သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နှစ်သစ်ကူးနေ့ မြန်မာနိုင်ငံအနှံ့ ကျင်းပ


ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ ကရင်ဒုံးယိမ်းအက (ဒီဇင်ဘာ ၂၁၊ ၂၀၁၄)
ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ ကရင်ဒုံးယိမ်းအက (ဒီဇင်ဘာ ၂၁၊ ၂၀၁၄)

ဒီကနေ့ ပြာသိုလဆန်းတစ်ရက်နေ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ၂၇၅၄-နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်နှစ်ကူးပွဲတော် အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်းက ကရင်လူထုတွေအပါအဝင် နဲ့ နိုင်ငံတကာရောက် ကရင်ပြည်သူလူထုတွေကပါ ကျင်းပကြပါတယ်။ ကရင်ဒေသဖွံ့ဖြိုးတိုးတက်ပြီး ကရင်ပြည်သူလူထုဘဝမြင့်မားရေးအတွက် ကရင်ပြည်နယ်ငြိမ်းချမ်းစေဖို့ကိုလည်း ကရင်ပြည်သူတွေက ဆုတောင်းကြပါတယ်။ ကရင်ရိုးရာယဉ်ကျေးမှု အလှအကပြိုင်ပွဲတွေနဲ့ ထုံးတမ်းစဉ်လာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပနေတဲ့ ၂၀၁၄ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်နဲ့ပတ်သက်လို့ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြီးတင်ပြပေးထားပါတယ်။

ဒီနေ့ မှာ ကျရောက်တဲ့၂၀၁၄ ခုနှစ် တနင်္ဂနွေနေ့ ပြာသိုလဆန်းတစ်ရက်နေ့ဟာ ကရင်နှစ် ၂၇၅၃ ခုနှစ် ကုန်ဆုံးလို့ ၂၇၅၄ နှစ်နှစ်ကူးပြောင်းတဲ့ ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အခမ်းအနားတွေကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ် ဒေသကြီးအသီးသီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး ဒေသအသီးသီးမှာ ကရင်လူထုတွေ ကရင်နှစ်သစ်ကူးပွဲတော် ဆင်ယင်ကျင်းပကြတာတွေနဲ့ပတ်သက်လို့ ကရင်ပြည်သူ့ပါတီ-ဒုဥက္ကဋ္ဌ ဦးစောဆေးဝါးက အခုလိုရှင်းပြပါတယ်။

“တိုင်းနဲ့ပြည်နယ်တွေမှာကျတော့ ပဲခူးမှာ တိုင်းအဆင့်လုပ်တယ်။ နောက်တခါ ဧရာဝတီတိုင်းမှာကျ ပုသိမ်မှာစုပြီးတော့လုပ်ကြတယ်။ လေးနေရာရှိတယ်-ရန်ကုန်မှာ။ အာလိန်ငါးဆင့်မှာ တနေရာလုပ်တယ်။ နောက်တခါ အလုံမြို့နယ်မှာလုပ်တယ်။ နောက်တခါ မြောက်ဥက္ကလာပမှာလုပ်တယ်။ တိုင်းရင်းသားရွာပေါ့နော်- သာကေတမှာလုပ်ကြပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာလည်း လုပ်ကြပါတယ်။ အကြီးအကျယ်လုပ်ကြတဲ့သဘော ရှိပါတယ်။”

ကရင်ရုံးရာယဉ်ကျေးမှု ရုံးရာအစဉ်အလာတွေနဲ့အညီ ကျင်းပကြပြီး ကရင်လူထုရဲ့ နှစ်သစ်ကူးမင်္ဂလာဆုမွန်တောင်းကြပုံကိုလည်း ဦးစောဆေးဝါးက ပြောပြပါတယ်။

“နှစ်ဟောင်းကိုထားခဲ့ပြီး နှစ်သစ်ကိုကူးတယ်ဆိုတော့ မကောင်းတဲ့ဥစ္စာတွေအကုန်ထားခဲ့၊ နောက်တခါ လာမယ့်နှစ်အတွက် ရည်ရွယ်ချက်လေးတွေ၊ နောက်တခါ Resolution ပေါ့နော်- ဆုံးဖြတ်ချက်အသစ်လေးတွေနဲ့ အားမာန်အပြည့်နဲ့ လုပ်ဖို့ပြုဖို့ဆိုပြီးတော့ ဆွေးနွေးကြတယ်၊ တိုင်ပင်ကြတယ်။ ပျော်ပျော်ရွှင်ရွှင် ကျင်းပကြတာပေါ့။ ပြီးတော့ နှစ်သစ်ကူးလာပြီဆိုတော့ အားလုံး ကိုယ်၏ကျမ်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့အတူ အမျိုး၊ ဘာသာ၊ သာသနာအတွက် လုပ်ဆောင်နိုင်ဖို့ရယ်၊ အဓိက-က တိုင်းပြည်အတွက် အဓိကလိုအပ်တဲ့ ငြိမ်းချမ်းသာယာမှုအမွေလုပ်နိုင်ဖို့အတွက် ဆုတောင်းမေတ္တာ ပို့ချင်တယ်။”

မဟာရန်ကုန် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဆေးဝင်္ကဘာကျောင်း၊ အာလိန်ငါးဆင့်ဘုရားမှာ ကျင်းပပြီး ဒီပွဲတော်ကို တက်ရောက်ခဲ့တဲ့ ကရင်သတင်းစဉ် တာဝန်ခံအယ်ဒီတာ နန်းဖော်ဂေကလည်း ကရင်ပြည်သူတွေရဲ့ ရုံးရာအစဉ်အလာနဲ့အညီ ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲတော်အကြောင်း အခုလိုပြောပြပါတယ်။

“ဒီနေ့က ၂၇၅၃ ကနေ ၂၇၅၄ နှစ်သစ်ကိုကူးတာပေါ့နော်၊ ဒီတော့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ရှိတဲ့ မြို့ရွာ၊ ကျေးရွာတွေအကုန်လုံးကနေပြီးတော့ နှစ်သစ်ကိုကူးတဲ့အခမ်းအနားတွေ၊ နောက်ပြီးတော့ ကောက်သစ်စားပွဲတွေ၊ အဲဒါမျိုးတွေ ကျင်းပတာရှိတယ်။ ဒါကတော့ ကရင်ရိုးရာ ထုံးတမ်းစဉ်လာအရဆိုလို့ရှိရင် ယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ၊ တချို့ဒေသတွေမှာ --- နဲ့ပတ်သက်တာတွေ၊ နောက်ပြီးတော့ အားကစားပေါ့နော်။ အားကစားဆိုလို့ရှိရင် အထူးသဖြင့် လက်ဝှေ့ပြိုင်ပွဲတွေ ကျင်းပတာရှိတယ်။”

ကရင်နှစ်ကူးမှာ ကရင်လူထုတွေ လိုလားတဲ့ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ပါစေလို့လည်း နန်းဖော်ဂေက ဆုမွန်တောင်းပါတယ်။

“ကရင်ပြည်သူတစ်ဦးအနေနဲ့ပေါ့နော်- ဆုတောင်းချင်တာက ကရင်လူထုတွေထဲ ကရင်ဒေသတွေထဲမှာ မငြိမ်းချမ်းတဲ့၊ မအေးချမ်းတဲ့ ဒုက္ခသုက္ခတွေကို အများကြီးခံခဲ့ရတာမို့လို့ သူတို့တွေကနေပြီးတော့ နှစ်သစ်ကနေပြီးတော့ လာမယ့်နှစ်ပေါင်းများစွာအထိ ငြိမ်းချမ်းတဲ့၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး အပြည့်အဝရရှိပြီးတော့ အေးအေးချမ်းချမ်းနေထိုင်ပြီးတော့ သာယာဝပျောတဲ့ဒီမိုကရေစီတခု ဖြစ်စေဖို့အတွက်ကိုတော့ ဆုတောင်းချင်တယ်။”

ထိုင်း-မြန်မာနယ်စပ်နဲ့ ကရင်ပြည်နယ်တွင်းမှာ ကရင်နှစ်သစ်ကူးပွဲတော်တွေကို ရုံးရာအစဉ်အလာမပျက်ဆင်ယင်ကျင်းပကြပုံတွေကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကိုစောအယ်လဲဘတ်က ပြောပြပါတယ်။

“ကရင်လူထု၊ ဒုတိယနိုင်ငံမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ကရင်လူထုတွေရော၊ ပြည်တွင်းမှာရှိတဲ့ကရင်လူထုရော၊ နောက်ပြီး တတိယနိုင်ငံတွေမှာရောက်နေတဲ့ ကရင်လူထုရော အားလုံး ဒီကရင်နှစ်သစ်ကူးကိုတော့ ကျင်းပကြပါတယ်။ အဓိကတူညီတဲ့အရာတခုကတော့ ကျနော်တို့ ကရင်အလံတော်ကို ဒီမနက် ဝေလီဝေလင်းမှာ အလံတိုင်ထိပ်အထိ ဆွဲတင်တယ်။ နောက်ပြီးတော့ ကရင်အမျိုးသား အလံတော်သီချင်းကိုဆိုတယ်။ အလေးပြုတယ်၊ ပြီးရင် နှစ်သစ်ကူးမှာကျတော့ စားတာ သောက်တာဆိုလို့ရှိရင်တော့ ကျနော်တို့ရဲ့ကရင်ဟင်းပေါ့နော်- တာလပေါ့ အဲဒါတွေ ချက်တာများတယ်။”

နိုင်ငံတကာရောက်ကရင်လူမျိုးတွေနဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံတဝှမ်းက ကရင်ပြည်သူလူထု ဘဝငြိမ်းချမ်းစေဖို့ ကရင်ပြည်သူတွေရဲ့ ဆန္ဒပြည့်ပါစေကြောင်းလည်း ကိုစောအယ်လဲဘတ်က ဆန္ဒပြုပါတယ်တဲ့။

ကရင်နှစ်သစ်ကူးပွဲတော်မှာ ရုံးရာဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ ကရင်လူမျိုးတွေရဲ့ ကရင်ရုံးရာ ဒုံးယိမ်းအကပြိုင်ပွဲတွေ၊ လက်ဝှေ့ပြိုင်ပွဲစတဲ့ အားကစားပြိုင်ပွဲအပါအဝင် ကရင်စာပေယဉ်ကျေးမှု ဟောပြောပွဲနဲ့ တေးဂီတ သီချင်းဖျော်ဖြေပွဲတွေ နဲ့ အတူ ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင့်ရုံးရာ အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံပြီး ဂုဏ်ပြုကျင်းပနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG