သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်လူမျိုးစု လက်နက်ကိုင် ၄ ဖွဲ့ ကရင်နှစ်သစ်ကူးပွဲတော် မြဝတီမှာကျင်းပ


နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ အဓိက တိုင်းရင်းသားတွေထဲမှာ ပါဝင်တဲ့ ကရင်တိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးနေ့ လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် မနေ့တုန်းက ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ကရင်ပြည်နယ် မြဝတီခရိုင်မှာ ကျင်းပနိုင်ခဲ့ပါတယ်။

ဒါဟာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပထမဆုံး စုစည်းကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့တဲ့အကြောင်းနဲ့ ပင်လုံထက်ပိုပြီး ကျယ်ပြန့်တဲ့ ညီလာခံကြီးတစ်ခု မကြာခင် ကျင်းပသွားမယ်လို့ ပြောခဲ့တဲ့ အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးအပါအဝင် ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်နဲ့ စစ်ရေးပြ အခမ်းအနားကို ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မြဝတီခရိုင် ရွှေကုက္ကိုလ်မြိုင်မှာ ကျင်းပခဲ့တာပါ။

“စစ်ရေးပြအခမ်းအနား ဘင်ခရာသံ”

ဒီပွဲဟာ ကရင်အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့ ပထမဦးဆုံး ပွဲဖြစ်တဲ့အကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြည်ထဲရေးနဲ့ သာသနာရေးဌာန ဗဟိုကော်မတီဝင် ဖဒိုအားဒို က ပြောသွားပါတယ်။

“ကျနော်တို့ ကွဲနေတဲ့ အစိပ်စိပ်အမြွာမြွာဖြစ်နေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ဒီနေ့ ပြန်လည်ဖွဲ့စည်းတာ၊ ပြန်ပြီးတော့ စုရုံးတာ။ ဒါကြောင့်လည်း ပြည်ပမှာရောက်ရှိနေတဲ့ ကျနော်တို့ ကရင်အမျိုးသားတွေအားလုံးကလည်း ဒီ ကျနော်တို့ ကရင်အမျိုးသားရေး စည်းလုံးညီညွတ်မှုကို အားလုံး ပါဝင်လုပ်ဆောင်ဖို့ အထူးသဖြင့် ကျနော်တို့ အခု ပြည်တွင်းမှာလုပ်နေတဲ့ ငြိမ်းချမ်းရေး process ပေါ့ peace process မှာ ကရင်လူထုတရပ်လုံးပါဝင်ဖို့ အရေးကြီးပါတယ်။”

ဒီအခမ်းအနားကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပြီး မကြာခင်မှာ ပင်လုံညီလာခံထက်ကျယ်ပြန့်တဲ့ တိုင်းရင်းသားအဖွဲ့တွေ အများအပြားပါဝင်နိုင်တဲ့ ညီလာခံတခု လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးအောင်မင်းက ပြောဆိုသွားပါတယ်။

“အားလုံး သဘောတူညီချက်ရပြီဆိုရင် ကျနော်တို့ ဘားအံမှာ အစည်းအဝေးကြီးတခု လုပ်ပါတယ်။ အစည်းအဝေးကြီးမှာ လက်မှတ်ထိုးတာ မပါသေးဘူး။ ဘယ်နေ့မှာ လက်မှတ်ထိုးမယ်၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ထိုးမယ်ဆိုတာကို အဲ့ဒီ ဘားအံအစည်းအဝေးကနေ ကြေညာပါမယ်။ အဲ့ဒီလို ကြေညာပြီးတဲ့အခါ နောက်တလလောက်မှာ ပြင်ဆင်ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ကျနော်တို့ လက်မှတ်ရေးထိုးပါမယ်။ ဒါ ခင်ဗျားတို့ အရင်တုန်းကပြောတဲ့ ပင်လုံစာချုပ်ဆိုတာ ဒါပါပဲ။ ကျနော်တို့ ဒါလုပ်တာ ပင်လုံထက် ပိုပြီး ကျယ်ပြန့်တယ်ဆိုတာ ကျနော် ဒါလေး ပြောချင်ပါတယ်။ အရင်တုန်းက ပင်လုံမှာ တိုင်းရင်းသား ၄ မျိုးပဲပါတယ်။ အခု တိုင်းရင်းသားအားလုံးပါတာကို ကျနော်တို့ လုပ်နေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ အချိန်နည်းနည်း ယူရပါတယ်။ တိုင်းရင်းသားတွေ များတာနဲ့အမျှ တဖွဲ့ချင်းတဖွဲ့ချင်းကို သဘောတူညီမှုရအောင် တော်တော် ကြိုးစားပြီးတော့ လုပ်ရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အချိန် နည်းနည်းယူရပါမယ်။ လုပ်ငန်းတွေက တောက်လျှောက်သွားနေပါတယ်။ ဒီ process တွေအားလုံးက အောင်မြင်တဲ့ process တွေဖြစ်ပါတယ်။ မအောင်မြင်ရင်တော့ ရပ်သွားမှာပေါ့ဗျာ။ အခု မရပ်ဘဲနဲ့ ဆက်ပြီး သွားနေတယ်ဆိုတာဟာ ဒီ process ကြီးဟာ still going ဖြစ်နေပါတယ်။”

KNU ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်သွားခဲ့တဲ့ အဖွဲ့တွေဖြစ်တဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နယ်ခြားစောင့်တပ်တို့ဟာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို ပြသတဲ့အနေနဲ့ ကရင်နှစ်သစ်ကူးနေ့နဲ့ စစ်ရေးပြပွဲကို အတူတူ လုပ်ဆောင်ခဲ့ကြတာပါ။ KNU စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂျော်နီကလည်း အခုလို ပြောသွားပါတယ်။

“ဒီနှစ် ကရင်နှစ်သစ်ကူးနေ့ဟာ ထူးခြားတဲ့ ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့အကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေကြရတဲ့ ညီအကိုတွေ ပြန်ဆုံကြရသလို ဒါဟာ ကောင်းတဲ့ရလဒ်ဖြစ်ပါတယ်။”

ကရင်လူမျိုးတွေ စုစည်းနိုင်မှ စည်းရုံးကြမှသာ လိုချင်တဲ့ အခွင့်အရေးတွေ ရှေ့ဆက်နိုင်ကြမှာဖြစ်တဲ့အကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာ ၁ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ အကောင်အထည် ဘာမှ မပေါ်လာသေးတဲ့အကြောင်း ဒါပေမဲ့ ကျေနပ်မှုတွေရှိတယ်လို့တော့ ပြောသွားပါတယ်။

ကျန်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ကရင်လူမျိုးတွေအတွက် ညီညွတ်မှုဟာ အရေးကြီးပါတယ်ဆိုပြီး ကရင်ဘာသာနဲ့ ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲကို ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်ပါတီတွေ၊ ကရင်လူမျိုးတွေ၊ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပြီး အင်အား ၁ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG