုအပါအဝင် မြန်မာစစ်တပ်နဲ့ပါ ညှိနှိုင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကပြောပါတယ်။

“ကျနော်တို့ဘက်က ခွင့်ပြုထားပြီးပြီ။ ကျနော်တို့နယ်မြေကနေ ကျော်ပြီးတော့ ဟိုဘက်က KIA/KIO ထိန်းချုပ်တဲ့နယ်မြေထဲ ဝင်မှာဆိုတော့ သူတို့လည်း ဟိုဘက်မှာ ပြန်ကြည့်နေတယ် ထင်ပါတယ်ခင်ဗျ။ ဟိုဘက်ကို ဆက်သွားဖို့အတွက်တော့ ကြည့်နေတာတွေရှိတယ်လို့ပဲ ကျနော်တို့ အကြမ်းမျဉ်း နားလည်ပါတယ်။ အသေးစိတ် အခြေအနေကတော့ UN က အဖွဲ့အစည်းတွေမှ သိမယ်ခင်ဗျာ။”

ဒါဟာ ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာအစိုးရကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွား ပြီးနောက်ပိုင်း နိုင်ငံတကာ အကူအညီပေးရေးယာဉ်တန်းတွေကို အစိုးရက ကချင်လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေကို ပထမဆုံးအကြိမ် သွားရောက် ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ကုလယာဉ်တန်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖားကန့်ဒေသက စစ်ပြေးဒုက္ခသည်စခန်းတွေရှိရာကို သွားရောက်ပြီးတော့ ဒုက္ခသည်တွေလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို တလစာ အကူအညီ အထောက်အပံ့တွေပေးခဲ့ပြီး နောက်ထပ်လည်း သွားရောက်ကူညီပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

အခုဆိုရင် ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရကြား နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ တိုင်ရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နဲ့ အကြိုညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန်မှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်သွားခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေ ငြိမ်သက်သွားရတာ ငြိမ်းချမ်းရေးအစပျိုးမှုပဲဖြစ်တယ်လို့လည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကပြောပါတယ်။

“သမ္မတကြီးကလည်း ဒီစားပွဲဝိုင်းကို လာဖို့ဆိုပြီးတော့ အားလုံးကို ဖိတ်ခေါ်ထားတယ်။ နဂိုကတည်းက သမ္မတကြီးက မိမိကိုယ်မိမိ ခုခံတာကလွဲလို့ စတင်တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ မလုပ်ရဘူးလို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း တဘက်မှာကျတော့လည်း တပ်တွေက အရမ်းနီးနေတယ် ဆိုတဲ့အတွက်ကြောင့်မိုလို့ သူကပစ်၊ ကိုယ်ကပစ်နဲ့ တိုက်ပွဲတွေက ရပ်လို့မရဘူးဖြစ်နေတာပေါ့။ ဒါပေမဲ့ ကျနော်တို့ ရွှေလီ ဆွေးနွေးပွဲစတဲ့အချိန်က စပြီးတော့ ကေအိုင်အေ ဘက်ကလည်း ကျနော်တို့ဘက်က စောင့်ထိန်းသလို သူတို့ဘက်ကလည်း စတင်မတိုက်ခိုက်ဘူးလို့ စောင့်ထိန်းတဲ့အတွက်ကြောင့်မို့ ဒါတွေက ရပ်သွားတာ ဖြစ်ပါတယ်ခင်ဗျ။”

အခုဆိုရင် တိုက်ပွဲတွေ အတန်ငယ်အေးပြီး စစ်ငြိမ်သွားတဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေက စစ်ပြေးဒုက္ခသည်တွေ အတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး အပါအဝင် မိမိတိုရဲ့ နေအိမ်တွေကို စိတ်ချလုံခြုံစွာ ပြန်ပြီးတော့ နေထိုင်ရေးနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အတူ ပညာရေး၊ စီးပွားရေး ပြန်ထူထောင်နိုင်ဖို့ အလုပ်အကိုင်ဖန်တီးပေးနိုင်ဖို့တွေကိုပါ ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောပါတယ်။

“အခု လောလောဆယ်မှာတော့ တိုက်ပွဲတွေတော့ သိပ်မကြားတော့ပါဘူး။ လူထုကလည်း ခုဆို အိပ်ပျော်စားဝင်ပြီလို့ ကျမတို့ကို ပြောပါတယ်။ အဲဒီတော့ ဒီအနေအထားမှာတော့ ဒီ ဒုက္ခသည်တွေအတွက် အလေးထားပြီး ဆောင်ရွက်သင့်တဲ့ အခြေအနေပါ။ ဒုက္ခသည်တွေက များတော့ သူတို့အတွက် အရာရာတိုင်း ပြည့်စုံဖို့တော့မလွယ်ပါဘူး။ အခု ဒုက္ခရောက်လာတာလည်း ကြာလာပြီလေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ရပ်တည်နေတာလည်း ကြာလာပြီဆိုတော့ ဘယ်လောက် လုပ်ပေးပေးပေါ့နော်၊ အကောင်းဆုံးကတော့ ဒီစစ်တွေ ပြီးသွားပြီးမှ မိမိနေရာကို ပြန်အခြေစိုက် နေထိုင်နိုင်ဖို့ အဲဒီမှာ ပြန်ပြီးတော့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်အောင် ကူညီနိုင်ဖို့က အရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတော့ အများကြီး လိုအပ်ပါတယ်။ ဒါ့အပြင် အစိုးရကိုလည်း ကျမတို့ တောင်းဆိုထားပါတယ်။ ဒီ ဒုက္ခသည်စခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှု သင်တန်းတွေ လုပ်ဖို့အတွက်လည်း ကျမ တောင်းဆိုထားပါတယ်။”

စစ်ပြေးဒုက္ခသည်တွေအတွက် ရေသန့်အပါအဝင် စားနပ်ရိက္ခာတွေဟာ အထူးလိုအပ်နေပြီး ကျန်းမာရေး အခြေခံ စောင့်ရှောက်မှုတွေဟာ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေ အပါအဝင် ဘေးကင်းရာ နေရာတွေ၊ တောတွေထဲအထိ သွားပုန်းအောင်းနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်လည်း အရေးတကြီးလိုအပ်နေပါတယ်။ တရုတ်-မြန်မာနယ်စပ် အပါအဝင် ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင် ထိန်းချုပ်ရာနယ်မြေနဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေက ဒုက္ခသည်စခန်းတွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ တစ်သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။
XS
SM
MD
LG