သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာဒုက္ခသည်တွေ ဌာနေပြန်ဖို့ မျှော်လင့် 


ထိုင်းရောက် ကရင်ဒုက္ခသည်များ
ထိုင်းရောက် ကရင်ဒုက္ခသည်များ

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ် တက်လာပြီး တပါတ်လောက် အတွင်းမှာပဲ နိုင်ငံရေး ကျဉ်းသား တော်များများ ပြန်လွတ်လာ တာလို အပြောင်းအလဲတွေ တွေ့လာရတာမို့ ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခိုလုံနေရတဲ့ ဒုက္ခသည်တွေ ကလည်း သူတို့အရေးကို အမြန်ဆုံး ဖြေရှင်းပေးဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပိုထားပါတယ် ။

ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလုံနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်က တသိန်းခွဲလောက် ရှိနေတာပါ။ အများစုက မြန်မာနိုင်ငံကို ပြန်ချင်နေကြပြီလို့ ကရင်ဒုက္ခသည်ကော်မတီက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ ကျနော်တို့ဒီမှာက နေလာတာလည်းကြာပြီ။ အိမ်ရှင်ကိုလည်း ကျနော်တို့အားနာလာပြီ။ နောက်ပြီးတော့ ကျနော်တို့ Future ကလည်း ဒီအထဲမှာမရှိဘူးလေ အဲဒါကြောင့်မို့လို့။”

နေရပ်ရင်းကိုပြန်လာဖို့အတွက် အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ခေါ်ခဲ့ပေမဲ့ ပြန်ရင် ရင်ဆိုင်ရမယ့် ပြဿနာတွေကို ကြောက်နေကြတဲ့အတွက် ဒုက္ခသည်အများစုက မပြန်ခဲ့ကြဘူးလို့လည်း ပြောပါတယ်။

“ဒီ conflict ထဲမှာ ကျနော်တို့က သားကောင်တွေပဲလေ။ အဲဒီတော့ conflict ကိုစတဲ့လူမပြောနဲ့ ဒီ conflict မှာပါတဲ့လူတွေက conflict ကို ချုပ်ငြိမ်းမှ၊ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှ ကျနော်တို့ရဲ့ လုံခြုံရေး၊ ကျနော်တို့ရဲ့ ရှေ့ဆက်ရပ်တည်ရေးကို ကျနော်တို့ရနိုင်မှာဖြစ်တာပေါ့ ဟုတ်တယ်မလား။ ဥပမာ ကျနော်တို့ပြန်တယ်ဗျာ နောက်ထပ် တိုက်ပွဲကြီးစဖြစ်လာရင် ထပ်ပြေးလာမယ်ဆိုရင် ဒါရေရှည်ခံတဲ့အကျိုး အဖြေတခုမဟုတ်ဘူး။ ပြန်ကြည့်မယ်ဆိုရင် dignity ပိုင်းမှာ ကျနော်တို့ကို အသိအမှတ်မပြုဘူး။ ပြန်လို့ရှိရင် သူပုန်ပြည်ကသူတွေပြန်လာတယ်ဆိုရင် ကျနော်တို့ဘယ်မှာ မျက်နှာသွားထားမလဲ ဟုတ်တယ်မလား။ ကဲကောင်းပြီ ကျနော်တို့ပြန်တယ်ဆိုရင် ဘယ်လို ပြန်လည်ထူထောင်တာမျိုးတွေလုပ်မလဲ၊ ကျနော်တို့ရဲ့ မြေယာပြဿနာတွေဘယ်လိုလုပ်မလဲ။ ကျနော်တို့ livelihood တွေဘယ်လိုလုပ်မလဲ၊ ဒီဟာတွေကို ဘယ်သူအာမခံချက်ပေးနိုင်မလဲ။ ဆိုတော့ သူတို့ကလည်း ဟိုမှာ ပြဿ နာတွေအများကြီးရှိတဲ့အပေါ်မှာ ကျနော်တို့ရဲ့ issue ကို အမြန်အဆန်မလုပ်ပဲနဲ့ ဖြေးဖြေးနဲ့ တိတိကျကျဖြစ်ဖို့အရးကြီးတယ်လေနော်။”

ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အဆိုးမြင်မူတွေကို သင်ကြားနေတာတွေ့ရတာမို့ စိုးရိမ်မှုတွေ ရှိနေတာမို့ အခု အသစ်တက်လာတဲ့အစိုးရ အနေနဲ့ ဘယ်လို ဖြေရှင်းပေးမယ် ဆိုတာကို သိချင်နေကြတဲ့ အပြင် သူတို့ ဘဝ ရပ်တည် ရှင်သန်ရေးအတွက် အစီအစဉ်တွေ ကို သိချင်နေကြတယ်လို့လည်း ပြောပါတယ်။

“ဥပမာ ကျနော်တို့ပြန်တယ်ဆိုရင် ကျနော်တို့ရဲ့ skill တွေကို အသိအမှတ်ပြုပေးနိုင်မလား။ မှတ်ပုံတင်ပြန်ပေးမလား။ ကျနော်တို့က ကရင်တွေကြီးပဲရှိတာမဟုတ်ဘူး။ မူဆလင်တွေလည်းရှိတယ် ဒီလိုဟာမျိုးတွေလည်း ကျနော်တို့ထားခဲ့လို့သင့်မလား။ အရင်အစိုးရက ကျနော်တို့ကို သူပုန် သားသမီး၊ ဆွေမျိုးတွေ လို့သတ်မှတ်ထားတယ်မလား။ အခုအဲလိုမျိုးတွေရှိနေသေးလား။ အထက်တန်းကျောင်းမှာလည်း သူတို့မြန်မာ့သမိုင်းမှာလည်း ယနေ့အထိသင်တုန်းပဲလေ။ ယိုးဒယားဘက်မှာရောက်နေတဲ့ ဒုက္ခသည်တွေက သူပုန်တွေကို ထောက်ခံတဲ့ အုပ်စုရှိတယ်ဆိုတာ။ NLD အစိုးရ အခုသမ္မတရဲ့ အစိုးရကလည်း ကျနော်တို့ကို ဘယ်လိုသဘောထားသေးလဲဆိုတာ။ ကျနော်တို့ က အတွင်းကဟာပဲ သိချင်တာလေ။။”

ပြီးခဲ့တဲ့အစိုးရလက်ထက်က ရန်ကုန် UNHCR ကိုယ်စားလှယ်တွေကတော့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်တဲ့အခါမှာ တဦးချင်းပြန်မလား အုပ်စုလိုက်ပြန်မလား ဆိုတဲ့သဘောထားတွေကို မေးမြန်းခဲ့သလို ဘာတွေပြင်ဆင်ပေးရမလဲဆိုတဲ့ အခြေအနေတွေကို ပါ မေးမြန်းခဲ့ပါတယ်။

အဲဒီတုန်းက ဒုက္ခသည်တွေဘက်က ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်တွေအပေါ် ချမှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့အညီနေရပ်ရင်းကို ပြန်လိုတယ် လို့ပြောဆိုခဲ့ကြဖူးပါတယ် ။

ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည် စခန်း ၉ ခု ရှိပြီး ဒုက္ခသည် တသိန်းခွဲခန့်ခိုလုံနေထိုင်နေကြပါတယ်။

ဒီဒုက္ခသည် အရေးကိစ္စဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နယ်စပ်ရေးရာမှာ တာဝန်ယူနေတဲ့ ဝန်ကြီးဌာနတွေ နဲ့လည်းသက်ဆိုင်တာမို့ အစိုရသစ် အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပြီးမှာသာအဆင်ပြေနိုင်မယ်လို့ လည်း ဒုက္ခသည်တွေကယူဆနေကြတာပါ။

အမျိုသားဒီမိုကရေစီအဖွဲချုပ်က ပြီးခဲ့တဲ့နိုဝင်ဘာရွေးကောက်ပွဲမှာအနိုင်ရပြီးတဲ့နောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း အဓိကထားလုပ်ဆောင်မယ်လို့ ပြောဆိုထားတာမို့ အမြန်ဆုံး ဖြစ်လာဖို့ တော့ မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG