သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပဋိပက္ခကြားက ကလေးငယ်တွေအရေး UNICEF သတိပေး


(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနေပြီး ဒေသခံ ကချင်တိုင်းရင်းသားတွေအနေနဲ့ ဘေး လွတ်ရာ ထွက်ပြေးနေကြရတဲ့အတွက် စစ်ဘေးဒုက္ခသည် ကလေးတွေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခွင့် လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မခွာညို က တင်ပြထားပါတယ်။

ကလေးသူငယ်တွေ ဖွံ့ဖြိုးကြီးပြင်းနိုင်ဖို့ ကာကွယ်စောင့်ရှောက်မှုနဲ့ ဘေးကင်း လုံခြုံမှုအတွက် အရေးပေါ်အခြေအနေတွေ အထူးလိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ - UNICEF ရဲ့ ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန် ဗိန်းဘဲလ်က ပြောပါတယ်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ကြားကပဲ မကြာခင်က မြန်မာပြည်မြောက်ပိုင်းက ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားလာနေတာပါ။

ဒါကြောင့် ကချင်ပြည်နယ်တောင်ပိုင်း မန်ဝိန်းကြီးဒေသအတွင်း တိုက်ပွဲဖြစ်ပွားရာ အရပ်က ဒေသခံ ကချင်တိုင်းရင်းသားတွေဟာ စစ်ဘေးလွတ်ရာ နောက်ထပ်တနေရာကို ထပ်မံ ပြောင်းရွှေ့နေကြရပုံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရုံး အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မစ္စတာ Stephane Dujarric က အခုလို ပြောပါတယ်။

"အခုလောလောဆယ် ကချင်ပြည်နယ်တောင်ပိုင်းက ပဋိပက္ခတွေအတွင်း ကလေးသူငယ်ပေါင်း ၁ ထောင်နီးပါး အပါအဝင် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ပြောပါတယ်။ အခု ထွက်ပြေးနေကြရသူတွေထဲက အတော်များများဟာ တနှစ်အတွင်း နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်မြောက် သူတို့နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတာပါ။"

မြန်မာနိုင်ငံရဲ့ မြောက်ဘက်ကျပြီး ကချင်ပြည်နယ်ရဲ့တောင်ဘက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အရပ်ဒေသတွေဟာ မြေမြုပ်မိုင်း အများဆုံးတွေ့ရတဲ့ ဒေသတွေဖြစ်ပြီး အစိုးရစစ်တပ်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေကပါ နှစ်ဘက်စလုံးက မြေမြုပ်မိုင်းတွေကို အသုံးပြုနေကြတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အခုလို မြေမြုပ်မိုင်းထောင်တာဟာ ကလေးသူငယ်တွေ အပါအဝင် ဒေသခံတွေအတွက် အန္တရာယ်ကျရောက်စေနိုင်သလို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဖြန့်ဝေပေးဖို့အတွက်လည်း အဟန့်အတားဖြစ်စေကြောင်း ကြေညာချက်မှာ ဖော်ပြထားတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မစ္စတာ Stephane Dujarric ကပဲ -

"အခုလို တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ရေကောင်းရေသန့် ရရှိဖို့နဲ့ တကိုယ်ရေသန့်ရှင်းမှုအပိုင်းတွေမှာ မလုံလောက်တဲ့အတွက် ကလေးတွေရဲ့ ကျန်းမာရေးတွေမှာ ဘေးအန္တရာယ်တွေလည်း မြင့်တက်လာနေပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းအားလုံးမှာ နေထိုင်နေကြတဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်တွေနဲ့ စစ်သားသစ် စုဆောင်းမှုတွေကနေ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေး ချက်ခြင်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဌာနေကိုယ်စားလှယ် မစ္စတာ ဗိန်းဘဲလ်က ပြောထားပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ UNICEF ဌာနေကိုယ်စားလှယ် မစ္စတာ ဗိန်းဘဲလ်ကပဲ တကယ်လို့ စစ်ပွဲတွေ ရပ်သွားပြီဆိုရင်တောင်မှ ကလေးတွေရင်ဆိုင်နေရတဲ့ မြေမြုပ်မိုင်းအန္တရာယ်နဲ့ စစ်သားစုဆောင်းမှုတွေကို ခံစားနေကြရတဲ့ ဒုက္ခတွေကတော့ ကွယ်ပျောက်သွားဦးမှာ မဟုတ်ကြောင်း ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအတွင်း မြန်မာအစိုးရ စစ်တပ်ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင် သူပုန်အဖွဲ့တွေဘက်ကပါ ကလေးတွေရဲ့ အနာဂတ်မှာ မိုင်းအန္တရာယ်ကနေ အကာအကွယ်ပေးဖို့၊ တိုက်ပွဲတွေအတွက် စစ်သားစုဆောင်းမှုကို တားဆီးဖို့နဲ့ ငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ဖို့တွေကို ချက်ခြင်း အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း မကြာခင်က စတင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလဒ်အဖြစ် မြန်မာပြည်အလယ်ပိုင်း တိုက်ပွဲလွတ်ရာအရပ်တွေက ကလေးတွေရရှိနေတဲ့ ပိုမိုကောင်းမွန်တဲ့ အလားအလာကောင်းတွေ၊ မျှော်လင့်ချက်တွေကို ကချင်ပြည်နယ်ဘက်က ကလေးတွေလည်း အလားတူ အညီအမျှ ရရှိနိုင်ရေးအတွက် ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် ဆောင်ရွက်ဖို့ မရှိမဖြစ် လိုအပ်ကြောင်းနဲ့ အသက်ကယ်ဆယ်ရေး အထောက်အပံ့ တခုတည်းနဲ့ မလုံလောက်ဘူးလို့လည်း မစ္စတာ ဘက်ထရန် ဗိန်းဘဲလ်က ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG