သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အနှံ့ ရေကြီးမှု အနည်းဆုံး ၃ ဦးသေ


မိုးများပြီး ရေလွှမ်းမိုးခဲ့တာကြောင့် ကရင်ပြည်နယ်အတွင်းမှာ လူ ၃၀,၀၀၀ ကျော်နဲ့ မွန်ပြည်နယ်အတွင်းမှာ လူပေါင်း ၄,၅၀၀ ကျော် ရေဘေးဒုက္ခကြုံနေရပြီး ကယ်ဆယ်ရေးစခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားရတယ်လို့ အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ လောလောဆယ်မှာ အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာတော့ နစ်မြုပ်သွားတဲ့ လယ်မြေတွေကို ပြန်လည်စိုက်ပျိုးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်နေတဲ့ အစိုးရ အရာရှိကြီးတဦးက ပြောပါတယ်။ လတ်တလော ဆိုးဆိုးဝါးဝါးရေလွှမ်းနေတဲ့ ကရင်နဲ့မွန်ပြည်နယ်က အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက စပြီး မိုးသည်းထန်ခဲ့တာကြောင့် မြန်မာပြည်က တိုင်းဒေကြီးနဲ့ ပြည်နယ်အတော်များများမှာ ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုရေလွှမ်းမိုးတဲ့ဒေသတွေထဲမှာတော့ ကရင်နဲ့ မွန်ပြည်နယ်အတွင်းမှာ အဆိုးဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းက ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ စတဲ့ မြို့နယ်တွေနဲ့ ကမမောင်းမြို့နယ်ခွဲတွေ ရေကြီးတာကြောင့် လူသုံးယောက်သေဆုံးပြီး တစ်ယောက် ပျောက်ဆုံးခဲ့တယ်။ နောက် လူပေါင်း ၃၃,၄၀၉ ယောက်ဟာ ရေဘေး ဒုက္ခတွေ့ကြုံနေရပြီး ကယ်ဆယ်ရေးစခန်း ၇၉ ခုဖွင့်လှစ်ထားရတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာထားပါတယ်။
ကရင်ပြည်နယ် ရေလွှမ်းမိုးတဲ့ ဘားအံနဲ့ လှိုင်းဘွဲမြို့နယ်ကို အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဉာဏ်ထွန်းနဲ့အဖွဲ့ သွားရောက်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့ ဒီအဖွဲ့မှာ ပါဝင်လိုက်ပါသွားတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ပြောပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးရင် နစ်မြုပ်သွားတဲ့ စိုက်ပျိုးမြေဧက ၃၀,၀၀၀ ကျော်အတွက် အဓိက ထားလုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့လည်း ဦးစိုးအောင်က ဆက်ပြောပါတယ်။
“အဲ့ဒီတော့ လက်ရှိလုပ်တာကတော့ emergency relief ပေါ့ နောက်ပြီးလို့ရှိရင်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကျနော်တို့ လုပ်ပေးရမှာပေါ့။ အဲ့ဒီအတွက်ကတော့ စိုက်ပျိုးရေး အဓိကထားတဲ့ ဒေသဖြစ်တဲ့အတွက် နစ်မြုပ်သွားတဲ့ စိုက်ပျိုးဧကကလည်း ၃ သောင်းကျော်လောက်ရှိတာ။ အဲ့ဒါတွေကိုလည်း ကျနော်တို့ ပြန်လည်ပြီးတော့မှ မျိုးစပါးတွေ ထောက်ပံ့ဖို့၊ နောက်တခါ စပါးစိုက်ချိန် မမှီတော့ဘူးဆိုရင် ဆောင်းသီးနှံ စိုက်နိုင်ဖို့ကိစ္စတွေလည်း စီမံပေးခဲ့ပါတယ်။”
ဒီကနေ့မှာတော့ ဘားအံမြို့ဟာ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက်မှာ တည်ရှိနေပြီး လက်ရှိ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အခြေအနေကိုတော့ ဘားအံမြို့ မီးသတ်ဌာနက အရာရှိက အခုလို ပြောပါတယ်။

“ဒီနေ့မနက် ၇ နာရီခွဲအချိန်မှာ ၈၇၇ စင်တီမီတာရှိတယ် သံလွင်မြစ်ရေဟာလေ။ စိုးရိမ်အမှတ်က ၇၅၀ ပါ။ အခုက ဒီနေ့က ၈၇၇ ရှိနေပါသေးတယ်။ လောလောဆယ်ကတော့ မိုးမရွာတဲ့အတွက် ငြိမ်နေတဲ့သဘောတော့ ရှိပါတယ်။ ကယ်ဆယ်ရေးစခန်းကတော့ မနေ့ကအထိ မြို့ပေါ်မှာ ၁၀ ခုပေါ့ ရှိတယ်နော်။ ထပ်ပြီးတော့ စားဖို့ကျတော့ ကျနော်တို့ ပြည်နယ်အစိုးရ၊ နောက် မနေ့ကဆိုရင်လည်း ဒုသမ္မတကြီး လာသွားတယ်။ သူတို့ရဲ့ ပံ့ပိုးမှုတွေနဲ့ ဆန်တို့၊ ကြက်ဥတို့ ခေါက်ဆွဲခြောက်တို့ အဲ့လိုမျိုးတွေ ပံ့ပိုးပေးတာရှိပါတယ်။ နောက် ဆေးဝါးကုသမှုကတော့ ပြည်နယ်ကျန်းမာတို့ တပ်မတော် ဆေးတပ်ဖွဲ့ကလည်း ဝိုင်းစောင့်ရှောက်ပေးတာပေါ့။”
မွန်ပြည်နယ်အတွင်းမှာတော့ ဘီးလင်း၊ ကျိုက်မရော၊ ရေးမြို့နယ်တို့မှာ ရေလွှမ်းမိုးခဲ့ပြီး လူ ၄၆၈၀ လောက် ရေဘေးဒုက္ခတွေ့ကြုံရတယ်။ ကယ်ဆယ်ရေးစခန်း ၃၄ ခုဖွင့်လှစ်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
လောလောဆယ် ဘီလင်းမြို့ဘက်က အခြေအနေကိုတော့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“သြော်- ကျသွားပါပြီ။ မနေ့ကစပြီးတော့ အကုန် ကျသွားပါပြီ။ ကူညီရေးအဖွဲ့တွေတောင်မှ မနေ့ညနေကတည်းက ပြန်ဆင်းကုန်ပြီလေ။ အဲ့ဒီနေ့က ရေကြီးတဲ့နေ့ကပဲ ဟိုဟာလောက်ပေါ့ ပိတ်လိုက်တာ ဘယ်လောက်ရှိမလဲဆိုတော့ ညနေ ၆ နာရီက စပိတ်တော့ နောက်နေ့အထိဆိုတော့ ၂၄ နာရီလောက်တော့ လမ်းတွေ ပိတ်လိုက်ရတာပေါ့။ Highway လမ်းကိုလေ။”
ဒီကနေ့ အစိုးရက ထုတ်ပြန်တဲ့သတင်းမှာတော့ ဘီးလင်းမြို့နယ်မှာ ကယ်ဆယ်ရေးစခန်းတခုနဲ့ ကျိုက်မရောမြို့နယ်မှာ ၃ ခု ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာလည်း ရေကြီးပြီး ကားလမ်းရေကျော်တာကြောင့် အဆက်အသွယ်ပြတ်တောက်တာတွေဖြစ်ခဲ့သလို ကရင်ပြည်နယ် ကော့ကရိတ်- မြဝတီလမ်း ဖြစ်တဲ့ ဒေါနတောင်တန်းမှာ မြေပြိုမှုတွေဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။ လောလောဆည်မှာ မြဝတီမှာ ရေကြီးပြီး နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေတာကြောင့် ထိုင်းကုန်ပစည်းတွေ ဈေးတက်မယ့်အခြေအနေတွေ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုန်လေဆက်လက် အားကောင်းနေဆဲဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဋ္ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG