သုံးရလွယ်ကူစေသည့် Link များ

သံအမတ် Kennedy အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု ဂျပန်အစိုးရစုံစမ်း


ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Caroline Kennedy နဲ့ အိုကီနာဝါကျွန်းဆိုင်ရာ အမေရိကန် ကောင်စစ်ဝန်ချုပ် Alfred Magleby တို့ကို လုပ်ကြံ သတ်ဖြတ်ဖို့ ခြိမ်းခြောက်ထားမှုတွေကို စုံစမ်း စစ်ဆေးနေကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်သံရုံးကို ဖုန်းနဲ့ခေါ်ပြီး အဲဒီလို ခြိမ်းခြောက်ခဲ့တာဖြစ်ကြောင်း ဂျပန်ရဲအရာရှိတွေ ပြောတာကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘာကြောင့် အခုလို ခြိမ်းခြောက်တယ်ဆိုတာတော့ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

အမေရိကန် သံတမန်တွေအပေါ် ခြိမ်းခြောက်လာသမျှကို အထူး အလေးထား ဆောင်းရွက်ကြောင်း၊ သံတမန်တွေကို ကာကွယ်ပေးဖို့အတွက် အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေကြောင်း၊ လိုအပ်တဲ့ ကာကွယ်မှုတွေ ပေးနိုင်ဖို့ ဂျပန်အစိုးရနဲ့ တိုင်ပင် ဆောင်ရွက်နေကြောင်း၊ ဘယ်လို ခြိမ်းခြောက်မှုမျိုး ဖြစ်တယ်၊ ဘာတွေကို ဆောင်ရွက်နေတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်မှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတဝှမ်း မိန်းကလေး သန်းပေါင်းများစွာ ပညာသင်ကြားခွင့် ရရှိရေး ထောက်ခံအားပေးဖို့ ဆောင်ရွက်နေတဲ့ အမေရိကန်သမ္မတကတော် Michelle Obama ဂျပန်နိုင်ငံကို ရောက်လာတဲ့အချိန်မှာပဲ ဒီ ခြိမ်းခြောက်မှု ထွက်လာတာပါ။ အခုလ အစောပိုင်းတုန်းက တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mark Lippert ကို ဓားနဲ့ ဝင်ရောက် တိုက်ခိုက်အပြီး အခုလို ခြိမ်းခြောက်မှု ထွက်လာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကို ပို့လိုက်တဲ့ စာထဲမှာ Cyanide လို့ခေါ်တဲ့ လူသေစေနိုင်တဲ့ အဆိပ်တွေ ပါနေတာကို တွေ့ရကြောင်း အမေရိကန်သမ္မတ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG