သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းကုန်းမှာ လုံခြုံရေးတိုးမြှင့်


ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်း ဖက်မှုတွေ စနေနေ့ညက ဖြစ်ပွားခဲ့ပြီး အိမ်တချို့ ဖျက်ဆီးခံခဲ့ရတာကြောင့် အခြေ အနေကို ထိန်းသိမ်းတဲ့အနေနဲ့ အာဏာပိုင်တွေက အခုအခါ လုံခြုံရေး တိုးမြှင့်ချ ထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောင်းကုန်း ဒေသခံ မူဆလင်အမျိုးသားတစ်ဦးကနေ မြန်မာမိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့ တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် အခုလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ ကျောင်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း ဗွီအိုအေကို ပြောပြပါတယ်။ လောလောဆယ်မှာတော့ ရဲရော စစ်တပ်ကပါ လုံခြုံရေး တင်းတင်းကျပ်ကျပ် ယူထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းက ဆက်သွယ်စုံစမ်းတင်ပြပေးထားပါတယ်။

အောက်တိုဘာလ ၅ ရက် စနေနေ့ညနေက ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ ဒေသခံ မူဆလင် အမျိုးသားတစ်ဦးကနေ အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ရဲစခန်းကို သွားရောက် တိုင်ကြားရာ ကနေ တဖြည်းဖြည်း သတင်းပျံ့နှံ့ခဲ့ပြီး အခုလို လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှု စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ကျောင်းကုန်းရဲစခန်းက ဒီအမှုကို စစ်ဆေးနေချိန်မှာပဲ ရာနဲ့ချီတဲ့ လူတွေက အစောပိုင်းမှာ ရဲစခန်းရှေ့ စုဝေးခဲ့ကြပြီး နောက်ပိုင်းမှ အဲ့ဒီမူဆလင် အမျိုးသားရဲ့ နေအိမ်အပါအဝင် အိမ်တချို့ကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ၈၈ မျိုးဆက်အဖွဲ့မှ ကိုမျိုးနိုင်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

“မြို့ခံတွေလည်းပါတယ်၊ လူကြီးတွေလည်းပါတယ်၊ ကျေးရွာကနေပြီး တို့ဗမာ အမျိုးသမီးကို ထိရင် မခံဘူးကွ-ဆိုပြီး အော်ပြီးတက်လာတဲ့သူတွေလည်း ပါတယ်။ တချို့က ဓားတွေ၊ တုတ်တွေပါတယ်။အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ကလည်း တားပါတယ်။ ၈၈-ကလည်း တားတယ်။ လွှတ်တော်အမတ်တွေ ကလည်း တားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း တားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း တားတယ်။ တားလို့ ဘယ်လိုမှ မရဘူး။ လူအုပ်ကနေပြီး အုန်းအုန်း..အုန်း..အုန်းနဲ့ ဖျက်ကြတယ်။ အဲဒီ ကိုလှဝင်းရဲ့အိမ်ကို ဖျက်ကြတယ်။ သူ့ညီရဲ့အိမ်ကို ဖျက်တယ်။ သူ့ညီမအိမ်ကိုဖျက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျောင်းကုန်းရဲစခန်းက ရောက်လာတယ်။ ရဲဘော်အင်အားရော၊ အရာရှိအင်အားရော ၁၅ ယောက်လောက် ရှိမယ်။ ရောက်လာပြီးတားတယ်။ ‘မင်းတို့ မလုပ်ကြနဲ့-လူစုခွဲကြ’..နဲ့တားတယ်။ လူစုက ဘယ်လိုမှ ခွဲမရဘူး။ အုန်းအုန်း..အုန်း..အုန်းဖြစ်နေတယ်။ အဲဒီအချိန်မှာ သစ်ဆိမ့်ကုန်း ဆရာတော် ဘုရားကြီးရယ်၊ မော်--- ဆရာတော်ဘုရားကြီးရယ် ရောက်လာပြီးတော့ လူထုကို ထိန်းသွားတယ်ပေါ့။ ဆရာတော်တွေစကားနားထောင်ပြီး လူစုတော့ ကွဲသွားတယ်။”

ဒီအကြမ်းဖက်မှု အဓိကရုဏ်းနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောပါတယ်။ တိုင်ကြားခံရသူ မူဆလင်အမျိုးသားကို တော့ ကျောင်းကုန်းရဲစခန်းကနေ ပုသိမ်ကို လွှဲပြောင်းပေးလိုက်ပြီဖြစ်တဲ့အကြောင်းနဲ့ အခုလောလောဆယ် အာဏာပိုင်တွေအနေနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင်လို့ လုံခြုံရေးအင်အားကို တိုးမြှင့်ချတယ်လို့ လည်း ဦးသိန်းနိုင်က အခုလို ပြောပြပါတယ်။

“အခုဆို အေးအေးချမ်းချမ်းပါပဲ။ ထိခိုက်ဒဏ်ရာရတာ ဘာမှ မရှိဘူး။ အခုလောလောဆယ်မှာ ရဲအင်အားဆိုလို့ရှိရင် ၁၀၀ ကျော်လောက်ရှိတယ်။ လုံခြုံရေးယူထားတာ၊ တပ်ကလည်း ၃၀ လောက်ရှိတယ်။ တပ်ရင်းတပ်ဖွဲ့မှူးရော၊ နောက်တခါ ခရိုင်အုပ်ချုပ်ရေးမှူးတို့- ဒိပြင် ခရိုင်ရဲတပ်ဖွဲ့မှူးတွေ သုံး-လေးယောက်လောက်ပါတယ်။ ရဲအင်အား ၈၀ လောက်နဲ့ အခုထက်ထိ လုံခြုံရေး အခိုင်အမာ ချထားတုန်းပဲ။ ..ဆိုတော့ သိပ်တော့ ညက ဘာမှ မဖြစ်သလို ဒီနေ့တော့လည်း မဖြစ်ဘူးထင်တာပဲပေါ့ဗျာ။ ကျနော်တို့တွေကလည်း တတ်နိုင်သလောက်တော့ ဝိုင်းပြီး မြို့မိ မြို့ဖတွေကလည်း ဝိုင်းထိန်းကြရမှာပေါ့။ တရားခံနဲ့ပတ်သက်လို့ကတော့ ဥပဒေကြောင်းအရ သူ့ကိုတော့ အရေးယူမယ်ပေါ့။ မနေ့ကတည်းက အာဏာပိုင်အဖွဲ့အစည်းက ဖမ်းပြီးတော့ ပုသိမ်ကို ပို့ပြီးပြီ။ ဒါကလည်း ဥပဒေနဲ့အညီဖြစ်အောင် မှန်မှန်ကန်ကန် အရေးယူ ဆောင်ရွက်မှာပါ။”

မေး။ ။ ကျမ နောက်ဆုံးသိချင်တာက တချို့အိမ်တွေ အဖျက်ခံရတယ်ဆိုတော့ အဲဒီ အိမ်တွေ ဖျက်တဲ့သူတွေကိုရော အာဏာပိုင်တွေဘက်က အရေးယူဖို့ အစီအစဉ်တွေ ရှိပါလားရှင့်။

“အဲဒါကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စည်းကမ်းဥပဒေနဲ့ ညီအောင်လုပ်ဖို့ သူတို့မှာ အစီအစဉ်ရှိပါတယ်။ လောလောဆယ်မှာတော့ ငြိမ်သွားအောင် လိုက်ထိန်းတဲ့ သဘောမှာရှိတယ်။”

ဒီအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းကုန်းရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အခြေအနေတွေဟာ လောလောဆယ် တည်ငြိမ်နေတယ်ဆိုပေမဲ့ ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပြီး သတိထား သွားလာနေကြ တယ်လို့ ကျောင်းကုန်းဒေသခံ ၈၈ မျိုးဆက်အဖွဲ့က ကိုမျိုးနိုင်ဝင်း က အခုလို ပြောပါတယ်။

“အခုက ဘယ်လိုပုံစံဖြစ်နေလဲဆိုတော့ မြို့က ခြောက်ကပ်နေတယ်။ ဆိုင်တွေ၊ ဈေးတွေပိတ်ကုန်ပြီ။ သတိထားနေရတဲ့အနေအထားမှာ ရှိသေးတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ သွေးထွက်သံယို ဆူပူအကြမ်းဖက်မှုတွေ ဒီပဋိပက္ခအတွင်း ထိခိုက်သေဆုံးမှုတွေ၊ နေအိမ် အဆောက်အဦးတွေ၊ ဗလီတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတွေ ကိုလည်း တိုးမြှင့်ချထားခဲ့တာပါ။ အခြေအနေတွေ အခုအခါ ပြန်လည် တည်ငြိမ်စပြုလာနေပြီလို့ ဆိုပေမဲ့လည်း ဒေသခံတွေကြားမှာတော့ လုံခြုံရေးအတွက် စိုးရိမ်ပူပမ်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီး ဌာနကတော့ လူ ၅ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး၊ ဒီပဋိပက္ခနဲ့ဆက်စပ်ပြီးတော့ မင်္သကာသူ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄၄ ဦးကို သံတွဲရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့ကနေ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG