သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းဖို့ သဘောတူ


ဓာတ်ပုံ - ကေအန်ယူဖေ့ဘုတ်စ်
ဓာတ်ပုံ - ကေအန်ယူဖေ့ဘုတ်စ်

အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းဖို့ သက်ဆိုင်ရာတပ်ဖွဲ့ တာဝန်ရှိသူတွေ သဘောတူ လက်မှတ်ထိုးလိုက်ပါပြီ။ ကော်သူလေတပ်မတော် KAF ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တပ်ဖွဲ့တွေအားလုံး စုစည်းနိုင်ဖို့ ကနဦးပြင်ဆင်ချက်ခြေလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုစဉ်းစားရည်ရွယ်ချက်နဲ့ လက်နက်ကိုင်တပ်တွေ စုစည်းရသလဲဆိုတာကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကရင်လူထုတွေရဲ့ တောင်းဆိုချက်အရ KNU ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်ကနေ ညီညွတ်ရေးအတွက် လုပ်ဆောင်ဖို့ မူချထားခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး အလံတော်အောက်ကနေ ခွဲထွက်ပြီး တိုက်ပွဲဝင်နေကြတဲ့ ကရင်လက်နက်ကိုင်တွေကို စုစည်းဖို့အတွက် ပြီးခဲ့တဲ့လတွေတုန်းက ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အခုအခါမှာတော့ ကရင်ပြည်နယ်တွင်းမှာ မငြိမ်သက်မှုတွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် စိုးရိမ်စရာ အခြေအနေအောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေ စုစည်းပြီး အောက်တိုဘာ ၁၃ ရက်နေ့က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အခုသဘောတူညီမှုထဲမှာတော့ ကရင်လက်နက်ကိုင် တဖွဲ့ချင်းအပေါ်မှာ စော်ကား ထိပါးလာမယ်ဆိုရင် အားလုံးက ခုခံတိုက်ပွဲဝင်ကြမယ် ဆိုတဲ့အကြောင်းတွေ ပါဝင်တာပါ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးပထမတန်းက ဗိုလ်ချုပ် မဲ့အေစိန်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ်ရင်းနဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်း ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုက Nationwide Ceasefire သွားတဲ့ကာလမှာ ပိုပြီးတော့ တဆင့်မြင့်လာတော့ ကျနော်တို့အားလုံး လူမျိုးစုတွေရော၊ ကျနော်တို့ရှိတဲ့ KNU ရော၊ တစုတစည်းတည်း သွားကြဖို့၊ သွားတွေ့လိုက်တဲ့အခါမှာ တကြိမ်ပြီး တကြိမ်၊ တကြိမ်ပြီး တကြိမ်၊ နောက်ဆုံးကျတော့ အခုက တိုက်ပွဲတွေပြန်ဖြစ်လာတယ်။ လှုပ်ရှားမှုသဘောထားတွေဟာ စိုးရိမ်စရာ အခြေအနေတွေရှိတယ်။ ယုံကြည်မှုတည်ဆောက်ရေးရဲ့ လက္ခဏာက နည်းနည်းလေး ပြောင်းလဲလာတဲ့ အနေအထားမှာရှိတယ်။ ကျနော်တို့ရဲ့ ကြေညာချက်ထဲမှာလည်း ကရင်အားလုံးက ညီညီညွတ်ညွတ် လက်တွဲပြီးတော့ ကျနော်တို့အမျိုးသားရယ်၊ ကျနော်တို့ ပြည်သူရယ်ကို ကာကွယ်ဖို့၊ တကယ်လို့ လိုအပ်လာရင် ကျနော်တို့ လှုပ်ရှားဖို့၊ အဲ့ဒါ ဒီကြေညာချက်ထဲမှာရှိတယ်။ ဆိုလိုတာက ကျနော်တို့ ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့ကာလမှာ စစ်ဖြစ်လာရင် ကျနော်တို့ ကာကွယ်ကြဖို့၊ One Command အောက်မှာ ပြန်ထားလိုက်တဲ့အပေါ်မှာ အကုန်လုံး ကျန်တဲ့အဖွဲ့အစည်းတွေ၊ ဖျက်သိမ်းမလား၊ ဖျက်သိမ်းလို့ကလည်း မရသေးဘူး ဒီကာလမျိုးကြီးမှာတော့ အကုန်လုံးပြန်ပြီးတော့ သူ့နေရာနဲ့သူ အမျိုးသားအလံတော် တခုအောက်မှာပဲ ရှိကြဖို့၊ ခံယူကြဖို့၊ ပြီးတော့ ဒီ KAF ခေါင်းဆောင်မှုအောက်မှာ ခံယူကြဖို့၊ အဲ့ဒီလိုပဲ လုပ်သွားကြမှာဖြစ်တယ်၊ အဲ့ဒါ ပထမအဆင့်။ နောက် ဒုတိယအဆင့်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကနေ Nationwide Ceasefire၊ နောက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့က အခုလက်ရှိ အပစ်အခတ်ရပ်စဲရေး အဆင့်မှာတော့ မရှိသေးပါဘူး။”

တပ်ဖွဲ့တွေထဲမှာ KNU ရဲ့တပ်ဖြစ်တဲ့ KNLA တပ်ကိုယ်စား ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘော်ကျော်ဟဲ DKBA ကိုယ်စား ဗိုလ်ချုပ်စောလားဘွယ် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် နာတာမြ KNU KNLA ငြိမ်းချမ်းရေးကောင်စီတပ် ကိုယ်စား ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးတို့က ဦးဆောင်ပြီး ကော်သူလေတပ်မတော်ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်ကတော့ ကော်သူလေတပ်မတော်ကို တပ်မှူးအားလုံးရဲ့ သဘောတူညီချက်နဲ့ ကရင်လူထု တောင်းဆိုချက်အရ ပြင်ဆင်လုပ်ဆောင်ပြီး ဖွဲ့စည်းထားတာဖြစ်ကြောင်းကို ပြောပြပါတယ်။

“တကယ်တမ်းတာဝန်ရှိတဲ့ လိုအပ်နေတဲ့ အချိန်ပေါ် မူတည်ပြီး အချိန်ယူပြီးတော့ ပြုစုပျိုးထောင်ပြင်ဆင်ပြီးတော့ လုပ်ဆောင်ချက်တွေဖြစ်တယ်ဗျ။”

မကြာသေးခင်တုန်းကတော့ မြန်မာအစိုးရတပ်တွေနဲ့ DKBA တပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။ ကရင်ဒုက္ခသည် ရာနဲ့ချီပြီး ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ရတဲ့အထိ ဖြစ်ရတဲ့ တိုက်ပွဲတွေအတွင်း နှစ်ဘက်တင်းမာမှုတွေ ရှိခဲ့ပါတယ်။ အခု ကရင်လက်နက်ကိုင်တွေ စုစည်းထားတဲ့ ကော်သူလေတပ်မတော်နဲ့ KNDO လို့ခေါ်တဲ့ တပ်တွေဟာ ကရင်တော်လှန်ရေး စတင်ကတည်းကရှိခဲ့တဲ့ တပ်များဖြစ်ပြီး ဖျက်သိမ်းထားခြင်းမရှိဘဲ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တွေနဲ့အတူ လှုပ်ရှားဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

ကော်သူလေတပ်မတော်ကို ကရင်လက်နက်ကိုင်တွေ စုစည်းတဲ့အခါမှာ အားလုံးလက်ခံတဲ့အတွက် အဲဒီနာမည်ကိုရွေးချယ်ပြီး အဲဒီအောက်မှာ တပ်တွေစုစည်းလိုက်တာ ဖြစ်တယ်လို့ KNU စစ်ဦးစီးပထမတန်း ဗိုလ်ချုပ် မဲ့အေစိန်က ဆိုပါတယ်။ ကော်သူလေ armed forces လို့ခေါ်တဲ့ ကော်သူလေတပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကရင်အမျိုသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့၊ တပ်မတော်အဖြစ် ဖွဲ့စည်းထားတဲ့ အဖွဲ့ ၄ ဖွဲ့ဟာ တခုတည်းသော ကရင်အမျိုးသား အလံတော်အောက်မှာ ရှိနေကြပြီး တဖွဲ့ဖွဲ့ကို ထိပါးစော်ကားလာမယ်ဆိုရင် တညီတညွတ်တည်း ခုခံကာကွယ်သွားဖို့ဆိုတာတွေ ဒီမိုကရေစီရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တိုင်းရင်သားတပ်ပေါင်းစုနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ် ဆိုတာတွေကို ဖော်ပြထားပါတယ်။

XS
SM
MD
LG