သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင့်နယ်မြေ မငြိမ်းချမ်းသေး


ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မြန်မာအစိုးရနဲ့ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ကြိုးစားနေချိန်မှာပဲ နယ်မြေအတွင်းမှာ ကရင်လက်နက်ကိုင်အဖွဲ့ KNLA နဲ့ BGF နယ်ခြားစောင့်တပ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကရင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် နယ်မြေတည်ငြိမ်မှုအနေအထားက စိုးရိမ်နေရဆဲပဲလို့ ကရင်လူ့အခွင့်အရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ကရင်ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး အတွက်လည်း စိတ်ချရတဲ့ လုံခြုံရေး အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဘူးသိုမြို့နယ်ထဲက ကျေးရွာမှာ ပြီးခဲ့တဲ့မေလက မြန်မာအစိုးရ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA ကြား မထင်မှတ်ဘဲ ရင်ဆိုင်တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားချိန်အတွင်း ကရင်နယ်ခြားစောင့်တပ်နဲ့ KNLA တို့ အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန် ကျေးရွာထဲကို လက်နက်ကြီးကျည်ကျခဲ့လို့ လက်နက်ထိမှန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ KHRG ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစောဝေလေးက ပြောပါတယ်။

“BGF စစ်တပ်က မေလ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်မှာ သူတို့စခန်းတွေလာပြီးတော့၊ ရွာကို သူတို့လာတယ်။ လာတဲ့အခါကျတော့ အမှန်ကတော့ သူတို့တွေ့မယ် ဆိုတာ ကြိုမသိထားဘူးထင်တယ်လေ။ KNLA ကလည်း လာတယ်။ သူတို့ကလည်းလာတယ်။ ရုတ်တရက်ကြီး သူတို့တွေ့တဲ့အခါကျတော့ သူတို့အဖွဲ့ကလည်း ၄ ယောက်ပဲရှိတယ်။ KNLA က အယောက် ၂၀ နီးပါးလောက်ရှိတယ်။ ရုတ်တရက်တွေ့တဲ့အခါကျတော့ KNLA က သူတို့ကိုပစ်တယ်။ ထိခိုက်ဒဏ်ရာ ရတာတွေဘာတွေတော့ သူတို့မရှိဘူး။ သူတို့ထွက်ပြေးတာပဲ။ သူတို့ပြေးတဲ့အချိန်မှာ လက်နက်ကြီး ကျည်ဆံက ရွာထဲကျသွားတယ်။ တလုံးက အိမ်ရှေ့မှာ။ တလုံးက အိမ်နောက်မှာ။ အဲဒီလိုမျိုးကျတဲ့အခါကျတော့ ကလေးလေး တယောက်နဲ့ သူ့အမေက ဒဏ်ရာ ရသွားတယ်။”

အလားတူပဲ ကရင်နယ်ခြားစောင့်တပ်က ကျေးရွာတွင်း ဝင်ရောက်ပစ်ခတ်မှု လည်း ဖြစ်ပွားခဲ့တဲ့အတွက် ကရင်ပြည်နယ်တွင်း နယ်မြေတည်ငြိမ်မှုရအောင် အစိုးရနဲ့ ကရင်ခေါင်းဆောင်တွေ ကြိုးစားနေကြချိန်မှာ ဒီလိုပစ်ခတ်တိုက်ခတ် မှုမျိုး မဖြစ်အောင် ထိန်းသိမ်းသင့်တယ်လို့လည်း KHRG က တိုက်တွန်းပြောဆိုပါတယ်။

“အရင်တုန်းကထက်စာရင် အခြေအနေ အများကြီး တိုးတက်ပြီလေ။ KNU ရယ်၊ ပြီးတော့ BGF နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေပေါ့နော်။ သူတို့တိုက်ပွဲတွေ မဖြစ်အောင် တကယ့်ကိုကြိုးစားပြီးတော့၊ အခု သူတို့ကြိုးစားတာကို ဒီထက် အခြေအနေ ကောင်းသွားအောင် လုပ်ပေးစေချင်တာပေါ့နော်။”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ နှစ်ဘက်အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေ အပစ်ရပ်ပြီး တည်ငြိမ်မှုအနေအထားမှာ ရှိလာနေပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလအတွင်းမှာလည်း ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေဖြစ် ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ပြီးခဲ့တဲ့ဇွန်လလည်ပိုင်းမှာလည်း မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြား အလွတ်သဘောတွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး တိုးတက်တဲ့ အနေအထားမှာ ရှိပါတယ်လို့ မြန်မာငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

“ကရင်နယ်ထဲမှာတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၆ ဖွဲ့လောက် ဖြစ်နေတာကိုး။ ဒါပေမဲ့ အကြီးဆုံးအဖွဲ့ဖြစ်တဲ့ KNU နဲ့တော့ တော်တော်လေးကို ကျန်တဲ့အဖွဲ့တွေနဲ့စာရင် ရှေ့ဆုံးကိုရောက်အောင် ယုံကြည်မှု ရှိတယ်လို့ ပြောလို့ရတာပေါ့နော်။ တစ်နှစ်ခွဲတာ ကာလတွင်းမှာ KNU နဲ့ တပ်မတော်နဲ့ ထိပ်တိုက်မှုဟာ မရှိသလောက် ဖြစ်သွားပါပြီ။ ဟိုးတလောတုန်းက ဖြစ်တဲ့ကိစ္စလို ဟာမျိုးကလည်း၊ ကျနော်တို့ တပ်မတော်နဲ့ဖြစ်တာမဟုတ်ဘဲ၊ DKBA အဖွဲ့နဲ့ ဖြစ်တဲ့သဘောပါပဲ။ အဲဒါလိုဟာမျိုးကလွဲရင်၊ အခက်အခဲ အနည်းငယ်ကလွဲရင် ကရင်ပြည်နယ်ထဲမှာ ပဋိပက္ခက လုံး၀ မရှိသလောက်ပဲဗျာ။”

ကရင်ပြည်နယ်တွင်း စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အရေး ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း စည်းလုံးညီညွတ်မှု ရဖို့အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ အပါအဝင် ကရင်ပြည်နယ်တွင်းမှာ မကြာသေးခင်ကမှ ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးရေးနဲပ ငြိမ်းချမ်းရေးကော်မတီဝင်တွေကလည်း ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းနိုင်ဖို့အရေး ကြိုးပမ်းနေကြချိန်လည်း ဖြစ်ပါတယ်။
XS
SM
MD
LG