သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစိုးရအသုံးစရိတ် ဖြတ်တောက်မှု နိုင်ငံခြားရေး မူဝါဒကို ထိခိုက်နိုင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ
မတ်လ ၁ ရက်နေ့မှာ အစိုးရ ဘတ်ဂျက် အသုံးစရိတ် အလိုအလျောက် ဖြတ်တောက်ခံရနိုင်တဲ့ အခြေအနေက အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒကိုရော၊ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု အပိုင်းတွေမှာပါ ထိခိုက်စေနိုင်ပြီ ကမ္ဘာပေါ်က အမေရိကန်ရဲ့ တည်ရှိမှုကို အားလျော့ သွားစေနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က သတိပေး ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် စတင် တာဝန်ယူပြီးတဲ့နောက် ပထမဆုံး လူထုကိုပြောကြားတဲ့ သူ့ရဲ့ မိန့်ခွန်းအတွင်း မစ္စတာ ကယ်ရီ က အခုလို ပြောသွားတာပါ။ ဗွီအိုအေ သတင်းထောက် စကော့ စတန်း (Scott Stearns) ပေးပို့ထားတဲ့ သတင်းကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံအနေနဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေမှာ ရင်းနှီး မြှုပ်နှံမှုအား အတော်အသင့် နည်းလွန်းတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီ က ပြောလိုက်ပြီးတော့ အမေရိကန်ရဲ့ မူဝါဒတွေဟာ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် ရှေ့ရှုတဲ့ မူဝါဒတွေ ဖြစ်တယ်၊ နိုင်ငံခြားဈေးကွက်မှာ အမေရိကန် ကုမ္ပဏီတွေ ယှဉ်ပြိုင် လုပ်ကိုင်နိုင်ဖို့အတွက် ကူညီအားပေးတဲ့ မူဝါဒတွေ ဖြစ်တယ်လို့လည်း မစ္စတာ ကယ်ရီ က ဆိုပါတယ်။

“နိုင်ငံရပ်ခြား အကူအညီ ဆိုတာဟာ အလကား လက်ဆောင် ပေးလိုက်တာမျိုး မဟုတ်သလို အလှူပေးတာလည်း မဟုတ်ပါဘူး။ ခိုင်မာတောင့်တင်းတဲ့ အမေရိကန်နိုင်ငံတခု ဖြစ်ဖို့နဲ့ လွတ်လပ်တဲ့ ကမ္ဘာကြီး ဖြစ်လာစေဖို့အတွက် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ နိုင်ငံခြား အကူအညီက တခြားနိုင်ငံတွေ ဖွံ့ဖြိုး တိုးတက်အောင် ကူညီတာဖြစ်ပြီး ဘုံရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျနော်တို့နဲ့အတူ လက်တွဲ ဆောင်ရွက်လိုစိတ် ရှိအောင် တွန်းအားပေးတဲ့ သဘော ဖြစ်ပါတယ်။”

အမေရိကန် ရှေးဦး သမ္မတတွေထဲက တဦးဖြစ်တဲ့ သောမတ်စ် ဂျက်ဖာဆင် (Thomas Jefferson) တည်ထောင်ခဲ့တဲ့ ဗာဂျီးနီးယား တက္ကသိုလ်မှာ မစ္စတာ ကယ်ရီ နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူပြီး ပထမဆုံး ပြောကြားတဲ့ လူထုမိန့်ခွန်းမှာ အခုလို ပြောသွားတာပါ။

ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် ပေးဆပ်ရမယ့် တန်ဖိုးက အဆမတန် ကြီးပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ လစ်ဟာသွားတဲ့နေရာမှာ တခြားသူတွေက အလျင်အမြန် ဝင်ပြီး နေရာယူသွားမှာပဲ ဖြစ်တယ်လို့ မစ္စတာ ကယ်ရီက ဗာဂျီးနီးယား တက္ကသိုလ် ကျောင်းသူ
ကျောင်းသားတွေကို ပြောသွားခဲ့ပါတယ်။

“တချို့က ပြောကောင်း ပြောပါလိမ့်မယ်၊ ဒါက ခုချိန်မှာတော့ မမှန်ဘူး၊ ခုလို ဘတ်ဂျက် ပြဿနာ
ဖြစ်နေတဲ့ အချိန်မှာတော့ မဖြစ်နိုင်ဘူးလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါက ပေးဆပ်မှု သိပ်ကြီးတဲ့ကိစ္စပါ။ ဒါပေမဲ့ မိတ်ဆွေတို့ ကျနော်ပြောတာ ယုံပါ။ ဒီစိန်ခေါ်မှုတွေက ပိုပြီးတော့ လွယ်ကူသွားဖို့ ဆိုတာ မရှိပါဘူး။ အနာဂတ်မှာ ရပ်ထားလို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဘယ်အချိန်မှာ ရပ်ပစ်မယ်ဆိုတာကို ကျနော်တို့မှာ ရွေးချယ်ခွင့် မရှိသလို ကျနော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ တာဝန် ဝတ္တရားတွေကို ပြန်စလို့လည်း မရပါဘူး။ ပိုပြီးတော့ သက်တောင့် သက်သာရှိတဲ့ အချိန်စောင့်ပြီးမှ လုပ်မယ် ဆိုပြီးတော့လည်း လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။”

“Sequester” လို့ခေါ်တဲ့ အလိုအလျောက် အစိုးရ ဘတ်ဂျက် အသုံးစရိတ် ဖြတ်တောက်မှု မတ်လ ၁ ရက်နေ့မှာ အကျုံးဝင်မယ့် ကိစ္စဟာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ကွန်ဂရက် လွှတ်တော်ကြား ညှိနှိုင်းလို့ မရတဲ့ အခြေအနေ ရလဒ်ပဲ ဖြစ်ပါတယ်။

အစိုးရ အသုံးစရိတ် ဖြတ်တောက်မှုနဲ့ ပတ်သက်တဲ့ ရှုတ်ထွေးမှုတွေဟာ ငွေကြေး ဈေးကွက်မှာပါ မတည်ငြိမ်မှုတွေ ဖြစ်လာစေတယ်လို့ ဝန်ကြီး ကယ်ရီ က ပြောပါတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့
ခေါင်းဆောင်မှု ပြောင်းလဲနေတဲ့ ခေတ်ကာလမှာ အမေရိကန်ရဲ့ အလုပ်အကိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ အားကောင်းဖို့ အရေးကြီးတယ်လို့ ဝန်ကြီး ကယ်ရီ က ပြောပါတယ်။

“ကျနော်တို့ အားလုံး၊ နိုင်ငံတခု အနေနဲ့ အမျှော်အမြင် ရှိရပါလိမ့်မယ်။ ကျနော်တို့ရဲ့ ကလေးငယ်
တွေ၊ အဘိုးအဘွားတွေ၊ အားလုံးအတွက် တန်ဖိုး အရှိဆုံး ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ့် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားဖို့ သတ္တိခွန်အား ရှိရပါလိမ့်မယ်။ ပင်လယ်ရေ မြင့်တက်မှုကြောင့် ပျက်စီးသွားနိုင်တဲ့ သဘာ၀ ပတ်ဝန်းကျင်မျိုး၊ လူ့အသက်တွေ ဆုံးရှုံးရတဲ့ မုန်တိုင်းကြီးတွေ၊ မိုးခေါင် ရေရှားမှုတွေနဲ့ တခြားသော ရာသီဥတု ဆိုးဆိုးရွားရွား
ဖောက်ပြန်မှုတွေကြောင့် ပျက်စီးသွားရတဲ့ အခြေအနေမျိုး မဖြစ်ရပါဘူး။”

အဓိပ္ပါယ် မရှိတဲ့ အသုံးစရိတ် ဖြတ်တောက်မှုမျိုး မဖြစ်အောင် ကာကွယ်ဖို့ တာဝန်သိတဲ့ သဘောတူညီမှု တရပ် ချမှတ်နိုင်ဖို့လည်း မစ္စတာ ကယ်ရီ က တောင်းဆိုလိုက်ပါတယ်။ ဒါမှသာ အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံရေးကြောင့် ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတွေ ဆုံးရှုံးရတာမျိုး မဖြစ်တော့မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ဟာ သူ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ်နဲ့ ပထမဆုံး အကြိမ် နိုင်ငံခြား ခရီးစဉ်တွေကိုတော့ လာမယ့် သီတင်းပတ်ထဲမှာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း
ဒေသတွေကို သွားရောက်မှုနဲ့ စမှာဖြစ်ပါတယ်။

လာမယ့် လတွေအတွင်းမှာတော့ အာရှနဲ့ အာဖရိကနိုင်ငံတွေကိုလည်း သွားရောက်ဖို့ ရှိသလို
တောင်အမေရိက နိုင်ငံတွေကိုလည်း ခရီးတထောက် ဝင်ဦးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG