သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူထွန်တုံးတိုက်ပွဲဝင် လယ်သမားများ ထောင်ချခံရ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရရေး ထွန်တုံးတိုက်ပွဲဝင်နေတဲ့ လယ်သမားတွေ၊ ကူညီနေသူတွေသာမက ကျေးရွာ အုပ်ချုပ်ရေးမှူးကိုပါ ထောင်ဒဏ်ချမှတ် အပြစ်ပေးလိုက်ပါတယ်။ ဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ ခုခံချေပခွင့်တောင်မရခဲ့ဘဲ ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရတာပါ။

စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲကနေ မူလပိုင်ရှင်တွေကို ပြန်ပေးတာတွေ ရှိနေတယ်ဆိုတဲ့ကြားကပဲ အခုလို ဖြစ်ရပ်တွေကလည်း ရှိနေဆဲပါပဲ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ တောင်သူတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က စစ်တပ်က လေ့ကျင့်ရေးကွင်းအဖြစ် သိမ်းထားတဲ့ တောင်ယာတွေအပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွဲှခဲ့တာပါ။ စစ်တပ်က သေနတ်တွေနဲ့ ပစ်ဖောက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပေမဲ့ ထွန်တုံးတိုက်ပွဲက ဆက်ပြီး လုပ်နေဆဲဖြစ်ပါတယ်။

ဒီထဲက လယ်သမားရေးကူညီသူတွေ လယ်သမားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှုတွေကို ဇူလိုင်လ ၁၄ ရက်နေ့က ပိုင်နက်ကျုးလွန်မှု အပါအဝင် ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေနဲ့ ကန့်ဘလူတရားရုံးကနေ ချမှတ်လိုက်ကြောင်း တောင်သူတဦးက ပြောပြပါတယ်။

“ဦးကောင်းထွန်း စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ သူက ထောင်ဒဏ် ၂ နှစ်၊ နောက်တခါ ပေကြီးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းဆိုတာ သူကလည်း ထောင်ဒဏ် ၂ နှစ်၊ ထောက်ရှာအိုင်ရွာ အုပ်ချုပ်ရေးမှူး သူကလည်း ထောင်ဒဏ် ၂ နှစ်၊ ထောက်ရှာအိုင်ရွာကပဲ ဦးကျော်လင်း ဆိုတဲ့ တဦးရယ်၊ နောက်တခါ ကိုကျော်တင့် ဆိုတဲ့သူရယ်၊ ကိုဇော်မင်း ဆိုတဲ့သူရယ်၊ သူတို့ ၃ ဦးကတော့ ထောင်ဒဏ် ၂ နှစ်၊ ဦးကျော်ရင်က ၃ ထောင်ဒဏ် ၃ နှစ်၊ အားလုံး မနေ့က စုစုပေါင်း ၆ ဦး၊ ၄၄၇၊ ၄၂၇၊ ပိုင်နက်ကျူးလွန်မှုနဲ့ သီးနှံဖျက်ဆီးမှုပေါ့။ ဒီကနေ့မနက်ပဲ မိသားစုတွေနေပြီးတော့ ကန့်ဘလူမြို့နယ်နဲ့ အနီးဆုံးဖြစ်တဲ့ ရွှေဘိုထောင်ကို သွားပြီးတော့ စုံစမ်းနေကြတယ်။ ရွှေဘိုထောင်မှာ ဘယ်နှစ်ဦးရောက်တယ်၊ တခြားထောင်တွေမှာ ဘယ်နှစ်ဦးရောက်တယ်၊ သို့တည်းမဟုတ်လို့ရှိရင် ရွှေဘိုထောင်မှာပဲ ၆ ဦးစလုံးရောက်သလားဆိုတာ မသိရသေးဘူး။”

ရှေ့နေတွေနဲ့ ခုခံချေပခွင့်မရဘဲ ထောင်ဒဏ်များ ချမှတ်ခံရတဲ့အတွက် ဥပဒေပါ အခွင့်အရေးဆုံးရှုံးမှုအဖြစ် တောင်သူတွေဘက်ကလည်း ပြောဆိုနေတာပါ။ လယ်သမားတွေကို ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ရှေ့နေ ဦးအောင်သူရိန်ထွန်း ကတော့ အခုလို ပြောပါတယ်။

“ရှေ့နေရှေ့ရပ် ငှားရမ်းထုချေခွင့် အခွင့်အရေးကို တရားရုံးက ပေးအပ်ရမှာဖြစ်ပါတယ်။ ရှေ့နေငှားရမ်းခွင့် အခွင့်အရေးလည်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို ရရှိသင့်သည်ဖြစ်ပါတယ်။ ဒီလို ခုခံချေပခွင့် မပေးဘဲနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်ဆိုရင်တော့ ဒါ တရားမျှတမှုမရှိတဲ့ လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။”

တောင်သူတွေရဲ့မြေဧက ၃၀၀ ကျော်ကို အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်က သိမ်းယူခဲ့ပြီးတဲ့နောက် တောင်သူတွေက ပြီးခဲ့ဇွန်လကစပြီး ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ခဲ့တာပါ။ စစ်တပ်က မြေမွန်ရွာမှာတော့ သေနတ်တွေနဲ့ ခြောက်လှန့် ပစ်ခတ်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မြေသိမ်းဥပဒေနဲ့မညီဘဲ သိမ်းဆည်းထားတဲ့ မြေယာတွေနဲ့ပတ်သက်လို့ တောင်သူတွေကို ဖမ်းဆီးထောင်ချခြင်းဟာ ဥပဒေနဲ့မညီဘူးလို့လည်း ရှေ့နေ ဦးအောင်သူရိန်ထွန်း ကဆိုပါတယ်။

“၈၉ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်း အက်ဥပဒေနဲ့အညီ သိမ်းယူထားတာတွေ မဟုတ်ဘူး။ ဒါကြောင့် မြေသိမ်းဥပဒေနဲ့မညီဘဲ သိမ်းထားတဲ့မြေတွေဟာ တရားဝင် လက်ရှိ ဖြစ်မှာမဟုတ်ဘူး။ သို့သော်လည်းပဲ သိမ်းဆည်းထားတဲ့ မြေယာတွေ အကုန်လုံးကို တရားမဝင် သိမ်းဆည်းထားပြီးတော့ တရားဝင်သရောင်နဲ့ ဒီလို တောင်သူလယ်သမားတွေကို ထောင်ဒဏ်တွေ ချမှတ်တာဟာဖြင့် တရားမျှတမှု မရှိဘူး။”

မြန်မာစစ်တပ်ကတော့ သူတို့သိမ်းဆည်းထားတဲ့ လယ်မြေတချို့ကို ပြန်လည် စွန့်လွှတ်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တချို့မြေတွေကိုတော့ ပြန်လည်ပေးအပ်မှာ မဟုတ်ကြောင်းကိုလည်း ပြောဆိုထားတာပါ။ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာစစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ရေး အပါအဝင် လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

တပ်မတော်သားပီပီ နိုင်ငံ့ကာကွယ်ရေးစွမ်းရည်၊ ကျင့်ဝတ်သိက္ခာကို တိကျလေးနက်စွာ လိုက်နာရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ မတူကွဲပြားမှုကို လက်ခံခြင်း၊ အရပ်သားထိန်းချုပ်မှုကို ထောက်ခံခြင်း စတဲ့ အမေရိကန်စစ်တပ်ရဲ့ ခံယူချက်တွေကိုလည်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG