သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူ ကုန်တင်ဆီတွဲ ရထားတိမ်းမှောက်မှု သေဆုံးသူတိုး


Kant Balu train slip
Kant Balu train slip
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအနီးမှာ ကုန်တင်ဆီတွဲတိမ်းမှောက်ပြီး မီးလောင်ခဲ့တာကြောင့် ဒီကနေ့ထိ သေဆုံးသူပေါင်း ၅၆ ယောက်ရှိကြောင်း ကန့်ဘလူဆေးရုံ အုပ်ကြီးက ပြောပါတယ်။ လောလောဆယ်မှာတော့ ကန့်ဘလူဆေးရုံမှာ မီးလောင်ခံရတဲ့ လူနာ ၃၀ ဦး ရှိနေပြီး သူတို့တွေကို ရေရှည်ကုသရမှာဖြစ်တာကြောင့် ဆေးဝါးနဲ့ အကူအညီတွေ လိုအပ်နေတဲ့အကြောင်းလည်း ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မန္တလေး-မြစ်ကြီးနား ကုန်တင်ဆီတွဲရထားဟာ ဒီလ ၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ချပ်ကြီးဘူတာ အနီး တိမ်းမှောက်ခဲ့ပြီး ဒီလို တိမ်းမှောက်စဉ် လယ်ကွင်းအတွင်း ဖိတ်စဉ်ကျလာတဲ့ လောင်စာဆီတွေ ကို အနီးအနား ကျေးရွာက လူတွေ လာရောက်ခပ်ယူနေချိန်မှာ မီးလောင်ခဲ့တာကြောင့် လူအများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့မှာ မီးလောင်မှုကြောင့် လူ ၂၅ ယောက်သေဆုံးခဲ့ပြီး မီးလောင်ခံရသူ လူနာပေါင်း ၁၀၀ နီးပါး ရှိခဲ့ပါတယ်။ မီးလောင်ခံရသူ လူနာတွေကို ကန့်ဘလူဆေးရုံမှာ အဓိက ကုသပေးခဲ့ရာမှာ ဒီကနေ့ထိ ထပ်မံသေဆုံးသူ ၃၁ ယောက်ရှိခဲ့တယ်လို့ ကန့်ဘလူ ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမြင့်ဝင်းက ပြောပါတယ်။

“ကျနော်တို့ဆီကို တိုက်ရိုက်လာပြီးတော့ တက်သွားတာက အယောက် ၉၀ လောက်ရှိမယ်။ ကျနော် တို့က ပြန့်နေတာကိုး။ ပြန့်နေတယ်ဆိုတာက သူကနီးတာက ချပ်သင်းနီးတယ်။ ကျွန်းလှ နီးတယ်။ အဲဒီမှာလည်း သူတို့ တက်ကြတယ်။ နောက်ပိုင်းကျတော့ ကျနော်တို့ ဆေးရုံကပဲ အကုန်လွဲှယူလိုက် ပါတယ်။ အဲဒီမှာ ဒဏ်ရာ ရတဲ့လူနာကတော့ ၉၈ ဦးရှိပါတယ်။ အဲတော့ ဒီမှာ ဆုံးသွားတာက ၃၁ ဦး ရှိသွားပြီခင်ဗျ။ အယောက် အစိတ်ရယ် ကျနော်တို့ဆီက ၃၁ ယောက်ရယ်ဆိုရင်တော့ ၅၆ ယောက်ဖြစ် သွားမှာပေါ့။”

အခုအခါမှာ ကန့်ဘလူဆေးရုံမှာ လူနာ ၃၀ ကျန်ရှိနေတာဖြစ်ပါတယ်။

ကန့်ဘလူဆေးရုံကို ရောက်ရှိလာတဲ့ လူနာတွေထဲက ဒဏ်ရာ မပြင်းထန်တဲ့ လူနာ ၂၀ကို မန္တလေးဆေးရုံကို လွဲှပြောင်းပေးခဲ့ရာမှာ အဲဒီလူနာထဲက ၃ ယောက်သေဆုံးကြောင်း ကြားသိရပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

ကျန်ရှိနေတဲ့ လူနာတွေအခြေအနေနဲ့ သူတို့တွေကို ရေရှည်ကုသဖို့ လိုအပ်မှာဖြစ်ကြောင်း ဆရာဝန်ကြီး ဒေါက်တာ မိုးမြင့်ဝင်းက အခုလို ဆက်ပြောပါတယ်။

“Serious ဖြစ်တဲ့ case တွေကတော့ ရှိသေးတယ်ဗျ။ အဲဒါက သုံး- လေး ယောက်လောက် ကျန်အုံးမယ်။ Burn Case တွေက သိတဲ့အတိုင်းပဲ။ Long time treatment သွားရတာဗျ။ ပြီးရင် ကျနော်တို့က သူတို့အတွက် အရေပြားအစားထိုးပြီး ပြန်ကုရမှာ။ အရေးပြားအစားထိုးပြန်ကုတဲ့အထိ ကျနော်တို့ ဒီဆေးရုံမှာ လုပ်မယ်။

နည်းနည်းလက်ကွေးချင်ပြုချင်တဲ့လူတွေကျတော့ လေ့ကျင့်ခန်းပြန်လုပ်ဖို့အထိ ကျနော်တို့ စီစဉ် ထားတယ်။ နည်းနည်း operation ဘာညာ လုပ်ဖို့ဟာကျတော့နောက်ပိုင်းကျတော့ ကျွမ်းကျင်တဲ့ သူတွေဆီ လွှတ်ရမှာပေါ့ဗျာ။ အဲဒါတော့ အချိန်ယူရမှာ။”

ကျန်ရှိနေတဲ့ လူနာတွေကို ဒီလို ရေရှည်ကုသဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ လည်း ဒေါက်တာ မိုးမြင့်ဝင်းက ဆက်ပြောပါတယ်။

“Long time အတွက်ကျတော့ အကူအညီကတော့ လိုမှာပဲ။ ကျနော်တို့ ဝန်ကြီးဌာနက ဆရာကြီးတွေ လည်း လာသွားပါတယ်။ သူတို့က လိုအပ်တာမှန်သမျှ ပံ့ပိုးပေးမယ်လို့ ပြောထားပါတယ်။ တကယ်လို့ လိုမယ် ဆိုရင်တော့ ဆေးဝါးအဓိက လိုလာမှာပဲ။ ငွေကြေးလည်း လိုအပ်မှာပဲ။ ပြောရလို့ရှိရင်လေ။ ဒီဟာက disaster တခုဖြစ်တယ်ဆိုတော့ လူတိုင်းတော့ ပါဝင်ကူညီရမှာပဲ။”

ကန့်ဘလူဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာနဲ့ လူနာစောင့်တွေအတွက် မြို့ခံပြည်သူတွေက ရပ်ကွက် အလိုက် အလှည့်ကျ အစားအသောက်နဲ့ ဆေးဝါးတွေ ထောက်ပံ့ ကူညီပေးထားပါ တယ်။ လောလောဆယ် မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ ကျပ်ငွေ သိန်း ၁၀၀ အပါအဝင် ပုဂ္ဂလိက အလှူရှင်တွေ လှူဒါန်းငွေ ကျပ်ငွေ သိန်း ၃၈၀ ကျော်ကို ကန့်ဘလူဆေးရုံမှာ လက်ခံရရှိထားပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေက အလှူရှင်တွေလည်း ဆေးဝါးနဲ့ ငွေကြေးတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ကန့်ဘလူမြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူ ဦးမင်းကြည်ဦး က ပြောပါတယ်။

“မန္တလေး-ရန်ကုန်ဆိုရင် ဒီလိုပဲ လှမ်းလှမ်းပြီးတော့ လှူတယ်။ ရန်ကုန်က အလှူရှင်တွေက Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကနေပြီးတော့ပဲ ကျနော်တို့ဆီကို လွဲှပေးတယ်ဗျ။ မနေ့က လွဲှလိုက် တာ ဒီကနေ့ ကျနော်တို့ ဘဏ်ထုတ်တာကိုကပဲ ၁၇ သိန်းနဲ့ ၈ သောင်း။ မန္တလေးကလည်း ကျနော်တို့ ဆီကို အဲလိုပဲ လှမ်းလှူတာရှိသလို၊ သူတို့နည်း သူတို့ဟန်နဲ့ ကိုယ်တိုင်လာရောက် လှူဒါန်းတာတွေ လည်း ရှိတယ်ခင်ဗျ။ တချို့ဆို ကားနဲ့ တိုက်ရိုက်လာပြီး လူနာတွေ လက်ထဲကို တိုက်ရိုက်လှူဒါန်း သွားတာတွေ ရှိသလို ဆေးရုံကို ဆေးဖိုးဆိုပြီးတော့ လှူသွားတာတွေလည်း ရှိတယ်ဗျ။”

အခုလို ရထားတွဲ မီးလောင်မှုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး VOA ကို ပေးပို့တဲ့ မီးရထားဝန်ကြီးဌာနရဲ့ ရှင်းလင်းစာမှာတော့ ဒီမီးလောင်မှုဟာ တွဲ ချွတ်ယွင်းမှုကြောင့် ဓာတ်ဆီတွဲ ၅ တွဲ၊ ဒီဇယ်တွဲ ၁ တွဲ လမ်းချော်ခဲ့ရာမှာ ဓာတ်ဆီတွဲ ၃ တွဲ တိမ်းမှောက်ပြီး ဓာတ်ဆီတွေ ဖိတ်ကျခဲ့ကြောင်း၊ ဒီဓာတ်ဆီတွေ ကို ရွာသားတွေက ခပ်ယူစဉ်မှာ ခပ်ယူတဲ့ ပုံး အချင်းချင်းပွတ်တိုက်မိရာ မီးလောင်တာလို့ ကျွမ်းကျင်သူတွေက ယူဆကြောင်း နဲ့ နောင်မှာ အလားတူအဖြစ်မျိုးထပ်မဖြစ်စေဖို့ ပညာပေး ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါရှိ ပါတယ်။

http://burmese.voanews.com/content/burma-train-crash-10-11-12/1543457.html
XS
SM
MD
LG