သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ အရှေ့အလယ်ပိုင်းနဲ့ အာရှခရီးစဉ် စတင်


နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လေယာဉ်ပေါ်မှာ သတင်းထောက်များကို စကားပြောနေစဉ်။ (ဧပြီလ ၆ ရက်၊ ၂၀၁၃)။
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လေယာဉ်ပေါ်မှာ သတင်းထောက်များကို စကားပြောနေစဉ်။ (ဧပြီလ ၆ ရက်၊ ၂၀၁၃)။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ရှေ့အပတ်မှာ အာရှတိုက်ကိုဝင်မယ့် ခရီးစဉ်အပါအဝင်၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပတိုက်ကိုပါဝင်မယ့် သူ့ရဲ့ ၆ နိုင်ငံခရီးစဉ်ကို မနေ့က စနေ့က စတင်လိုက်ပါပြီ။ မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားကို နျူကလီးယားလက်နက်တွေနဲ့ တိုက်ခိုက်မယ်လို့ မကြာခင်ကခြိမ်းခြောက်အပြီးမှာ ဖြစ်လာတဲ့ သူ့ရဲ့ဒီခရီးစဉ်ထဲမှာ မြောက်ကိုရီးယားပြဿနာ၊ ဆီရီးယားပြဿနာနဲ့ အရှေ့အလယ်ပိုင်း ပြဿနာတွေက ကြီးစိုးနေမှာဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံးရောက်မယ့် တူရကီနိုင်ငံမှာ တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan နဲ့ ဒီနေ့တနင်္ဂနွေမှာ တွေဆုံပြီး၊ လူသောင်းပေါင်းများစွာ သေဆုံးနေရတဲ့ ဆီရီးယား ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒုတိယဝင်ရောက်မယ့် ခရီးစဉ်မှာတော့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဂျေရုစလင်မြို့တော်မှာတွေ့ဆုံပြီး၊ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းမှာလည်း ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့တွေ့ဆုံကာ၊ နှစ်ဘက်အကြား ယုံကြည်မှုတည်ဆောင်နိုင်ပြီး ကာလကြာရှည်ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေပြန်စနိုင်ဖို့ အားပေးကြိုးပမ်းသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

တတိယဝင်ရောက်မယ့် လန်ဒန်မြို့မှာလည်း ဒီနှစ်ဆန်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့ မစ္စတာကယ်ရီ အနေနဲ့ G-8 ခေါ် စက်မှုအင်အားကြီး ၈ နိုင်ငံဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပြီး၊ အဲ့ဒီနောက်မှာတော့ ရှေ့အပတ်ထဲမှာ တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေကို သူ့ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် ဝင်ရောက်မှာ ဖြစ်ပါတယ်။

အာရှတိုက်ခရီးစဉ်ထဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေကို စစ်ရေးအရ ရင်ဆိုင်နိုင်ဖို့ နျူကလီးယားတပ် လေယာဉ်တွေနဲ့ မစ်ဇိုင်းဖျက်လက်နက်တွေ အာရှတိုက်မှာ တိုးချဲ့ချထားပြင်ဆင်တာတွေအပြီးမှာ၊ သံတမန်ရေးအရ အဖြေရဖို့ ဆောင်ရွက်နိုင်တာတွေကိုလည်း အဓိက တိုင်ပင်ဆွေးနွေးနိုင်ဖို့ ခန့်မှန်းထားကြပါတယ်။
ဝန်ကြီး ကယ်ရီ အနေနဲ့ နောက်ဆုံးဝင်ရောက်မယ့် ဂျပန်ခရီးစဉ်အပြီးမှာ ဝါရှင်တန်ကို ဧပြီလ ၁၅ ရက်နေ့မှာ ပြန်ရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG