သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်တပ်ပေါင်းစည်းမှု ကရင်လူမှုအဖွဲ့တွေ ထောက်ခံ


၂၀၁၂ ၊ ဇန်နဝါရီလအတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ KNU ခေါင်းဆောင်များ။
၂၀၁၂ ၊ ဇန်နဝါရီလအတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ KNU ခေါင်းဆောင်များ။

နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တော်လှန်ရေးလုပ်လာတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး နီးကပ်လာချိန်မှာ ကရင်လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် ကရင်အဖွဲ့အစည်းတွေက ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ပေါင်းစည်းမှုကို ထောက်ခံကြောင်း သဘောထား ကြေညာချက်တွေထုတ်ပြန်လာသလို တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုဖြစ်တဲ့ UNFC ကနေ ခွဲမထွက်ဖို့ တောင်းဆိုလာကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မကြာခင် ကျင်းပဖို့ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးမှာ ကရင်ခေါင်းဆောင်တွေကြား အမြင်ကွဲလွဲမှုတွေကို ဆွေးနွေးကြဖို့က အဓိက အကြောင်းအချက်လို ဖြစ်လာတာပါ။ ကရင်လက်နက်ကိုင်တွေကို ကရင်လူထုအခြေပြုအဖွဲ့အစည်းတွေကလည်း ကရင်လူထုရဲ့ ဆန္ဒသဘောထားတွေကို လေးစားလိုက်နာဖို့ တင်ပြတောင်းဆိုမှုတွေလည်း လုပ်လာပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ ကရင်အမျိုးသမီး အဖွဲ့ ၃ ဖွဲ့ကနေ ကရင်လက်နက်ကိုင်တွေ ပေါင်းစည်းတာကို ကြိုဆိုကြောင်း ပြောထားပါတယ်။ အမျိုးသမီးအဖွဲ့ဝင်အင်အား ၄ သောင်းခွဲခန့်ရှိတဲ့ ကရင် အမျိုးသမီးအစည်းအရုံးက နော်စီးယိုဖောကတော့ ငြိမ်းချမ်းရေးလုပ်နေတဲ့ကာလမှာ ညီညွတ်ရေးဟာ အရေးကြီးတဲ့အကြောင်း အခုလို ပြောပြပါတယ်။

“ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ကာလမှာ အထူးသဖြင့်ကျမတို့ ကရင်လူမျိုးတွေအားလုံး စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေမယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမတို့ ကရင်လူမျိုးအတွက်လည်း အရေးကြီးတယ်၊ တကယ်လည်း လိုအပ်ပါတယ်။ ဝမ်းလည်းသာတယ်၊ ကြိုလည်း ကြိုဆိုပါတယ်။ ကျမတို့ ကရင်လက်နက်ကိုင်တွေအားလုံး တစုတစည်းတည်း ရှိဖို့နဲ့ ပူးပေါင်းပါဝင်မှုရှိမှ ဒီငြိမ်းချမ်းရေးလုပ်ဆောင်နေတာတွေကို အထောက်အကူဖြစ်စေပါတယ်။”

ပြည်တွင်း အခြေစိုက် KAREN WOMEN Union က နော်အုန်းလှကတော့ ပြည်တွင်းစစ်အတွင်းမှာ ကရင်အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ကြုံရတဲ့အတွက် ကရင်လက်နက်ကိုင်တွေ ညီညွတ်မယ်ဆိုရင် ကရင်အမျိုးသမီးတွေကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။

“အကွဲကွဲအပြားပြားဖြစ်နေတာကို ပြန်ပေါင်းစည်းစေချင်တာက အားလုံးရဲ့ဆန္ဒပဲ။ ဒါ ကရင်လူထုရဲ့ဆန္ဒလည်းဖြစ်တယ်။ ဖြစ်ပျက်နေတာတွေက တိုက်ပွဲဖြစ်တဲ့ နေရာတိုင်းမှာက အမျိုးသမီးတွေအားလုံးက အဓမ္မနဲ့ အကြမ်းဖက်ခံရမှုက စစ်တပ်က အများဆုံး ကျူးလွန်တာဖြစ်တယ်။ လက်နက်ကိုင်အချင်းချင်းတွေမှာ သိပ်မဖြစ်ဘူးလို့ - ကျမတို့ သိသလောက်ပေါ့နော်။ ရှိတယ်၊ ဒါပေမယ့် နည်းပါးတယ်။ အများစုက စစ်တပ်ကဖြစ်တဲ့အတွက် ဒါကို ကရင်ဒေသမှာ လက်နက်ကိုင်တွေ ပေါင်းစည်းရင် ကာကွယ်မှုတခုအနေနဲ့ရနိုင်တယ်လို့ မျှော်လင့်တဲ့အထဲမှာ ပါပါတယ်ရှင့်။”

၁၉၄၉ ခုနှစ်ကတည်းက ဖွဲ့စည်းထားတဲ့အမည်ကို ပြန်ယူပြီး KAF လိုခေါ်တဲ့ ကော်သူလေးတပ်မတော်ဆိုတာကို ကရင်လက်နက်ကိုင် ၄ ဖွဲ့က မကြာခင်ကပဲ ပြန်လည် စုစည်းပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒီလို ဖွဲ့စည်းမှုကို နိုင်ငံတကာအသီးသီးမှာရှိတဲ့ နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံးက ထောက်ခံခဲ့ပြီး ကေအဲန်ယူအနေနဲ့လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ - UNFC ကနေ ခွဲမထွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါဟာ အာရှ-ပစိဖိတ်နဲ့ ဥရောပရောက် ကရင်တွေ၊ အမေရိကန်နဲ့ ကနေဒါရောက် ကရင်လူမျိုးတွေ ပါဝင်တဲ့ နိုင်ငံတကာ အမျိုးသားအစည်းအရုံး (IKO) က တောင်းဆိုလိုက်တာဖြစ်ပြီး ကရင်ခေါင်းဆောင်တွေအနေနဲ့ မရှောင်လွဲှအပ်တဲ့ သမိုးပေးတာဝန်အဖြစ် ပါဝင်ကြဖို့လည်း တောင်းဆိုထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ အဖွဲ့ပေါင်း ၇၅ ဖွဲ့ ပါဝင်တဲ့ ကရင်ပြည်သူ ဖိုရမ်ကို ကရင်ပြည်နယ်မှာ ၂ ရက်ကြာ ကျင်းပခဲ့ပြီး ကရင်လက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုထက် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်ကို ဦးစားပေးဖို့ တောင်းဆိုထားပါတယ်။ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှု မရှိသေးတဲ့နေရာတွေမှာ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင် ဒေသခံ လူထုရဲ့သဘောထားကို ရယူဖို့ ကရင်ပြည်နယ် ပြည်သူ့ဖိုရမ်ကနေ အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက ကရင်လူထုရဲ့သဘောထားတွေကို ကရင်လက်နက်ကိုင်တွေဆီ လိပ်မူပြီးပေးပို့ထားချက်မှာတော့ ကရင် နယ်ခြားစောင့် တပ်တွေ အပါအဝင် ကရင်လက်နက်ကိုင်တပ်တွေကို ညီညွတ်ကြဖို့ တရားဝင်တောင်းဆိုခဲ့ပါတယ်။ ၁၈ နှစ်ကြာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေမှုကြောင့် မိဘမဲ့ဖြစ်ရသူတွေ၊ မုဆိုးမတွေ၊ ဒုက္ခိတဖြစ်ရသူတွေ၊ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေရသူတွေ ဖြစ်လာရကြောင်း၊ ပြည်သူတွေရဲ့ဒုက္ခဟာ ကရင်ခေါင်းဆောင်တွေရဲ့ မညီညွတ်မှု အနိဌာရုံအဖြစ် ကရင်လူထုက ပြောဆိုထားပါတယ်။ မကြာခင်ကျင်းပမယ့် ကရင့်အမျိုးသား အစည်းအရုံးရဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးမှာ UNFC ကနေ မနုတ်ထွက်ရေး အားသာမှုတွေ ဖြစ်လာနိုင်ပြီး ကော်သူးလေတပ်မတော်ကိစ္စကတော့ နှစ်ဘက် အခြေအတင် ဆွေးနွေးမှုတွေ ဖြစ်လာနိုင်မယ်လို့ ယူဆကြောင်း ကရင်ခေါင်းဆောင်တွေကြားမှာ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG