သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၈ ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား အထူးစည်ကား


ကရင်နှစ်သစ်ကူးပွဲတော် ဖျော်ဖြေပွဲ မြင်ကွင်းတခု။ ဇန်နဝါရီ ၁၀၊ ၂၀၁၆။
ကရင်နှစ်သစ်ကူးပွဲတော် ဖျော်ဖြေပွဲ မြင်ကွင်းတခု။ ဇန်နဝါရီ ၁၀၊ ၂၀၁၆။

ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးကြီးပြီး ကရင်လူမျိုးတွေလည်း လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကိစ္စကို ရင်ဆိုင် ဖြေရှင်းကြဖို့ ကရင်နှစ်သစ်ကူးနေ့ပေးပို့တဲ့သဝဏ်လွှာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားပါတယ်။ ၇၉ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွေကိုတော့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ကျောင်းမှာ ဇန်နဝါရီလ ၉ ရက် နေ့ကနေ ၁၁ ရက်နေ့အထိ ၃ ရက်တာကျင်းပနေတာပါ။ ကရင်ဒုံးအကပြိုင်ပွဲတော်၊ ကရင်ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေနဲ့ ကရင် ပြည်နယ်က ရင်တိုင်းရင်းသားတွေအကြောင်း ပုံဖော်ထားတဲ့ ပန်းချီကားတွေလည်း ဒီပွဲတော်မှာ ခင်းကျင်းပြသထားပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့နေရာမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ဆက်ပြောပြပါမယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်နဲ့ ရန်ကုန်မြို့အပါအဝင် တခြား နယ်မြို့တွေမှာလည်း စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနေပါတယ်။ ဒီနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်သစ်ကူး သဝဏ်လွှာပေးပို့ခဲ့တယ်လို့ ရန်ကုန်တိုင်း ကရင်နှစ်သစ်ကူးကျင်းပရေး ကော်မဏီက အထောက်အကူပြုနာယက ဦးမန်းဖိုးစောက ပြောပါတယ်။

“အထူးသဖြင့် NLD က ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ နှစ်သစ်ကူးသဝဏ်လွှာ ကျနော်တို့ကို ပေးပို့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ နှစ်သစ်ကူးသဝဏ်လွှာထဲမှာတော့ နောက်နှစ်သစ်မှာ အားလုံး မထိတွေ့ရသေးတဲ့ နိုင်ငံရေး အခြေအနေသစ်တစ်ခုကို ကြုံတွေ့ရတော့မှာဖြစ်သလို ကရင်တစ်မျိုးသားလုံးလည်း လိုလားတောင့်တနေပြီး ပြည်ထောင်စု တစ်ခုလုံးအတွက်လည်း အရေးကြီးတဲ့ ငြိမ်းချမ်းရေး ကိစ္စကိုလည်း ရင်ဆိုင်ဖြေရှင်းကြဖို့ တိုက်တွန်း ပြောကြားထားတာပါ။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အာလိမ်ငါးဆင့်ကျောင်းမှာလည်း ဒီပွဲတော်ကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပနေတာပါ။ ဒီပွဲတော်မှာ ကရင်ဒုံးပြိုင်ပွဲတွေ၊ ကရင်ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေ၊ အားကစားပြီုင်ပွဲတွေအပါအဝင် ကရင်ပြည်နယ် ကရင်တိုင်းရင်းသားတွေအကြောင်း ပုံဖော်ထားတဲ့ ပန်းချီကားတွေလည်း ဒီပွဲတော်မှာ တွေ့ရပါတယ်။ဒီနှစ်ကရင်နှစ်သစ်ကူးပွဲမှာ အရင်နှစ်တွေကထက် လူပိုပြီး စည်တယ်လို့ ဦးမန်းဖိုးစောက ပြောပါတယ်။

“လူအင်အားအနေနဲ့ကတော့ ကျနော်တို့ သောင်းဂဏန်းလောက် ချီလိမ့်မယ်လို့တော့ ထင်တယ်နော်။ လူကတော့ ကျနော်တို့ခန့်မှန်းလို့တောင်မရဘူး၊ လူပေါင်းက မြောက်များစွာ။ ကျနော်တို့ ကရင်တမျိုးသားတည်းမဟုတ်ဘူး တခြားတိုင်းရင်းသားတွေလည်းလာကြတယ် မနက်က။ ရခိုင်တွေရော နောက်တခါ ရှမ်းတွေရော ကျနော်တို့ တိုင်းရင်းသားတွေ၊ ဖိတ်ကြားထားတဲ့လူတွေရောက်လာကြတယ်။ ရောက်လာကြတဲ့အခါကျတော့ တော်တော်လေးကို ဒီနှစ်ပိုပြီးတော့ စီကားတယ်လို့ ကျနော်တော့ မြင်ပါတယ်။”

ဒီနှစ်ကူးပွဲတော်မှာ ကရင်လူမျိုးအပြား လာရောက် ဆင်နွဲကြသလို ဘိုးဘွားတွေ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေ ထင်ဟပ်ပေါ်လွင်စေတဲ့ အဝတ်အစားတွေ ၊ အသုံးအဆောင်တွေ၊ ကရင်လူမျိုးတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေဟာ ဒီပွဲထူးခြားချက်ဖြစ်တယ်လို့ ဒီပွဲလာရောက်တဲ့ သူတွေက ပြောပါတယ်။

“လုံး၀ ကြည်နူးပါတယ်။ တကယ် ကြည်နူးပါတယ်။ အဲဒီလို ကရင်အချင်းချင်းနှတ်ဆက်တာတွေကအစ လုံး၀ ကြည်နူးပါတယ်။ ပျော်လည်းပျော်မိပါတယ်။ ဒီပွဲမှာတော့ အဲဒီလို ရှေးဟောင်းပစ္စည်းလေးတွေပေါ့နော်၊ ဒီလို အလှအပလေးတွေပေါ့နော်။ ဟိုးတုန်းက ဝတ်ခဲ့တဲ့ ကရင် အဝတ်အစားလေးတွေ အဲဒါမျိုးလေးတွေ ပိုပြီးတော့ ထူးချားချက်တွေ တွေ့နေရပါတယ်။”

“ဒီပွဲက တနှစ်မှ တခါဆိုတော့ အရမ်းကို စိတ်လှုပ်ရှားတယ်။ တခါမှ မကြုံဖူးဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီကိုလာဖြစ်တာပေါ့နော်။ အရမ်းလည်းစိတ်ဝင်စားတဲ့အတွက် ဒီလိုမျိုးရှေးဟောင်းပစ္စည်းတွေကို တခါမှလည်း မတွေ့ဖူးဘူးပေါ့နော်။ ငယ်ငယ်ကဆိုရင် သိပ်ပြီးမမြင်ဘူးဖူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီဟာတွေကို အခုလို ခင်းကျင်းပြသထားတဲ့အတွက် အရမ်းကို စိတ်ဝင်စားတဲ့အတွက်လာကြည့်တာပါ။”

ဧရာဝတီတိုင်း ပန်းတနော်မြို့ကနေ လာတဲ့ ကရင်တိုင်းရင်းသား လူငယ် ကိုကျော်ဇင်စိုးနဲ့ မသက်မာလင်းတို့ ပြောဆိုသွားခဲ့တာပါ။

ဒီနှစ်ကူးပွဲတော်ကို နှစ်စဉ်လာရောက်ဖြစ်တဲ့ မနော်အေးအေးခိုင်ကတော့ ဒီနှစ်ကူးကစလို့ ကရင်တစ်မျိုးသားလုံး ငြိမ်းချမ်းဖို့ ဆန္ဒရှိနေတာပါ။

“နှစ်သစ်ကူး အနေနဲ့ကတော့ ကျမတို့ ကရင်လူမျိုးအားလုံး ငြိမ်းချမ်းပါစေလို့”

ရန်ကုန်မြို့မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ မနက်အစောပိုင်းမှာ အလံတင် အခမ်းအနားကျင်းပခဲ့သလို ရန်ကုန်တိုင်းက ကရင့်ရေးရာဝန်ကြီးကလည်း အမှာစကားပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ကလည်း ဘားအံမြို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးအခမ်းအနား တတ်ရောက်ခဲ့တာပါ။ ကရင်လူမျိုးတွေရဲ့ ဘဝဓလေ့နဲ့ ကိုက်ညီတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ချစ်မြတ်နိုးပြီးတော့ ထိန်းသိမ်းတတ်ဖို့ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပသွားမယ်လို့ ကရင်တိုင်းရင်းသားတွေက ဆိုနေကြပါတယ်။

XS
SM
MD
LG