သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ တိုးတက်မှုအဖြစ် ဝန်ကြီးကယ်ရီ ရှုမြင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဂျပန်နိုင်ငံ တိုကျိုစက်မှုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ် (၁၅ ဧပြီ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဂျပန်နိုင်ငံ တိုကျိုစက်မှုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ် (၁၅ ဧပြီ ၂၀၁၃)
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာအစိုးရတို့ လက်တွဲပြီး ဆောင်ရွက်နေတဲ့အပေါ် အားရကျေနပ်မိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။

ဆယ်စုနှစ် ၂ ခုလောက် ထိန်းသိမ်းခံရာက လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ အရင်က စစ်တပ်အရာရှိတွေ ပါဝင်ဖွဲ့စည်းထားတဲ့ လွှတ်တော်တို့ အတူလက်တွဲ လုပ်ကိုင်နေကြတာကို တွေ့ရတဲ့အကြောင်း၊ အာရှ ၃ နိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့အဖြစ် ဂျပန်နိုင်ငံမှာ ရောက်ရှိနေစဉ် ဝန်ကြီး ကယ်ရီ က ပြောဆိုလိုက်တာပါ။

ဒီကနေ့ မြန်မာနိုင်ငံ ဦးတည်လျှောက်လှမ်းနေပြီဖြစ်တဲ့ ဒီမိုကရေစီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆိုရင် စိတ်ကူးယဉ် တွေးကြည့်လို့တောင် မရနိုင်တဲ့ ဖြစ်ရပ်လို့လည်း တိုကျိုစက်မှုတက္ကသိုလ်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုကိစ္စတွေကို ဆွေးနွေး အဖြေရှာ နိုင်ဖို့အတွက် အာရှဒေသ ၃ နိုင်ငံခရီး သွားရောက်နေရာမှာ နောက်ဆုံးအဖြစ်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတာပါ။

ဂျပန်နိုင်ငံမတိုင်ခင် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အစမှာ တုန်းကတော့ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံမှာ ကျရောက်တဲ့ အတာသင်္ကြန် ကာလအတွက် ဝန်ကြီး ကယ်ရီ က နှုတ်ခွန်းဆက် အမှာစကား ပါးခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG